ဘုရားစူး ဂျာနယ်လစ်များ၏ ချစ်ကြည်ရေး မိတ်ဆုံစားပွဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဟောလီးဒေး ဂါးဒင်း စားသောက်ဆိုင် ထဲတွင် ပြည်တွင်း၊ ပြည်ပမှ ဂျာနယ် လစ်များ၏ မိတ်ဆုံစားပွဲ ကျင်းပလျက် ရှိသည်။ ထိုအထဲတွင် ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့လည်း ရှိနေသည်။ ထိုစဉ် နေကာမျက်မှန်တပ်ထားသည့် မုတ်ဆိတ်တိုနှံ့နှံ့၊ နှုတ်ခမ်းမွှေး စစနှင့် ဆံပင်ရှည်ကို ဖိုသီဖတ်သီ စည်းထားသူတဦး ခန်းမထဲဝင်လာသည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုး သေချာကြည့်ထား။ အဲဒီ တကိုယ်လုံး ရှုပ်ရှက်ခတ်နေတဲ့သူက အေဘီစီဒီ ရုပ်မြင်သံကြား မီဒီယာက ကိုပဒေသာပင်တဲ့။ ခင်ဗျားက နတ် မီဒီယာ ထောင်မှာဆိုတော့ လူတွေကိုသိအောင် ပြထားရတာ။

ကြွက်စုတ်။     ။ ဟေ့ကောင် ဖိုးရှုပ် ငါလည်း မင်းတို့ကို အားကျလာပြီကွာ။ အန်ဂျီအိုလိုလို၊ နိုင်ငံရေးသမားလိုလို လုပ်နေရတာ သိပ်မချောင်တော့ဘူး၊ သတင်းထောက်လေး ဘာလေး လုပ်လို့မရဘူးလား။

ဖိုးရှုပ်။     ။ ဟာ ရတာပေါ့ကွာ။ ဒီပွဲမှာ ပညာရအောင်ယူ ကြားလား။ ဒီလိုပဲ ကြုံလို့ ဂျာနယ်လစ် ဝင်လုပ်တဲ့သူတွေ၊ အနောက်နိုင်ငံသွားဖို့ ထောက်ခံချက်ရချင်လို့ ဝင်လုပ်တဲ့ သူတွေ ဒီဖက်မှာ ပေါမှပေါပဲ။ ဘာမှတတ်စရာ၊ သိစရာ မလို။ အေးဆေး၊ အေးဆေး။

ဦးရုက္ခစိုး။     ။ ငါလည်း နတ်မီဒီယာလေး ဘာလေး ထောင်စားမလားလို့ ပညာလိုက်ယူတာမောင်။ နတ်မီဒီယာ ထောင်ပြီးရင် အဲဒီမီဒီယာမှာ ငါပဲ စီအီးအို၊ ငါပဲ အယ်ဒီတာချုပ်လုပ်မယ် ဟဲဟဲ။

ကြွက်စုတ်။     ။ ဟွန်း စီအီးအိုက လုပ်ဦးမယ်။ ခုတော့ ကက်ဆက်ကော ကင်မရာကော သူများဆီက ငှားထားရပြီးတော့။

ဦးရုက္ခစိုး။     ။ ဟ ဒါက အခိုက်အတန့်လေ။ ပြည်တွင်းမှာ မီဒီယာထောင်ဖြစ်ရင် ကြော်ငြာတာဝန်ခံ ချောချော လေးတွေ ခန့်မယ်။ ပြန်ကြားရေးဝန်ကြီးနဲ့ စိစစ်ရေး ညွှန်မှူးကို ဖားမယ်။ စာပေနဲ့ စာနယ်ဇင်းမှာ ဥက္ကဌဖြစ်ဖြစ် အတွင်းရေးမှူးဖြစ်ဖြစ် ဝင်လုပ်မယ်။ ဝန်ထမ်းတွေကို လစာ နည်းနည်းပဲပေးပြီး ငါပဲ အမြတ်များများ ရအောင်လုပ်မယ်။ ပြည်ပမီဒီယာဆိုရင် ပိုတောင် စားသာသေး၊ တောင်းတတ်ဖို့ပဲလိုတာ အလှူရှင်တွေဆီက တောင်းလို့ရသမျှ အကုန်တောင်းမယ်။ “အလှူရှင့်စိတ်ကြိုက် တို့စိတ်ကြိုက်” ဆိုတဲ့ အယ်ဒီတိုရီရယ် ပေါ်လစီအတိုင်း စနစ်တကျ စီမံ ဝါးတီးခုတ်မယ်။

