ရွှေဒကာ မင်းတြားကြီးရဲ့ ရွှေယတြာ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ မြန်မာပြည့်အနှံ့ ဘုရားဖူးရန် ခရီးထွက်လာကြသည်။

ရုက္ခစိုး။     ။ ငါလည်း မင်းတို့နဲ့ ပေါင်းပြီး ပေါက်ကရ ရှစ်ဆယ် လိုက်လုပ်နေရတာနဲ့ တရားထိုင်တဲ့ အလုပ်လည်း ပျက်တာ ကြာပြီ။ အင်း … အခုမှပဲ ဘုရား၊ တရားနဲ့ ကုသိုလ်ရေး လုပ်ဖြစ်တော့တယ်။

king-than-shweဖိုးရှုပ်။     ။ ဦးရုက္ခစိုးဘာသာ နတ်က နတ်အလုပ်မလုပ်ဘဲ လူကိစ္စ ဝင်ဝင်စပ်စုနေတာပါဗျာ။ ကျနော်တို့ကို ဆွဲမထည့်ပါနဲ့။

ကြွက်စုတ်။     ။ ဟုတ်တယ်၊ ဟုတ်တယ်။ အခု နောက်ပိုင်းဆို ဦးရုက္ခစိုးက တန်ခိုးရှိတယ်ဆိုပြီး ထင်တိုင်းကြဲနေတာ မသိဘူး မှတ်မနေနဲ့။ မြန်မာပြည်အကြောင်းများ စပ်စုလိုက်တာ ကျနော်တို့တောင် လက်ဖျားခါရတယ်။

ရုက္ခစိုး။     ။ မင်းတို့ကလေ … နည်းနည်းလေးမှ ပစားပေးလို့မရဘူး။ ငါ့ကို တွယ်ဖို့ ဘယ်အချိန်ကတည်းက ချောင်းနေလဲ မသိဘူး။

ကြွက်စုတ်။     ။ မဟုတ်လို့လား ဦးရုက္ခစိုးရဲ့။ အခုကျမှ ဘုရားဖူးထွက်ရအောင် ဆိုပြီး ကျနော်တို့ကို လာခေါ်ဖော်ရတာ။

ရုက္ခစိုး။     ။ ဟုတ်ပါတယ်။ ငါလည်း လွှတ်တော်ကြီးက ဘာများဖြစ်မလဲ၊ ဘာများဖြစ်မလဲနဲ့ သွားကြည့်တာပေါ့ကွာ။ အခု ဘာမှ မဖြစ်မှန်းသိတော့ … ။

ဦးရုက္ခစိုးစကား မဆုံးခင် “ဟာ … လွှတ်တော်ကနေ ဘာမှ မဖြစ်ပေမယ့် မြန်မာပြည်က စေတီဘုရားပုထိုး တွေတော့ ကိုယ်ကျိုး နည်းပြီထင်တယ်” ဟု ကြွက်စုတ်က ဖြတ်ပြောလိုက်သည်။

သူတို့ရောက်ရှိနေသည့် နေရာမှာ စစ်ကိုင်း ကောင်းမှုတော် စေတီကြီးနားတွင် ဖြစ်သည်။

ဖိုးရှုပ်။     ။ ကြွက်စုတ်ကလည်းကွာ ...။ အလန့်တကြားလုပ်ပြီ။ မြန်မာပြည်က စေတီတွေ ဘာဖြစ်ကုန်လို့လဲ။

ကြွက်စုတ်။     ။ ဘာဖြစ်လဲတော့ မသိဘူး။ စစ်ကိုင်း ကောင်းမှုတော် စေတီကြီး မရှိတော့ဘူးလေကွာ။ ဘယ်သူများ ခိုးသွားလဲ မသိဘူး။

ကြွက်စုတ် အပြောကြောင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့လည်း ကောင်းမှုတော်စေတီကြီးကို ဝိုင်းရှာကြသည်။

ရုက္ခစိုး။     ။ ဒီနေရာမှာပဲ … သေချာပါတယ်။ ငါ ခဏခဏ လာဖူးနေကြပါ။

ထိုစဉ် “ဘာတွေပျောက်လို့ ဘာတွေရှာနေတာလဲဗျ” ဆိုသော အသံတသံ ကြားသဖြင့် ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချိုကုပ်ဒူးကြီးမှာ ဘယ်တော့မှ မလျှော်သည့် ချိတ်ထဘီ အဖြူကြီးကို ခါးတောင်းကျိုက် ထားသည်။ လက်ထဲတွင် ဆေးပုံးတပုံးနှင့် စုတ်တံ တချောင်းကို ကိုင်ထားလေသည်။

