ချိုကုပ်ဒူးကြီးရဲ့ အာဆီယံစံ

ဖိုးရှုပ်။     ။ ဟား ပေါ်တော်မူ ဦးရုက္ခစိုးကြီး … ကြွပါခင်ဗျာ။ ကျနော်တို့က ဦးရုက္ခစိုးကြီး နတ်သက်များ ကြွေသွားပလားလို့။

ရုက္ခစိုး။     ။ ကြံကြံဖန်ဖန် နတ်သက်ကြွေစရာလားကွာ … မြန်မာပြည်က ၁၅ မိနစ် လွှတ်တော်ကြီးတောင် မပြီးသေးဘူး၊ မကြွေသေးဘူး စိတ်ချ။

cmnatကြွက်စုတ်။     ။ သိဘူးလေ … ဦးရုက္ခစိုးက ပြောတော့ ချင်းမိုင်ရုက္ခစိုးတဲ့။ ခြေမှာ ဗွေပါလာသလားမသိဘူး၊ ချင်းမိုင်မှာကို မမြင်ရဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ထိုင်နေကျ ချင်းမိုင်မြို့မှ မြန်မာထမင်းဆိုင်သို့ မလာသည်မှာ ကြာပြီဖြစ်သော ဦးရုက္ခစိုးကြီး ရောက်လာသဖြင့် ဝိုင်း အငေါ်တူးနေကြခြင်းဖြစ်သည်။

ရုက္ခစိုး။     ။ မဟုတ်ရပါဘူးကွာ ...။ နေပြည်တော်က လွှတ်တော်ကြီးကလည်း မပြီးသေးတာနဲ့ ဟိုမော့ ဒီမော့နဲ့ သောင်တင် နေလို့ပါကွ။

ဖိုးရှုပ်။     ။ ဘာများ မော့စရာရှိလို့လဲ ဦးရုက္ခစိုးရာ။ နေပူတော်ကြီးမှာ မော့နေရင် မျက်စိပဲ ကျိန်းတော့မှာပေါ့။ နေဒီလောက် ပူတဲ့ဥစ္စာ။

ရုက္ခစိုး။     ။ စကားအဖြစ် ပြောတာပါကွာ။ အခုတောင် မင်းတို့ကို သတိရတာက တကြောင်း အဲဒီမှာ ပူလွန်းတာက တကြောင်းကြောင့် ပြန်လာတာ။ နေခြစ်ခြစ်တောက် ပူနေတဲ့ ကြားထဲ မိုးက ၅ မိနစ်လောက် ရွာလိုက်သေးတယ်ဟ။ အဲဒါကြောင့် ပိုပူပြီး နတ်တောင် မနေနိုင်အောင် ဖြစ်နေတာ။

ကြွက်စုတ်။     ။ ၁၅ မိနစ် လွှတ်တော်နဲ့ အပြိုင် ၅ မိနစ်မိုးပေါ့နော် ဦးရုက္ခစိုး။

ဖိုးရှုပ်။     ။ မဟုတ်ဘူးကွ … နေပူမိုးရွာ သူခိုးလာ … လာတဲ့ သူခိုး … သူခိုး … သူခိုး ...။

ဖိုးရှုပ်တယောက် စကားမဆက်နိုင်ဘဲ တနေရာသို့ အံ့သြတကြီး လှမ်းကြည့်ရင်း လက်ညှိုး ထိုးပြနေသဖြင့် ဦးရုက္ခစိုးနှင့် ကြွက်စုတ်ပါ ဖိုးရှုပ် ကြည့်ရာသို့ လှမ်းကြည့် မိလိုက်သည်။ သူတို့ရှိရာသို့ ပြုံးစိစိ လုပ်ရင်း လျှောက်လာသူမှာ တခြားသူတော့ မဟုတ် … နိုင်ငံကျော် ပေါတာကြီး ခေါ် ချိုကုပ်ဒူးကြီးပင် ဖြစ်သည်။