ဖိုးရှုပ်။     ။ ဟာ ဦးရုက္ခစိုးတောင် မီဒီယာပါး တော်တော်ဝနေပြီပဲ။ ကဲကဲ တော်တော့ ခင်ဗျားတို့ကို ကျုပ် အယ်ဒီတာချုပ်နဲ့ အရင်မိတ်ဆက်ပေးမယ်။

ဖိုးရှုပ်က ပြောပြောဆိုဆို ဗိုက်ကလေး အနည်းငယ်စူ၍ ဖင်ကောက်နေသော အင်္ဂလိပ်အက္ခရာ အက်စ်ပုံသဏ္ဌာန်  လူတဦးနားသို့ ချဉ်းကပ်သွားရာ သူတို့နှစ်ဦးပါ ကုပ်ချောင်းချောင်းနှင့် လိုက်ပါသွားကြသည်။ ထိုသူက မျက်မှန်တပ်ထားသည့် လူစိမ်းတယောက်နှင့် စကားပြောနေသည်။

ဖိုးရှုပ်။     ။ ချိဖ် … ချိဖ်ကို ကျနော့် ဘော်ဒါတွေနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ ဒါက ကျနော့်သူငယ်ချင်း ကြွက်စုတ်၊ ဒါကတော့ ကြားဖူးမှာပေါ့ ဦးရုက္ခစိုး ဆိုတာလေ။ ဟေ့လူတွေ .. အဲ .. ဒါကတော့ ကျနော့်ရဲ့ အယ်ချုပ် ကိုဂေါ်ကြီး တဲ့။

ကိုဂေါ်ကြီး။     ။ ဟာ ဦးရုက္ခစိုးဆိုတာလား။ ခင်ဗျားအကြောင်း ကြားဖူးပါတယ်ဗျာ။ တွေ့ရတာဝမ်းသာတယ်။ ဒီတယောက်က ကြွက်စုတ်နော်။ ဟေ့ကောင် ဖိုးရှုပ်၊ သူတောင်းစားလေး။ မင်းကတော့ကွာ စောစောလာပါ ပြောထားရဲ့သားနဲ့ နောက်ကျတယ်။ တော်တော်ဆိုးတဲ့ကောင်။

ကိုဂေါ်ကြီးက သုံးယောက်လုံးကို ခြုံ၍ အသိအမှတ်ပြုလိုက်သည်။

ဦးရုက္ခစိုး။     ။ သြော် လက်စသတ်တော့ ကိုဂေါ်ကြီးဆိုတာ ခင်ဗျားကိုး။ ကြားဖူးနေတာတော့ ကြာပြီ။ တော်တော် ငယ်သေးတာပဲ။

ကိုဂေါ်ကြီး။     ။ ငယ်သေးတော့လည်း ဂေါ်လို့ကောင်းတာပေါ့ဗျာ၊ အဲ ယောင်လို့ အလုပ်လုပ်လို့ ကောင်းတယ် ပြောတာပါ။ ဒါနဲ့ သူ့ကို သိကြလား။ မိတ်ဆက်ပေးမယ် .. ဒါကတော့ ရန်ကုန်က “ဒလ” မီဒီယာဂရု ရဲ့ စီအီးအို လည်းဖြစ် အယ်ဒီတာချုပ်မှူးကြီးဆိုလည်း ဟုတ်တဲ့ ဦးမှိုမှို (ခေမိန္ဒ) ပါ။ နောက်က ခေမိန္ဒ ကတော့ သူ ကိုရင် ဝတ်တုန်းက ဘွဲ့ပေါ့။ မြန်မာပြည်မှာတော့ သူတို့မီဒီယာဂရု က အကြီးတကာ့ အကြီးဆုံးကြီးတွေ ထဲမှာ တခုအပါအဝင်ပေါ့ဗျာ။

