ဝေဒကဝိ အခါပေး မင်္ဂလာဆြာတေ၏ ၂၀၁၁ သင်္ကြန်စာတော်ကြီး

သုဝဏ္ဏ၊ သာကေတ၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ နေပြည်တော်။ တောင်ဒဂုံ၊ ယုဇန၊ ပျဉ်းမနား၊ မင်္ဂလာဒုံ၊ လယ်ဝေး ၊တောင်ဥက္ကလာ စပယ်ယာတို့ သံကုန်ကာ လူသာခေါ်ရင်း ဓိပ္ပာယ်လင်းသော် မျက်နှာသနပ်ခါး ပေါင်သေးချောင်းစီး လွှတ်တော်ကြီးသည် ပြီးပြီဆို၍ ပုတ်သင်ညိုအပေါင်း အိမ်ပြန်ညောင်း၏။ နဖူးပြောင်သူ မင်းလုပ်မူ၍ မထူးဇာတ်ခင်း တိုင်းပြည်တွင်း၌ မွဲသူဆက်မွဲ၊ ခိုးသူဆက်ခိုး၍ နေမြဲအတိုင်း ရှိခြေ၏။

sayartay၁၃၇၂ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၁ ရက်၊ ခရစ်နှစ် ၂၀၁၁ ခု ဧပြီလ ၁၄ ရက်၊ ကြာသပတေးနေ့ မြန်မာစံတော်ချိန် ၃ နာရီ၊ ၄၀ မိနစ်၊ ၄၉ စက္ကန့်တွင် ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် ရွှေအဆင်းနှင့်တူသော အဝတ်ကို ဖိုးချစ်ဇာတ်ထဲမှ ငှားဝတ်၍ မြင်းစီးမည် အကြံနှင့် မြင်းလိုက်ဝယ်ရာ မြင်းများရှင်လောင်းလှည့်နေသဖြင့် မအားလပ်သောကြောင့် မြင်းနှင့် ဆင်ဆင်တူသည့် လားကိုစီးကာ ရေသန့်ဘူးကို ပိုက်၍ အနောက်မှသည် အရှေ့မြောက်ထောင့်သို့ ဝင်၏။

မြန်မာပြည် အမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို အစိမ်းရောင်ဝမ်းဆက် ဝတ်ထားသူတဦးက ကိုင်၍ဝသောကြောင့် တကြောင်း၊ အင်တာနေရှင်နယ်က ဝိုင်းသမသည်ကို တခြားတယောက် ခံပါစေဟူသော စေတနာစိတ်နှင့်လည်းကောင်း ထိပ်အလွန်ပြောင်သည့် အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရောင်တို့ဖြင့် ရောသမမွှေအဆင်းရှိ ချိတ်ထဘီဝတ်ထားသူ တဦးကို လွှဲပြောင်း ပေးလိုက်၏။

ထို့ကြောင့် နိုင်ငံတကာ၌ မိုးရွာချိန်တွင် မိုးရေများ မိုးပေါ်က ကျအံ့၊ မြန်မာနိုင်ငံ၌ “အေးချမ်းသာယာရေး ကောင်စီ” မှ “အုပ်ချုပ်ရေးမှူးရုံး” ဟူ၍ ပြောင်းသွားသဖြင့် ဆိုင်းဘုတ်ရေးသူနှင့် တံဆိပ်တုံးလုပ်သူများ ဝင်ငွေကောင်းအံ့။ နိုင်ငံတကာ ခရီးသွားများ လေယာဉ်စီးရအံ့။ နွား၊ ဝက်၊ ဆိတ် အစရှိသည့် ခြေလေးချောင်း သတ္တဝါများ ဟင်းအိုးထဲ ရောက်လတံ့။ လူ့ဘုံလောကတွင် ပညာရှိသုခမိန်တို့ အလုပ်လက်မဲ့ ဖြစ်သောကြောင့် လေချည်းသာ ပေါနေသဖြင့် လက်ဘက်ရည်ဆိုင်တို့ လူစည်အံ့။ ဘုံဆိုင်တွင် အရက်ရောင်းအံ့။ ပြည်သူတို့ နှစ်လုံးထီ၊ သုံးလုံးထီနှင့် ဘောလုံး လောင်းကစား များများလုပ်ကြအံ့။ စနေနံနှင့် ပတ်သက်သော အရပ်ဒေသသို့ မသွားလိုသူများ စိတ်ညစ်ညစ်နှင့် သွားကြရအံ့။ စပါးမှ ဆန်ဖြစ်အံ့။ (ဤကား ဆြာတေ၏ မဟာသင်္ကြန်ကျ အဟောတည်း)