ကြွက်စုတ်က “တိုက်ဆိုင်လိုက်တာ ဖိုးရှုပ်ရာ။ မင်းက နေပူမိုးရွာ သူခိုးလာ လို့ ဆိုရုံရှိသေးတယ်၊ ကြည့်စမ်း ချိုကုပ်ဒူးကြီး ရောက်လာတော့တာပဲ” ဟု ခပ်တိုးတိုး ပြောလိုက်ရာ ဖိုးရှုပ်က “ဟုတ်ပါ့ … အသက်ရှည်ဦးမယ် …။ သူခိုးက … အဲ … ချိုကုပ်ဒူးကြီးက ချိတ်ထဘီ အဖြူကြီးတောင် ဝတ်ထားလိုက်သေးတယ်” ဟု ပြန်ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဘယ်လိုလဲ ချိုကုပ်ဒူးကြီးရဲ့။ နေပြည်တော်မှာ မနေဘဲ ချင်းမိုင် ဘာလာလုပ်တာလဲ။

ချိုကုပ်။     ။ အဲဇလုံနဲ့ လမ်းကြုံလိုက်လာတာဗျ။ လေ့လာစရာလေးတွေ ရှိနေလို့။ ကျုပ်ရဲ့ နိုင်ငံတော် သစ်ကြီးအတွက် အရမ်း အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အလွယ်ကူဆုံး လေ့လာရေး ခရီး ထွက်ခဲ့တာပဲ ဟဲဟဲ။

ဖိုးရှုပ်။     ။ ဟိုမှာက လွှတ်တော်ကြီးလည်း မပြီးသေးဘဲနဲ့ …။ ပြုပြင်ပြောင်းလဲတဲ့ ကိစ္စတွေက လွှတ်တော်ထဲကနေ စည်းဝေး ဆုံးဖြတ်ရမှာ မဟုတ်လား။

ချိုကုပ်။     ။ မလိုပါဘူးဗျာ။ အမတ်တွေကို တလ ၃ သိန်းပေးထားတာ ... လွှတ်တော်ထဲ တနေ့ ၁၅ မိနစ်လောက် ဝင်ထိုင်ဖို့ပဲ။ ကျန်တာမပါဘူး။ ကျန်တဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေက ကျုပ်တယောက်တည်း ဆုံးဖြတ်မှာ။

ထိုစဉ် ထမင်းဆိုင်တွင်ပြထားသည့် တီဗီ၌ လစ်ဗျားအကြီးအကဲ ဂဒါဖီ မိန့်ခွန်းပြောသည်ကို ပြသနေသည်။ နေကာမျက်မှန် တပ်၍ အရည်းကြီး ဝတ်စုံ ဝတ်ထားသော ကဒါဖီကို ကြည့်ကာ ချိုကုပ်ဒူးကြီးက “တောက် … ခန့်ချောကြီးဗျာ … ဒီဇိုင်းက ရေရေလည်လည် လန်းတယ်။ သူ ဘာတွေ ပြောနေတာလဲဗျ” ဟု ပြောလိုက်သည်။

ရုက္ခစိုး။     ။ သူ့ကို တိုင်းသူပြည်သားတွေက အရမ်းချစ်ကြတယ်၊ အရမ်း ထောက်ခံတယ်လို့ ပြောနေတာ။

ချိုကုပ်။     ။ (အလေးပြုသည့်ဟန် လုပ်ရင်း) ဟာ … လန်းတယ် … လန်းတယ်။ ကျုပ်ထက်တောင် မျက်နှာပြောင် တိုက်ရဲသေးတယ်။ ကျုပ်ကတော့ ကျုပ်ကို ပြည်သူတွေက ချစ်တယ်ဆိုတာ သိပေမယ့် သူ့လို ပေါ်တင် မကြွားရဲဘူးဗျ … ဟဲဟဲ။ ဘာတွေဆက်ပြောနေလဲ လုပ်စမ်းပါဦး။