ဦးမှိုမှို။     ။ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ဦးရုက္ခစိုးကော ဒီနှစ်ယောက်အကြောင်းကောက ခင်ဗျားတို့ “ဒေဝါလီ” အွန်လိုင်းမဂ္ဂဇင်းကို ကျော်ခွဝင်ရင်း ဖတ်ဖူးနေပါတယ်။

ဦးရုက္ခစိုး။     ။ ကျနော်လည်း ဝမ်းသာပါတယ်။ ဒါနဲ့ ခင်ဗျားက ဘယ်လိုဖြစ်လို့ အယ်ဒီတာချုပ်မှူးကြီး ဖြစ်နေတာလဲ။ ကျနော်တခါမှ မကြားဖူးလို့ပါ။

ဦးမှိုမှို။     ။ သြော် ဒါလား။ ကျနော်က ကျနော့် တပည့်၊ လက်အောက် ဝန်ထမ်းတွေကို ရာထူးကြီးကြီးတွေ ပေးချင်တယ်ဗျာ။ သူတို့လည်း လစာ တိုးပေးတာ၊ မပေးတာ အသာထား ရာထူးကြီးရင် ပျော်တာပေါ့နော်။ အဲဒီတော့ ကျနော့်အောက်က နင်းကန်ခွအလုပ်လုပ်ပြီး ကျနော်ဝင်ငွေတိုးရေးအတွက် အားကြိုးမာန်တက် လုပ်ပေးနေသူတွေကို အယ်ဒီတာချုပ် ရာထူး ပေးလိုက်တယ်။ အဲဒီတော့ ကျနော်က အယ်ဒီတာ ချုပ်မှူးကြီး အလိုလိုဖြစ်သွားတာပေါ့။

ဦးမှိုမှို၏စကားကိုကြားရာ ကိုဂေါ်ကြီးကပြုံးစေ့စေ့ ဖြစ်သွားသဖြင့် ဦးမှိုမှို ကျွဲမြီးတိုသွားသည်။

ဦးမှိုမှို။     ။ ခင်ဗျားက ဘာရယ်တာလဲ။ ခင်ဗျားတို့ ပြည်ပအခြေစိုက် မီဒီယာတွေကကော ဘာကောင်းလို့လဲ နအဖကျ ဖိရေး၊ အတိုက်အခံတွေကိုကျတော့ မဝေဖန်ရဲလို့ ဖော့ရေး။ ကြောက်လိုက်တာမှ တုန်လို့ မဟုတ်လား။

ထိုစဉ် ချင်းမိုင်အခြေစိုက် “မှားချင်တိုင်းမှား” သတင်းဌာနမှ သတင်းထောက်မလေး ဆပ်စလူးစိန် ကိုဂေါ်ကြီးနားသို့ ချဉ်းကပ်လာသဖြင့် ဦးမှိုမှို၏ တိုက်ခိုက်မှုဒဏ်မှ ခဏတာ ကင်းလွတ်သွားခဲ့သည်။

စပ်စလူးစိန်။     ။ ဦးဂေါ်ကြီးရှင့် .. ဦးဂေါ်ကြီးကို မေးခွန်းလေး နည်းနည်း မေးပါရစေ။

ကိုဂေါ်ကြီး။     ။ မေးပါ .. မေးပါ … ကျနော်က ခင်ဗျားတို့လို တက်ကြွတဲ့ မျိုးဆက်သစ် သတင်းထောက် လေးတွေကို ဂေါ်ချင်နေတာပါ၊ ဟာ … ယောင်လို့ ကြိုဆိုပါတယ်ဗျာ။

စပ်စလူးစိန်။     ။ ဟုတ်ကဲ့ ဦးဂေါ်ကြီးရှင့် … ဘာမေးရင်ကောင်းမလဲဟင် ..။ ဆောရီးနော်၊ ကြုံတုန်းလေး မေးလိုက်ဦးမှဆိုပြီး စဉ်းစားမိလို့ပါ။ မေးခွန်းကတော့ ပြင်ထားတာ မရှိဘူးလေ။ သမီးက ကက်ဆက်လေး ကင်မရာလေး ကိုင်ရတာကို ဖက်ရှင်တခုအနေနဲ့ အရမ်း သဘောကျလို့  ဒီအလုပ်ကို ဝင်လုပ်တာပါ။