သင်္ကြန်အကျနေ့သည် ကြာသပတေးနေ့ ဖြစ်သောကြောင့် ကြာသပတေး သားသမီးတို့သည် သင်္ကြန်အကြတ်နေ့ ဖြစ်သော သောကြာနေ့၌ အလွန်ရေရှားသော အရပ်သို့သွား၍ “ရေ ရေ ရေရေရေ သောက်ဖို့ သုံးဖို့ရေ” ဆိုသည့် ကဗျာကို ၃ ကြိမ် ရွတ်ဆိုကာ ရေရအောင်ရှာ၍ နေပူထဲတွင် ဦးခေါင်းဆေးမင်္ဂလာ ပြုကာ ကြာသပတေးနံဖြစ်သည့် ပါရာစီတမော့ တလုံးကို ရေမပါဘဲ မြိုကြကုန်လော့။

တနင်္ဂနွေ သားသမီးတို့သည် - ဤနှစ်တွင် ပျော်စရာတွေ့လျင် ရယ်၍၊ ဝမ်းနည်စရာ တွေ့ပါက စိတ်သောက ရောက်အံ့။  တနင်္ဂနွေနံဖြင့်စသည့် အရက် ထုတ်လုပ် ရောင်းချသူများ “အရက်” ဆိုသော အမည်မပါအောင် ကြော်ငြာရိုက်ကူးရသဖြင့် အလုပ်ရှုပ်ကြအံ့။ အိမ်ထောင်ရှင် ယောက်ျားများ အိမ်စရိတ်မရှာနိုင်သဖြင့် အိမ်ရှင်မနှင့် အချင်းများမည်။ အိမ်ငှားများ နှစ်ချုပ်စေ့လျင် အိမ်ပြောင်းရမည်။ အချစ်ရေးတွင် အီးရော အီးရောဖြင့် အီလည်လည် ဖြစ်နေမည်။ အင်တာနက်ဆိုင် လုပ်ငန်း လုပ်သူတို့ အာဏာပိုင်များ၏ အကျပ်ခံရမည်။ အင်တာနက်လိုင်းများ နှေးမြဲနှေးမည်။ ကိုယ်ဝန်သည်များ ကိုယ်ဝန်ရှိစတွင် အန်နိုင်သည်။ သတိထားပါ။ ယတြာမှာ တနင်္ဂနွေနေ့တွင် အုန်းပင်ပေါ်တက်၍ အုန်းလက်ကို ခုတ်ပြီး “အေး” အမည်ပါသူတဦးအား အိမ်ထဲတွင် အင့်ခနဲ အသံထွက်အောင် ထုပါ။