ဖိုးရှုပ်။     ။ သူ့တိုင်းပြည်မှာ ဘာဆန္ဒပြမှုမှ မရှိဘူးတဲ့။ ပြီးတော့ ဆန္ဒပြမှုတွေ ကန့်ကွက်မှုတွေ ရှိတယ်ဆိုတာလည်း နည်းနည်းပါတဲ့ ...။ အဲဒီလို ပြောနေတဲ့သူတွေက မူးယစ်ဆေးတွေသုံးပြီး ဆေးမူးပြီးပြောနေတာပါတဲ့။

ချိုကုပ်။     ။ ဟား … ဒီ တခွန်းကိုတော့ ကြိုက်သွားပြီ။ ဒီပုဂ္ဂိုလ် ကျုပ်ခြေဖျားကို မီလုမီခင်ပဲ။

ရုက္ခစိုး။     ။ ကြည့်လည်းလုပ်ဦးနော် ချိုကုပ်ဒူးကြီး။ သူက ချိုကုပ်ဒူးကြီးထက် သာမယ်ထင်တယ်။ ဆန္ဒပြတဲ့ ပြည်သူတွေကို လေယာဉ်ပစ် အမြောက်နဲ့တောင် ထုတာတဲ့။

ချိုကုပ်။     ။ ဘာ … ပြည်သူတွေကို ဟုတ်လား။ ပျင်းသနားတယ်လို့ ပြောလိုက် ...။ (လက်ဆယ်ချောင်းကို ထောင်၍) ဆယ်နှစ်၊ ဆယ်နှစ် … ကြိုးစားလိုက်ပါဦးလို့ … နော်။ သူက သာမန် ပြည်သူတွေလောက်ကို ပစ်တာ။ ကျုပ်က ဘုရားသားလို့ ပြောတဲ့ သံဃာတော်တွေကို ပစ်တာ။ သဘောပေါက်။

ကြွက်စုတ်။     ။ ဆန္ဒပြတဲ့ ပြည်သူလူထုကို နှိမ်နင်းပေမယ့် ခပ်တည်တည်ပဲနော်။ သူလုံးဝ ပစ်မိန့် မပေးပါဘူးတဲ့။ သူ့ တိုင်းပြည်ကလည်း အေးအေး ဆေးဆေး ပါပဲတဲ့။

ချိုကုပ်။     ။ ဒါတော့ မဆိုးဘူး။ နိုင်ငံ့အကြီးအကဲ ဆိုတာ ဒီလိုပဲ။ လိုအပ်ရင် မျက်နှာပြောင်တိုက်၊ အရှက်မရှိ၊ ညာရဲရမယ်။ မှန်တယ်၊ မှန်တယ်၊ ဒီချာတိတ် မှန်တယ်။ ကြည့်ပါဦး၊ ဝတ်ထားတာကလည်း ဘိုးတော် ဒီဇိုင်းနဲ့။ ဒီ အိုင်ဒီယာ မဆိုးဘူးနော်။ ကျုပ်လည်း ဒီကပြန်ရင် ဖိုးသူတော်လို ဝတ်မယ်၊ နေကာမျက်မှန် တပ်လိုက်တော့ လိမ်နေတာ လူသိပ်မသိတော့ဘူးပေါ့။ သမ္မတကနေ စပြီး လွှတ်တော် အမတ်တွေအထိ ဖိုးသူတော်လို ဝတ်ပြီး နေကာမျက်မှန် တပ်ခိုင်းရမယ်။

ဖိုးရှုပ်။     ။ ဂဒါဖီက ပြောင်လိမ်ပေမယ့် မီဒီယာကို စကားပြောတယ်လေ၊ ချိုကုပ်ဒူးကြီးကျတော့ ဘာလို့ ဘာမှ မပြောတာလဲ။အဲဒီတချက်တော့ သူက သာသွားပြီ။