ကိုဂေါ်ကြီး။     ။ အိုကေ အိုကေ ကိုယ် သဘောပေါက်ပြီ။ မေးမနေနဲ့တော့ ကိုယ့်ဘာသာ ဖြေမယ်။ လိုက်မှတ်။ ကျနော်တို့ ပြည်ပအခြေစိုက် မီဒီယာသမားတွေရဲ့ ဘဝက အရမ်းကို ကြမ်းတမ်းလွန်းပါတယ်။ ကျနော်ဆိုရင်ပဲ ကြည့် တနှစ်တနှစ် လိုအပ်ချက်ပြည့်မီအောင် တောင်းရမ်းနေရတဲ့ထဲ အတောင်းက မကျွမ်းကျင်၊ စားခွက် လုတာတွေ ကြုံရ၊ ဟိုဒင်းရဲ့အဝှာကို ဟိုဟာမျှော်ရသလိုပေါ့။ ကျနော်တို့က “ကယ်ပါ” တွေပေါ့ခင်ဗျာ။ မယဥ့်တယဉ် ပြောရရင် သူတောင်းစားတွေပါပဲ ….။

ဆပ်စလူးစိန်။     ။ ဟယ် … မေ့ပြီး ကက်ဆက် ဖွင့်မထားမိဘူးတော့။ အစက ပြန်ပြောပေးပါနော်။ အဟီး။

ကိုဂေါ်ကြီး။     ။ ဟိုက် …။

ကိုဂေါ်ကြီးနှင့် သတင်းထောက်မလေးတို့၏ အင်တာဗျူး အစီအစဉ်မှာ ထိုနေရာမှစတင်၍ အလွန့်အလွန် တိုးသွား သောကြောင့် ဆက်လက်ဖော်ပြ၍ မရနိုင်တော့ပေ။ ၎င်းအချိန်တွင် ဦးရုက္ခစိုးက ပါတီပေါင်းစုံအဖွဲ့ဝင် နိုင်ငံရေးသမားကြီး “ကိုကူးသန်း” နားသို့ ချဉ်းကပ်သွားသည်။ ကိုကူးသန်းမှာ အမူးလွန်ပြီး လျှာလေး၊ အာလေး ဖြစ်နေပေပြီ။

ဦးရုက္ခစိုး။     ။ မတွေ့တာကြာပြီနော် ကိုကူးသန်း။ ခင်ဗျား ခု ဘာတွေလုပ်နေလဲဗျ။

ကိုကူးသန်း။     ။ ကျုပ်လား၊ ခု ကျုပ် ဒတင်းဒေါက်လုပ်နေတယ်ဗျ။

ဦးရုက္ခစိုး။     ။ ဟာ အရင်ကတော့ ခင်ဗျားပဲ သတင်းသမားတွေကို ပက်ပက်စက်စက် ဝေဖန်ခဲ့တာနော်။ ဘယ်လိုဖြစ်တာလဲဗျ။

ကိုကူးသန်း။     ။ ဒါတော့ ဒါပေါ့ဗျာ။ အစကတော့ သတင်းသမား ဖြစ်ရခြင်းရဲ့ အရသာကိုမှ မသိဘဲဗျ။ ခုတော့ ကျနော်သိပြီ။ ဘာပဲဖြစ်ဖြစ် သတင်းသမားက အက်တီဗစ် ထက်တော့ အနေချောင်တာ အမှန်ပဲ။ အသိနောက်ကျလေခြင်းတောင် ထင်မိသေးတယ်။ ကျုပ်တယောက်ထဲ မဟုတ်ဘူးနော်။ အရင်က သတင်းသမားတွေကို အပီအပြင် တိုက်ခိုက်ခဲ့တဲ့ “ဒေါ်ပြောင်းလဲ” တို့ အုပ်စုလည်း ခု တတင်းဒေါက် လုပ်ကုန်ပြီ။

ထိုစဉ် ဝိုင်ခွက်ကိုကိုင်၍ လူအုပ်ထဲတွင် ထိုးထိုးထောင်ထောင် ဖြစ်နေသော ကတုံးကြီးတဦးကို ကြွက်စုတ် စိတ်ဝင်စားသွားသည်။