တနင်္လာ သားသမီးတို့သည် - အရပ်ပုသောသူဖြစ်ပါက ဤနှစ်တွင် ပြန်ကြားရေးဝန်ကြီးတာဝန် ထမ်းဆောင်ရကိန်းရှိသည်။ ၎င်း၏အရပ်မှာ ခွေးပစ်သည့် တုတ်လောက်သာ ဖြစ်ပါက တနင်္လာနံဖြစ်သော ဂျာနယ်ထုတ်ဝေသူများနှင့် အကျိုးပေးမည်။ ခေါင်းညိတ်တော်သူများ ၃ သိန်းယူ၍ အိမ်ပြန်ရကိန်းကြုံသည်။ နေပြည်တော်တဝိုက် ကွမ်းစားခွင့် မရှိသဖြင့် ကွမ်းယာသည် များ နေပြည်တော်တွင် အလုပ်ဖြစ်ကိန်းမမြင်။ ခါးပိုက်နှိုက်များ ကားပေါ်တွင် ပိုအဆင်ပြေမည်။ အချစ်ရေးတွင် မိမိချစ်သူက အဖြေပေးခါနီး၌ ခလုပ်တိုက်ကိန်း ရှိသည်။ အိမ်ရှင်မများ ကြက်သွန်လှီးချိန် ချော်လှီးမိတတ်သည်။ သတိထားပါ။ အိမ်ထောင်ရှင်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ခက်ခဲမည်။ ခက်ခဲသဖြင့် ချဲထီထိုးပါက ထပ်မွဲမည်။ ယတြာမှာ တနင်္လာနေ့တွင် ခွေးတကောင်ကို ကင်းတဲတတဲတွင် ကြိုးဖြင့် ခိုင်ခိုင်ချည်၍ ခင်ဝမ်းသီချင်း တပုဒ်ကို သီဆိုရင်း ခုနစ်ခါ ခုန်ပါ။

အင်္ဂါသားသမီးတို့သည် - အစိမ်းရောင် နှစ်ခြိုက်သူများ ဤနှစ်၌ စီးပွားရေးလုပ်ပါက စုံးစုံးမြုပ်ကိန်းကြုံမည် ဖြစ်သောကြောင့် စိတ်ရောဂါရနိုင်သည်။ ဆင်ဖြူတော်မီပြီး ကြံစုပ်ချင်သူများ ကြံပင်စိုက်ပြီး ဆင်ဖြူမွေးရန် ခြံဝန်းကျယ်ကျယ် လိုအပ်လိမ့်မည်။ ဆိတ်သားရောင်းသူများ ဓားကိုင်ရမည်။ ညာတတ်သူများ အလုပ်ဖြစ်မည်။ ထမင်းကို ဇွန်းဖြင့်စားသူများ သတိထားပါ။ ဇွန်းပါ မြိုချမိတတ်သည်။ အချစ်ရေးတွင် ဇွဲကောင်းသူများ ဆက်လက် ဇွဲကောင်းရကိန်းမြင်သည်။ အိမ်ထောင်ရှင်များ ဈေးဖိုးပိုကုန် သဖြင့် ဇက်ကျောတက်ရောဂါ ရတတ်သည်။ ယတြာမှာ အင်္ဂါနေ့တွင် ဇော်ဂျီကဲ့သို့ ဝတ်ပြီး ဇီးကွက်တကောင်ကို ဖမ်း၍ ဈေးတွင် ခြင်္သေ့တံဆိပ်ပါသော အင်္ကျီဝတ်ထားသည့် စိတ်ရောဂါသည် တဦးနှင့် ဆွေးနွေးပွဲ ကျင်းပပါ။