ချိုကုပ်။     ။ ဟာ … သာသွားတာ မဟုတ်ဘူး။ ညံ့တာ။ ဘာကိစ္စ မီဒီယာကို အသံထုတ်မလဲ။ လိုမှမလိုဘဲ။ အခု ကြည့်လေ … သူ့မိန့်ခွန်းကို လက်ကမြင်းတဲ့ကောင်တွေက ရီမစ္စ ယူလုပ်လိုက်ကြပြီ။ အင်တာနက် ပေါ်မှာ ရှက်စရာကြီး။ တော်ကြာ သားဆိုးက ကျုပ်မိန့်ခွန်းကို ရီမစ္စ လုပ်နေမှဖြင့်။ အခု အသံမထုတ်တာတောင် ကာတွန်းဟန်လေးတို့ မစ္စတာ ခရီရေတာ တို့က အစုံလုပ်နေတာ မဟုတ်လား။

ကြွက်စုတ်။     ။ ချိုကုပ်ဒူးကြီးက အသံမကောင်းလို့ မဟုတ်လား။ အသံက ညောင်နာနာနဲ့ဆိုတော့ ခန့်ခန့်ညားညား မရှိလို့ စကားမပြောရဲလို့ မပြောရဲဘူး ပြောပါဗျာ။

ချိုကုပ်။     ။ အခု အသံကောင်းအောင် မှန်ချို မှန်မှန် သောက်နေပါတယ်ဗျ။ လိုအပ်ရင် လည်ချောင်း ခွဲစိတ်ကုသမှုပါ လုပ်လိုက်ဦးမှာ။ အဲဒီအခါကျ ကိုအံ့ကြီးလောက်၊ သုမောင်လောက် သနားတယ် ဖြစ်သွားမယ်။

ရုက္ခစိုး။     ။ ကဲပါ ကဲပါ … ဂဒါဖီထက် သာတယ်ပဲ ထားပါတော့။ အခု ချင်းမိုင် လာရင်းကိစ္စ လုပ်ပါဦး။ အနှိပ်ခန်းတို့၊ ကာရာအိုကေတို့ လေ့လာချင်ရင်တော့ ဘန်ကောက်က ပိုအဆင်ပြေမယ် ထင်တယ်။

ချိုကုပ်။     ။ အဲဒါတွေ လေ့လာဖို့ကျတော့ ကျုပ်က အိမ်မပိုင်လို့ ဂေါ်လီ သိပ်မလုပ်ရဲဘူးလေ။ တခြားသူ လွှတ်မယ်။ အခု ကျုပ်က မြန်မာနိုင်ငံတော်ကြီးကို အာဆီယံအဆင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ချင်တာ။ အဲဒါကြောင့် ဒီမှာ နည်းနည်းပါးပါး စနည်းနာမလို့။

ဖိုးရှုပ်။     ။ ပြောင်းမယ့်ပြောင်းတော့ ကမ္ဘာ့အဆင့်မီ လုပ်ပါလားဗျာ။

ချိုကုပ်။     ။ လာမယ်လေ။ ကမ္ဘာ့အဆင့်က ပျင်းတယ်။ စကြဝဠာအဆင့်မီ လုပ်မှာ။ အဲဒီလို လုပ်ဖို့ကျုပ်က လမ်းပျောက်မြေပုံ အဆင့်ဆင့်နဲ့သွားတာ သဘောကျတယ်ဗျ။ ဒါမှ ကြာမှာမဟုတ်လား။ ကြာမှ … ပိုဝါးရ … အဲ ရှုပ်ကုန်ပြီ၊ တဆင့်ခြင်း တက်တော့ ပိုပြီး စနစ်ကျတာပေါ့ ဟုတ်ဘူးလား။

ကြွက်စုတ်။     ။ အဲဒါကြောင့် အာဆီယံ အဆင့်ကို အရင်လုပ်မှာပေါ့ ဟုတ်လား။ ဘာတွေကို အာဆီယံ အဆင့် လုပ်ဖို့ စဉ်းစားထားလဲ။ ပညာရေး၊ ကျန်းမာရေးက အခြေခံကျတာဆိုတော့ ဆေးရုံတွေ ကျောင်းတွေကို အာဆီယံအဆင့်မီ လုပ်မှာပေါ့ ဟုတ်လား။