ကြွက်စုတ်။     ။ ဟေ့ကောင် ဖိုးရှုပ် .. ဟိုနားက ကတုံးကြီးက ဘယ်သူလဲကွ။

ဖိုးရှုပ်။     ။ အဲဒါက မစ္စတာ ဒန်အိုးဒန်ခွက်လေကွာ။ သူ့မီဒီယာကလည်း ရန်ကုန်မှာ နာမည်ကြီးပဲ။ သူ့ကို သွားဗျူးရအောင် … လာ လိုက်ခဲ့။

ဖိုးရှုပ်က ဆွဲခေါ်သွားသဖြင့် ကြွက်စုတ် ကန့်လန့်ကန့်လန့်ဖြင့် ပါသွားသည်။ ဦးရုက္ခစိုးကတော့ အသားညိုညို အရပ်ပုပု လူတဦး ဘေးနား ရောက်သွားပြီ။ ထိုပုဂ္ဂိုလ်မှာ ရန်ကုန်အခြေစိုက် “အီးယောင်ဝါး” မဂ္ဂဇင်း အယ်ချုပ် ဒေါက်တာဝမ်းတွင်းရူးဖြစ်သည်။

ဒေါက်တာဝမ်းတွင်းရူး။     ။ အဟမ်း … ကျုပ်ရဲ့ အယ်ဒီတာချုပ်သက်တမ်း ၅ နှစ်အတွင်းမှာ အယ်ဒီတိုရီရယ် ပေါင်း ၅၀၀၀ ရေးခဲ့ပြီးပါပြီ။ ကမ္ဘာက သိပါတယ်။ ကျနော့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ထိပ်တန်း နတ်ပြည် ခြောက်ထပ် တက္ကသိုလ်ကြီးကို တက်ခွင့် ရခဲ့ပါတယ်။ မြန်မာပြည်မှာ ကျနော့်လိုလူ တယောက်မှမရှိပါဘူး။ မယုံ ကျနော့်တပည့်တွေ မေးကြည့်ပါ ခင်ဗျ။

ရုက္ခစိုး။     ။ ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့။

ဒေါက်တာဝမ်းတွင်းရူး။     ။ ဒီနှစ်ထဲမှာလည်း ၃၇ မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အယ်ဒီတိုရီရယ် သုံးသောင်း ခုနစ်ထောင် ပြည့်အောင် ရေးမှာပါ။ ဒါက ယတြာချေတာပေါ့ခင်ဗျာ။ ကျနော်က တကယ်တော့ ဂျာနယ်လစ်လုပ်ချင်တာက အဓိက မဟုတ်ပါဘူး။ နိုင်ငံရေးလောကထဲ မဝင်ခင်စပ်ကြား နာမည်ကြီးချင်လို့ ဝင်လုပ်တဲ့သဘောပေါ့ဗျာ။ နောက်ပိုင်း နိုင်ငံရေးလုပ်တဲ့အခါမှာ ကျနော့်ကောင်းကြောင်းတွေ ရေးဖို့ မီဒီယာတခု နောက်ခံလုပ်ထားတာ ဆိုရင်လည်း မမှားပါဘူး။

ဒေါက်တာဝမ်းတွင်းရူးတို့ အနားက ခွာကာ ဖိုးရှုပ်က ကတုံးကြီးနားကို ချဉ်းကပ်သွားစဉ် သူ့ထက်ဦးသူ တယောက် ရောက်နှင့်နေပြီ။ ထိုသူက ဘန်ကောက် အခြေစိုက် မီဒီယာကြီးတခုမှ ဦးကလောင်များ(ခ) နေပြည်တော် သတင်းထောက်(ခ) ဦးပင့်ကူ(ခ) ဦးအော်တိုပတ်စ် ဖြစ်သည်။

ဦးအော်တိုပတ်စ်။     ။ ဒီမှာ မစ္စတာ ဒန်အိုးဒန်ခွက်။ ကျနော် နည်းနည်း အင်တာဗျူးမယ် ဖြေဗျာ၊ ခုဖြေ၊ မြန်မြန် ဖြေဗျာ။ ခင်ဗျားကလည်း လူကို စိတ်တိုအောင် လာဆွနေပြန်ပြီ။