ဗုဒ္ဓဟူးသားသမီးတို့သည် - ယခုနှစ်တွင် ရေကျောက်ပေါက်ကိန်း မြင်သည်။ ရွှေ အမည် ပါသူများ ရှိုက်ကြီးတငင် ငိုရမည်။  လျှပ်စစ်မီး အန္တရာယ်သတိထားပါ။ ဝါယာရှော့ကြောင့် မီးလောင်လျင် ထွက်မပြေးဘဲ သတင်းစာထဲတွင် ပြောထားသည့်အတိုင်း နေရာတွင်ပင် ရပ်နေပါ။ ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်း ဖြစ်လာပါက အရက်ကို ရေမရောဘဲ သောက်လျင် မူးတတ်သည်။ စိတ်မပူပါနှင့်၊ အရက်ရှိန်ပြေသွားပါက အမူးပြေမည်။ ရှက်တတ်သူများ ရှောင်လင်သိုင်း ကစားရတတ်သည်။ ရေနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ ဥပမာ - နွားနို့ရောင်းသူ၊ အရက်ပုန်းရောင်းသူ၊ ရေခဲရည်သည်။ အချစ်ရေးတွင် ရေရေရာရာ မရှိဘဲ ယောင်တောင်တောင် ဖြစ်နေတတ်သည်။ အိမ်ထောင်ရှင်များ ရန်များသည်။ ယတြာမှာ လသာသော ဗုဒ္ဓဟူးနေ့ညတွင် ရေဝေးသို့သွား၍ ရေခဲတုံးဖင်ခုထိုင်ကာ “ရဲတွေလာပြီ၊ ရဲတွေလာပြီ” ဟု ၉၉ ခါ တိတိ အော်ပါ။

ကြာသပတေးသားသမီးတို့သည် - မီးဖြင့်စသော အလုပ်ရတတ်သည်။ ဥပမာ - မီးနေစောင့်။ မမျော်လင့်ဘဲ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး သတင်းစာမျက်နှာဖုံးတွင် ဓာတ်ပုံပါကိန်းရှိသည်။ စီးပွားရေး လုပ်လိုသူများ မှားယွင်းတတ်သဖြင့် ယခုနှစ်တွင် ဘာမှ မလုပ်သင့်။ ဗိုက်ကြီးသည်များ လစေ့လျင် ကလေးမွေးကိန်းရှိသည်။ ပိုက်ဆံ အထွက်မြန်သလောက် အဝင်နှေးတတ်သည်။ မြန်မြန်ဝင်လိုပါက ပိုက်ဆံကျဲသော အလှူများသို့ များများသွားပါ။ အချစ်ရေးတွင် မေးထူးခေါ်ပြော အဆင့်က မတက်ဘဲ ဖြစ်နေမည်။ အိမ်ရှင်မများ မီးခဏခဏ ပျက်၍ မီးသွေးမီး မွှေးရသောကြောင့် မောကိန်းမြင်သည်။ ဈေးသွားသည့် အခါ သတိထားပါ။ ဈေးနှုန်းများ ကြားလျင် မိုက်ခနဲ ဖြစ်တတ်သည်။ မူးလျင် မမောင်းနှင့် မောင်းလျင်မမူးနှင့်ဆိုသော ဆောင်ပုဒ်ကို လက်ကိုင်ထားပါ။ မူးပြီးမောင်းသူများ ဘဲဥများ၏ ဖမ်းခြင်းကို ခံရတတ်သည်။ ယတြာမှာ ကြာသပတေးနေ့တွင် မိုက်ကရိုဖုန်းတလုံးကို မာန်ပါပါကိုင်ပြီး “မီးဘေးရှောင်၍ မလောင်ခင် တားကြပါ” ဆိုသော သီချင်းကို အရှေ့ ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် ကြားအောင် အော်၍ မောလာသည်အထိ ဆိုပါ။