ဖိုးရှုပ်။     ။ ကောင်းမှုတော် စေတီကြီး ပျောက်သွားလို့ ရှာနေတာလေ။ ကျနော်တို့က ဘုရားဖူး ထွက်လာတာ။

ချိုကုပ်။     ။ ဟားဟားဟားဟား ဟားဟားဟားဟား။ တော်တော်ရယ်ရတဲ့ လူတွေနဲ့ နတ်ပဲ။ ဒီလောက် ရွှေရောင်တွေ ဝင်းနေတဲ့ စေတီကြီးကိုများ မတွေ့ဘူးတဲ့။ ဒီမှာလေ။

ချိုကုပ်ဒူးကြီး ညွှန်ပြရာသို့ ကြည့်လိုက်ရာ ရွှေရောင်တောက်ပနေသော စေတီတော်ကြီးကို တွေ့လိုက်ရလေသည်။

ရုက္ခစိုး။     ။ ဒါ ကောင်းမှုတော် စေတီဟုတ်လား။ ပေါက်ကရ မပြောပါနဲ့ဗျာ။ ကောင်းမှုတော် စေတီကြီးက ထုံးသင်္ကန်းနဲ့ပါ။ ဒါကြီးက ကောင်းမှုတော် စေတီ မဟုတ်ပါဘူး။

ချိုကုပ်။     ။ ဟုတ်ပါတယ်ဆို …။ ဒါ ကောင်းမှုတော် စေတီမှ ကောင်းမှုတော် စေတီကြီး စစ်စစ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ နီးပါးက ကျုပ်ကိုယ်တိုင် တည်ခဲ့တဲ့ ကောင်းမှုတော် စေတီကြီးဗျ။

ကြွက်စုတ်။     ။ ဟာ ပေါက်ကရ မပြောစမ်းပါနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ နီးပါးတုန်းက ချိုကုပ်ဒူးကြီးက ဘယ်လိုလုပ် မွေးဦးမှာလဲ။

ချိုကုပ်။     ။ စကား မဆုံးသေးဘူးလေ။ ကျုပ်က ဒီဘဝနဲ့ တည်တာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျုပ် … သာလွန်မင်းတရားကြီး ဘဝက တည်ခဲ့တာကို ပြောတာ။

ဖိုးရှုပ်က “အင်း … မိုးကြိုးပစ် ခံရဖို့တော့ နီးနေပြီ။ သူနဲ့ ဝေးဝေး နေမှပဲ” ဟု တွေးလိုက်သည်။

ရုက္ခစိုး။     ။ ကဲပါဗျာ။ ဘယ်သူပဲ တည်တည်ပါ။ ကောင်းမှုတော် စေတီက သူ့ဘာသာ ထုံးသင်္ကန်းနဲ့ သပ္ပာယ်နေတဲ့ဟာကို ဘယ်လိုက ဘယ်လို တဝင်းဝင်း တပြောင်ပြောင်နဲ့ ရုပ်ဆိုးအောင် လုပ်ရတာလဲ။ ဒါ ချိုကုပ်ဒူးကြီး လက်ချက်မှ ဟုတ်ရဲ့လား။

ချိုကုပ်။     ။ မေးနေရသေးလားဗျာ။ ဒါမျိုး ရွှေဉာဏ်တော် စူးရောက်တာ ဘယ်မင်းလက်ထက်မှာ တွေ့ဖူးလို့တုန်း။

ကြွက်စုတ်။     ။ ရွှေ္ပဉာဏ်တော်ကတော့ တော်တော်လေး စူး … ရောက်ပါပေတယ် (စိတ်ထဲကမူ “စူးရောက် ဆိုတာေ-ာက်ရူးလို့ ပြောတာ” ဟု ပြောလိုက်၏)

ရုက္ခစိုး။     ။ ခက်ပါလား … နေရာတကာ ပြောင်တိုင်း ကောင်းတယ် ထင်နေလား။ ဒါ ရှေးခေတ် အမွေအနှစ်တွေဗျ။ မလုပ်ကောင်းဘူး။

ချိုကုပ်။     ။ ဘာလို့မလုပ်ကောင်းရမှာလဲ။ ဘုရားကို ရွှေလှူတာပဲဟာ။

ဖိုးရှုပ်။     ။ ဒါပေမယ့် ရှေးက မင်းတွေက သူ့အဓိပ္ပာယ်နဲ့သူ ထုံးစေတီဖြင့် ထုံးစေတီ၊ ရွှေစေတီဖြင့် ရွှေစေတီ တည်ခဲ့တာ မဟုတ်လား။