ဒန်အိုးဒန်ခွက်။     ။ ဟိုဒင်း … ခင်ဗျား ကျုပ်ကို ဘာမှ မမေးရသေးဘူးလေ …။

ဦးအော်တိုပတ်စ်။     ။ သြော် ဟုတ်သားပဲ။ အဲဒါဆိုလည်း သတိပေးပေါ့ဗျ။ ဒီမှာ ခင်ဗျားရဲ့ အယ်ဒီတိုရီရယ် ပေါ်လစီကို သိချင်တယ် … ပြော။

သူ့ပုံစံက မဖြေလျှင် ကိုင်ထားသည့် ကက်ဆက်ဖြင့် ကောက်ရိုက်တော့မည် ပုံစံဖြစ်သောကြောင့် ကတုံးကြီးမှာ အကြောက်ကြောက် အလန့်လန့်နှင့် ဖြေလေတော့သည်။

ဒန်အိုးဒန်ခွက်။     ။ ဒါလား။ ဒါကတော့ ထွေထွေထူးထူး မဟုတ်ပါဘူးဗျာ။ ကျနော်တို့ ပြန်ကြားရေးဝန်ကြီး အစ်ကိုကြီး“ဆော်ကြမ်း” ဖြစ်စေချင်တဲ့ ပေါ်လစီဟာ ကျုပ်တို့ရဲ့ပေါ်လစီပါပဲ။ အစ်ကိုကြီးအနေနဲ့ ကျနော်တို့ကို လုပ်ခွင့်၊ ထုတ်ခွင့်တွေ ဖောချင်းသောချင်း ပေးထားတယ်။ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ ဆိုသလိုပေါ့။ ခြုံပြောရရင် ပေါ့နော် … ဒီလိုပဲ မီးစင်ကြည့်ပြီး ဖားရေးပေါ့။

ဦးအော်တိုပတ်စ်က “ပြီးရော” ဟု ဆောင့်ကြီးအောင့်ကြီး ပြန်ပြောကာ နောက်တဦးအနားသို့ ချဉ်းကပ်သွားသည်။ ကတုံးကြီးထံမှ အသံကို ဖိုးရှုပ် ခိုးဖမ်းထားပြီးဖြစ်ရာ ဘူဖေးအစားအသောက်များ ပြင်ထားသည့် စားပွဲနားတွင် အားပါးတရ စားနေသည့် အသားမည်းမည်း၊ ဝက်ခြံဗရပျစ်နှင့် ရွာသူကြီးပုံစံ လူတဦးနားကို ချဉ်းကပ်သွားသည်။ ထိုသူက ရန်ကုန်အခြေစိုက် “လျှပ်စီးလက်” ဂျာနယ်မှ အယ်ချုပ် ဦးဝမ်းချုပ်ဖြစ်သည်။

ဖိုးရှုပ်။     ။ ဆရာဝမ်းချုပ် ခင်ဗျား။ ဆရာ့အနေနဲ့ ဂျာနယ်လစ်ဇင် ဆိုတာကို ဘယ်လိုသဘောပေါက် ပါသလဲ။

ဦးဝမ်းချုပ်။     ။ ဟား ခင်ဗျားတို့ ချင်းမိုင်သတင်းထောက်တွေ တော်တော် ညံ့တာပဲ။ မှတ်ထား တနှစ်တခါ စာနယ်ဇင်း ကာရာအိုကေပြိုင်ပွဲလုပ်၊ မစ္စဂျာနယ်လစ်၊ မစ္စတာ ဂျာနယ်လစ် ရွေးပွဲလုပ်တာ ဂျာနယ်လစ်ဇင်ဗျ ငှဲငှဲငှဲ။ ဘာလဲ အားကျနေပြီမဟုတ်လား။ ကျုပ်တို့ ရန်ကုန်မှာ ဒီလိုပဲ ဂျာနယ်လစ်ဇင်တယ် သဘောပေါက်။

မိတ်ဆုံစားပွဲက အသက်ဝင် လှုပ်ရှားကာ ဆူညံလျက်ရှိသည်။ အားလုံး မူးရူး အော်ဟစ်၍ ကသူက ကကုန်ပြီ။ လူအားလုံး သတင်းနှင့်ပတ်သက်သည့် ကိစ္စမှလွဲ၍ ကျန်ကိစ္စများကိုပြောဆို ငြင်းခုန်နေကြသည်။ အေဘီစီဒီ မီဒီယာမှ ဗျူရိုချိဗ်က ပြည်တွင်းမှလာသည့် ဂျာနယ်လစ် “ကိုပွဲတိုင်းကျော်” နှင့် ဗမာလိုတဝက် အင်္ဂလိပ်လို တဝက် မှုတ်နေသည်။