ချိုကုပ်။     ။ အဲဒါက သိပ်အရေးမကြီးပါဘူး။ ဆေးရုံတို့ ကျောင်းတို့ဆိုတာ မြန်မာပြည်မှာက ဓနိတွေ ထရံတွေ ပေါလွန်းလို့၊ ဓနိမိုး ထရံကာ ဆောက်လိုက်ရုံပဲ။ အရေးကြီးတာက ဝင်ငွေဗျ။ လူတွေရဲ့ ဝင်ငွေက အရေးကြီးတယ်။ အဲဒါကြောင့် လစာတွေကို အာဆီယံ အဆင့်မီ တိုးပေးလိုက်မယ်။ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရမယ်လေ။ ဟုတ်တယ်မဟုတ်လား။

ကြွက်စုတ်။     ။ အာဆီယံ နှုန်းအတိုင်းဆိုရင်တော့ တော်တော်များများ တိုးပေးရမှာနော်။

ချိုကုပ်။     ။ ကျုပ်လေ့လာပြီးပါပြီ။ ကျုပ်ရဲ့ အကြံပေးတွေကလည်း ပြောတယ်။ ၄ ဆလောက် တိုးပေးရင် မီတယ်တဲ့။ ဒါပေမယ့် ကွိုင်ကွိုင်က ယတြာ သဘောလည်း ပါချင်တယ်ဆိုတော့ ၁၁ မီးငြိမ်းအောင်ဆိုပြီး ၃ ဒဿမ ၈ ဆ တိုးပေး လိုက်မယ်၊ ပေါင်းရင် ၁၁ ရမယ်လေ။ စစ်တပ်ကတော့ သာမန်ဝန်ထမ်းထက် များမှ ဖြစ်မှာဆိုတော့ ၅ ဒဿမ ၆ ဆ တိုးပေးမယ်၊ ဒါလည်း ပေါင်းရင် ၁၁ ပဲ မဟုတ်လား။

ရုက္ခစိုး။     ။ လစာက တိုးချင်တိုင်း တိုးလို့ဖြစ်မလား။ တိုင်းပြည်က စီးပွားရေးမကောင်း၊ ဘယ်ကမှ ဝင်ငွေမရှိဘဲနဲ့ ဘယ်လို တိုးမလဲ။

ချိုကုပ်။     ။ သြော် ခက်ပါလား ဦးရုက္ခစိုးရယ်။ ပိုက်ဆံဆိုတာ စက်နဲ့ ရိုက်ထုတ်လို့ရတာပဲဟာ။ ပိုထုတ်ခိုင်းလိုက်မှာပေါ့။ ဒါဆို ဝန်ထမ်းတွေ အရမ်းအရမ်းကို ပျော်သွားမှာ။

ဖိုးရှုပ်။     ။ အစိုးရလစာ တိုးတာကတော့ ဟုတ်ပါပြီ။ ကုမ္ပဏီတွေက မတိုးနိုင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ကျတော့ အာဆီယံ လစာ မမီဘဲ ဖြစ်နေမှာပေါ့။

ချိုကုပ်။     ။ ဒါမျိုးလုပ်လို့ ဘယ်ရမလဲ။ ကုမ္ပဏီလည်း တိုးရမှာပေါ့။ တသွေးတသံ တမိန့်ပဲ။ မတိုးနိုင်ရင် ကုမ္ပဏီပိတ်ပေါ့ … ဒါပဲလေ။

ကြွက်စုတ်။     ။ တကယ်က တိုင်းပြည်စီးပွားရေး ကောင်းအောင် အရင်လုပ်ရမှာ မဟုတ်လား။ အခုလို လစာတိုးတဲ့နည်းနဲ့ ဖြေရှင်းရင် ငွေကြေး ဖောင်းပွမှုတွေ ဖြစ်ကုန်မှာပေါ့။

ချိုကုပ်။     ။ ငွေကြေးဖောင်းပွမှု မဖြစ်အောင်လည်း စီစဉ်ထားပါတယ်ဗျာ။ တသောင်းတန်တို့ တသိန်းတန်တို့ ထုတ်လိုက် မှာပေါ့။ တထောင်တန် ၁၀ ရွက် ကိုင်ရမယ့်အစား တသောင်းတန် တရွက်ပဲ ကိုင်ရတော့ မဖောင်းတော့ဘူးပေါ့။