ချိုကုပ်။     ။ အဲဒီတုန်းက ဘုရင်တွေက ဆင်းရဲပြီး ရွှေသင်္ကန်းမကပ်နိုင်ဘဲ ထားခဲ့လို့ ကျုပ်က ကပ်ပေးတာ ကျုပ်ကိုတောင် ကျေးဇူးတင်ရဦးမယ်။ အခုလည်း သာလွန်မင်းလက်ထက်က မလုပ်နိုင်ခဲ့တာကို အခု မသာလွန်မင်း လက်ထက်မှာ လုပ်တယ်ဗျာ။

ချိုကုပ်ဒူးကြီးက ပြောရင်း ဆေးပုံးထဲက ရွှေမင်များကို စုတ်တံဖြင့် ယူ၍ စေတီကိုယ်ထည်ကို ခြယ်လိုက်သည်။ ထိုသို့ ခြယ်နေစဉ် အနောက်၌ ဒေါ်ကွိုင်ကွိုင်လာရပ်သည်။
ကွိုင်ကွိုင်။     ။ မောင်တော် … မပြီးသေးဘူးလား။ မြန်မြန်သုတ်လေ။ တော်ကြာ ယတြာ မအောင်ဘဲ နေဦးမယ်။

ချိုကုပ်။     ။ ပြီးတော့မှာပါ။ ဒီက ဦးရုက္ခစိုးတို့က မောင်တော် ဘုရားမှာ ရွှေရောင်သုတ်တာကို အပြစ်လာပြောနေလို့ ရှင်းပြနေတာ။

ကွိုင်ကွိုင်။     ။ အောင်မလေး ရာရာစစ။ ကျုပ်ရဲ့ မောင်တော် သာလွန်မင်းတရားဝင်စားတဲ့ မသာလွန် မင်းတရားကြီးကိုများ ပြောရက်လိုက်ကြတာ။

ဖိုးရှုပ်။     ။ ပေါက်ကရတွေ လျှောက်လုပ်လို့ ပြောရတာပါ ဒေါ်ကွိုင်ကွိုင်ရယ်။ မြန်မာပြည်မှာ ထုံးဖြူဖြူနဲ့ ရှိရမယ့် စေတီ မှန်သမျှ အကုန် ရွှေရောင်လိုက်သုတ်နေတာ ရုပ်ဆိုးလွန်းလို့။

ကွိုင်ကွိုင်။     ။ ငါ့မောင်တော် ယတြာခြေတာပါဆို။ မောင်တော့် နာမည်မှာက “ရွှေ” ပါတယ်မဟုတ်လား။ အဲဒီ ရွှေက တနိုင်ငံလုံးကို လွှမ်းနေစေရမယ်၊ အဲဒီလိုလွှမ်းဖို့ တန်ခိုးကြီးတဲ့ စေတီပုထိုးတွေအားလုံးကို ရွှေရောင်သုတ်ရမယ်လို့ ဗေဒင်က ပြောထားတယ်ဟဲ့။ ပုဂံက ဗူးဘုရားကိုလည်း သုတ်ပြီးပြီ။ အခု ကောင်းမှုတော်အလှည့်။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးရေ ...။ ပေါက်ကရတွေတော့ ဖြစ်ကုန်တော့မယ်ဗျ။ တန်ခိုးကြီးတဲ့ ဘုရားတွေကို ရွှေရောင် သုတ်လိုသုတ်၊ တရားမျှတတယ်လို့ မြန်မာ့သမိုင်းမှာ နာမည်တလုံးကျန်ခဲ့တဲ့ သာလွန်မင်းတရားကြီး ဝင်စားတယ် ပြောလိုပြောနဲ့။

ချိုကုပ်။     ။ သြော် … အဲဒါက တကယ်ပါဆို။ ကျုပ်တို့ကိုးကွယ်တဲ့ ဘိုးတော်ကိုယ်တိုင် ပြောတာ။ ကျုပ်က သာလွန်မင်းတရား ကြီးနဲ့ အရမ်းတူတယ်တဲ့။ အထူးသဖြင့် လူတွေကို ထမင်းရည် သောက်ခိုင်းတဲ့နေရာမှာ တော်တော်တူတယ်တဲ့။ ကျုပ် လက်ထက်မှာ လူတွေ ထမင်း မစားနိုင်လို့ ထမင်းရည် ဝယ်သောက်ကြရတာ သိတယ်မဟုတ်လား။