အေဘီစီဒီဗျူရိုချိဗ်။     ။ အိုင်ဆေး ကိုပွဲတိုင်းကျော်။ အာယူ အိုကေပဲ မဟုတ်လား။ ယော်ဖေ့စ်က အဲဗရီး ဝှဲယား ပဲနော်။

ကိုပွဲတိုင်းကျော်။     ။ အဲဗရီးဝှဲယားဆို အစ်ကိုရယ် ကျနော့်လောက် သောက်သုံးကျတဲ့သူမှ မရှိဘဲ။ ကျနော်က မျက်နှာသစ်ကလေးတွေကို နေရာပေးချင်ပေမယ့် သူတို့က ညံ့လွန်းတော့ ကျနော်ပဲ ပွဲတိုင်းတက်နေရတာပေါ့။

အေဘီစီဒီဗျူရိုချိဗ်။     ။ အိုင်စီး အိုင်စီး။ ခင်ဗျားက သောက်လုံးလည်း အကြီးဆုံးပဲမဟုတ်လား။ ကျုပ်နဲ့လည်း အမြဲ ကိအင်တက်ခ်ျ လုပ်စမ်းပါဗျာ ဟဲဟဲ။

ထိုစဉ် လူတယောက် ခန်းမထဲဝင်လာသည်။ ထိုစဉ် ဘယ်သူက အော်လိုက်သည်မသိ “ဒိုနာ” ဟူသည့် အသံကြီး တသံ တခန်းလုံး လွှမ်းသွားရာ ပြည်တွင်းမှ ရောက်နေသော ဂျာနယ်လစ်များ ကြောင်နေခိုက် ပြည်ပ အခြေစိုက် မီဒီယာများမှ အယ်ဒီတာချုပ်ကြီးများမှာ အသင့်ဆောင်ထားသော ခွက်ကလေးများကိုဆွဲ၍ လျှပ်စီးလက်သည့် အလျှင်ထက် မနှေးသောအလျှင်ဖြင့် ထိုသူ့နားကို သူ့ထက်ငါဦးအောင် ပြေးကပ်လိုက်ကြတော့သည်။

မှားချင်တိုင်းမှား အယ်ချုပ်။     ။ ဟေ့လူတွေ ကျုပ်အရင်ရောက်တာနော်။

ကိုဂေါ်ကြီး။     ။ ဘာပြောတယ်။ ကျုပ်အရင်ရောက်တာဗျ။

အေဘီစီဒီ ဗျူရိုချိဗ်။     ။ ခင်ဗျားတို့ ငြင်းမနေနဲ့ ကျုပ်ကအရင်ဆုံး။

ရုက္ခစိုး။     ။ ကျုပ်လည်း ကြုံတုန်းဝင်တောင်းမယ်ဗျာ။ ခံစရာခွက်တော့မပါဘူး၊ ကျုပ်ရဲ့ဦးထုပ်နဲ့ခံတယ်။

ထိုစဉ် “ဒိုနာ” ဆိုသူကို အမေရိကန် လူငယ်တဦးက လာတွဲခေါ်သွားသည်။

လူငယ်။     ။ ဆောရီးပါဗျာ။ ကျနော့်ဦးလေးပါ။ သူ့နာမည်က မစ္စတာ “ဒိုနာ” လေ။ စိတ်သိပ်မနှံ့လို့ ကျနော်က လိုက်စောင့်ရှောက်နေရတာ။ ကျနော် အိမ်သာထဲ ဝင်နေတုန်း လစ်ထွက်သွားလို့ လိုက်ခေါ်ရတာဗျို့။

မှတ်ချက်။     ။ စာမျက်နှာ အခက်အခဲကြောင့် ထည့်သွင်းရေးသားခြင်း မပြုနိုင်သည့် ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ အနေနှင့် စိတ်ကွက်ခြင်း မရှိပါရန် အထူး အနူးအညွတ် တောင်းပန်အပ်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်