ဖိုးရှုပ်။     ။ မဟုတ်ဘူးလေ။ ငွေကြေးဖောင်းပွတယ် ဆိုတာက။ ကုန်ဈေးနှုန်းတွေ အရမ်းကြီးမြင့်ပြီး ဘယ်လောက် ငွေဝင်ဝင် မထိန်းနိုင်တာကို ပြောတာဗျ။

ချိုကုပ်။     ။ သြော် … အဲဒီတော့လည်း ဈေးသည်တွေကို ဈေးမတက်နဲ့၊ ဈေးတက်ရင် သေဒဏ်။ ဘာညာ အမိန့် ထုတ်လိုက် မှာပေါ့။

ကြွက်စုတ်။     ။ ဟာ … ဒါဆို ဈေးသည်တွေ၊ ကုန်သည်တွေက သူတို့ ပစ္စည်းတွေကို မရောင်းဘဲ လှောင်ထားကြမှာပေါ့။

ချိုကုပ်။     ။ အမယ် သူတို့တောင် မရောင်းသေးတာ … မဝယ်နဲ့ပေါ့ဗျ။ လွယ်ပါတယ်။

ရုက္ခစိုး။     ။ ဆန်တို့ ဆီတို့က အခြေခံစားကုန်တွေလေ။ အဲဒါတွေ မဝယ်လို့ ဘာနဲ့ သွားစားမလဲ။

ချိုကုပ်။     ။ ဦးရုက္ခစိုး … ခင်ဗျား စကားကို ကပ်မပြောနဲ့နော်။ ကျုပ်က အာဆီယံအဆင့်မီ လစာပေးဖို့ စဉ်းစားနေတာကို ခင်ဗျားက အဖျက်အမှောင့် လုပ်ချင်တာလား၊ ခင်ဗျားက ပုဆိန်ရိုးလား၊ ခင်ဗျားက အဖျက်သမားလား။

ရုက္ခစိုး။     ။ ဟာ … မဟုတ်ဘူးလေ။ ကျုပ်က အမှန်တရားကို ပြောပြတာ။ ဆန်ရောင်းတဲ့သူက ဆန်မရောင်းတော့ရင် ဘာနဲ့ သွားစားမလဲ။ တခြားပစ္စည်းတွေ ဝယ်မရတော့လို့ တောင်သူဦးကြီးတွေက စပါးမစိုက်တော့ရင်ကော ...။

ချိုကုပ်။     ။ ခင်ဗျား တယ်ခက်တဲ့ နတ်ပဲ။ လွယ်တာကို ခက်အောင် လုပ်နေပြန်ပြီ။ တနိုင်ငံလုံး ထမင်းမစားရ၊ စားတဲ့သူ သေဒဏ်လို့ အမိန့်ပေးလိုက်မှာပေါ့။

ဖိုးရှုပ်။     ။ အဲဒါဆို ချိုကုပ်ဒူးကြီးကော ဘာစားမှာလဲဟင်။

ချိုကုပ်။     ။ ကျုပ်လား … ကျုပ်လည်း ထမင်းမစားဘူး။ ဒါပေမယ့် လူသားနဲ့ နတ်သားနဲ့ ရောချက်စားမယ် … လာထား ...။

ချိုကုပ်ဒူးကြီး စကားမဆုံးခင် အကြောင်းသိများ ဖြစ်ကြသော ဦးရုက္ခစိုး ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ထပြေးကြလေသည်။

ဒေါသတကြီးနှင့် ထလိုက်သော ချိုကုပ်ဒူးကြီးမှာကား ချိတ်ထဘီကြီးဖြင့် တုပ်ပြီး နေရာတွင်ပင် မှောက်လျက်လဲ၍ သတိလစ် မေ့မျောသွားသောကြောင့် စိတ်မချသဖြင့် နောက်ကလိုက်လာသည့် တေဂွက မနည်း နှာနှပ်ယူလိုက်ရသော ဟူ၏။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်