ဖိုးရှုပ်။     ။ သြော် … သြော် … တူပါပေတယ်၊ တူပါပေတယ်။

ဖိုးရှုပ်က ရွဲ့ပြောသည်ကို အဟုတ်ထင်ကာ ချိုကုပ်ဒူးကြီး မြောက်သွားပြီး ရင်ဘတ်ကို ကော့လိုက်သည်။

ချိုကုပ်။     ။ ရှိသေးတယ်ဗျ။ သာလွန်မင်းက သူ့ရဲ့ သမီးတော်ကို နိုင်ငံခြားကလာဆက်သတဲ့ ပိုးထည်ကို ဆင်တာလေ။ ကျုပ်က တကယ့် လူတွေရဲ့ မသဒ္ဓါရေစာနဲ့ စိန်အစစ်တွေကိုဝယ် ဆင်တာ … ငှဲငှဲ။

ကြွက်စုတ်။     ။ အဲဒါ သူ့သမီးတော်က အကောင်းစားတွေဝတ်ပြီး စည်းကမ်းမရှိလို့ … သမီးကိုတောင် စကားမပြောဘဲ အပြစ်ပေးတယ် ဆိုတဲ့ စီရင်ထုံးအကြောင်း ပြောချင်တာလေ။

ချိုကုပ်။     ။ ဘာပဲဖြစ်ဖြစ်လေ။ ကျုပ်သမီးတွေက စည်းကမ်းရှိတယ်။ တယောက်ဆိုတယောက် ပိတောက်ဆို လွင်မိုးပဲ … အာ ယောင်ကုန်ပြီ ... ကျုပ်သမီးတွေက စည်းကမ်းရှိတော့ အပြစ်ပေးဖို့မလိုဘူးဗျ။

ရုက္ခစိုး။     ။ သာလွန်မင်းက သူ ထုတ်တဲ့ အမိန့်အတိုင်း တည်အောင်လုပ်တဲ့ မင်းဆိုတော့ ချိုကုပ်ဒူးကြီးကကော သာလွန်မင်းလို တိုင်ကို ထုံးသုတ်မိရင် ကိုယ့်လက်ညှိုး ကိုယ်ဖြတ်မှာလား။ အခု ထုံးဘုရားကို ရွှေသုတ်တာက တိုင်ကို ထုံးသုတ်မိတာထက် ဆိုးတယ်နော်။

ချိုကုပ်။     ။ အာ လက်ညှိုးတော့ မဖြတ်ပါဘူး။ ဒါပေမယ့် ကျိန်းကျေအောင် ဟိုဟာတော့ ဖြတ်တယ် … ဆံပင်၊ ဆံပင်။ ဆံပင် ဖြတ်တယ်။

ဒေါ်ကွိုင်ကွိုင်က ခါးထောက်ကာ မျက်စောင်းခဲ၍ “ကဲ မောင်တော် … လေရှည်တာ နည်းနည်းများသွားပြီ။ အလုပ်ကို ပြီးအောင် မြန်မြန်လုပ်စမ်းပါ” ဟု မာန်လိုက်သည်။

ကြွက်စုတ်။     ။ သာလွန်မင်းတရားကြီးက မိန်းမကြောက်ရလားဟင်။

ဖိုးရှုပ်။     ။ သာလွန်မင်းတရားကြီး လက်ထက်က အမျိုးသမီးရေးရာတို့၊ အမျိုးသမီးအဖွဲ့တို့၊ အမျိုးသမီး အခွင့်အရေးတို့ မပေါ်သေးဘူးလေကွာ … မင်းကလည်း။ သာလွန်မင်းတရားတုန်းက မကြောက်ရပေမယ့် မသာလွန် မင်းတြား လက်ထက် ကျတော့ ကြောက်ရတာပေါ့ ...။

ရုက္ခစိုး။     ။ ကဲကဲ … ဒီနေရာက ဝေးရာကို သွားရအောင်။ ငါ မျက်ခုံးလှုပ်တယ်။ သူတို့ ယတြာက ဘုရားလည်း မနေရဘူး။ တော်ကြာ ယတြာထဲမှာ ရုက္ခစိုးကို ထည့်ခြေပါ ဆိုမှ ငါပါ အမှုပတ်နေဦးမယ်။

ဦးရုက္ခစိုးက နှိုးဆော်လိုက်သောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ “မသာလွန် မင်းတြားကြီးရေ … သွားဦးမယ်ဗျို့” ဟု အော်ရင်း ထိုနေရာမှ ခွာခဲ့ကြ လေတော့သည်။ မသာလွန် ချိုကုပ်ဒူးကြီးမှာကား ဘုရားကို ရွှေဆေးသုတ်ရင်းက လက်ပြကာ ကျန်ခဲ့ လေတော့သည်။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်