သောကြာသားသမီးတို့သည် - ယခုနှစ်တွင် ထိပ်ပြောင်သူများ သမ္မတ ဖြစ်ကိန်းရှိသည်။ သို့သော်လည်း ဘဝင်မမြင့်ပါနှင့်၊ အနောက်ကွယ်က ချုပ်ကိုင်သူ သောကြာနံတဦး ရှိနေသည်ကို သတိပြုပါ။ သန်းသည် သိန်းထက်များသည်ကို မမေ့ပါနှင့်။ သိုက်နန်းရှင် ဘိုးဘိုးကြီးများနေထိုင်ရာ ဒေသတွင် နှလုံးဂဏန်း လာတောင်းသူများဖြင့် စည်ကားသိုက်မြိုက်မည်။ အချစ်ရေးတွင် သေတပန် သက်တဆုံး သစ္စာထားသော်လည်း သောကများမည်။ သန်းဝေတတ်သူများ အလုပ်ခွင်တွင် မသန်းမိပါစေနှင့်၊ အလုပ်ရှင်က ဟိန်းဟောက် လိမ့်မည်။ သဲဖြင့် အလုပ်လုပ်သူများ အလုပ်ဖြစ်မည့် ကာလဖြစ်သည်။ ဥပမာ - ဆောက်လုပ်ရေးကန်ထရိုက်။ သေသောသူများကို ကျော်သူ ကူညီလိမ့်မည်။ အိမ်ထောင်ရှင် အမျိုးသမီးများ ဈေးက ပြန်လာလျင် ဟောဟဲ ဟောဟဲ ဟု ပါးစပ်က မြည်လိမ့်မည် ဖြစ်သော်လည်း စိတ်မပူပါနှင့် ရေတခွက်သောက်လိုက်လျင် ပျောက်သွားလိမ့်မည်။ ယတြာမှာ သောကြာနေ့တွင် သိမ်ကြီးဈေးသို့သွား၍ သုံးပိဿာလေးသော သံချောင်းတချောင်းကို သယ်ကာ လေးဖြူ၏ “သံယောဇဉ်” သီချင်းကို ဟေမာနေဝင်း စတိုင်ဖြင့် သီဆိုပါ။

စနေသားသမီးတို့သည် - နာမည် ၈ လုံးမှည့်ထားပါက ပုဆိုးနှင့်ခေါင်းပေါင်းဝတ်ကာ တောင့်တောင့်ကြီး ရပ်၍ တည့်တည့် ကြည့် နေရတတ်သည်။ ပုဆိုး မဝတ်တတ်သဖြင့် တခါတရံ အခက်ကြုံရမည် ဖြစ်သော်လည်း စိတ်မပူပါနှင့်၊ ခါးပတ်ပတ်ထားပါ။ ထမင်းစားရင်း မကြာခဏ သီးတတ်သည်။ မသီးလိုသူများ ထမင်းမစားဘဲ ရေသောက် ဗိုက်မှောက်နေပါ။ ငွေကုန် သက်သာမည်။ ထဘီဝတ်သည့် အမျိုးသားများ ကောင်းစားသော နှစ်ဖြစ်သည်။ ပို၍ ကောင်းစားလိုပါက ဖြတ်ဖောက်ချုပ် လုပ်လိုက်ပါ။ အချစ်ရေးတွင် ထိန်းထိန်းသိမ်းသိမ်း မပြောဆိုတတ်သဖြင့် ထိပ်ထု ခံရတတ်သည်။ အိမ်ထောင်သည် အမျိုးသားများ နာရီမပတ်ပါက အချိန်မှန် အိမ်ပြန်မရောက်သောကြောင့် အိမ်ရှင်မနှင့် အချင်းများမည်။ ယတြာမှာ စနေနေ့ညနေ တိမ်တောက်ချိန်တွင် တောက်တဲ့တကောင်ကို တည့်တည့် စိုက်ကြည့်ရင်း တွံတေးသိန်းတန်သီချင်းတပုဒ်ကို အိမ်နီးချင်းများက တော်ပါပြီဟု မပြောမချင်း သီဆိုပါ။

အတာဆန်းထူး နှစ်ဟောင်းကြူး၍ တန်ခူးလသည် နှစ်အမည်ကား ၂၀၁၁ တည်း။ နှစ်ကို သုံးစောင့်၏။ လ ကို မီးပျက်ညတိုင်း စောင့်၏။ ရက်ကို နှလုံးထီထိုးသူများ စောင့်၏။ မြေကို ဇေကမ္ဘာကုမ္ပဏီ၊ ယုဇနကုမ္ပဏီတို့ သိမ်းရန် စောင့်၏။ ရေကို ရန်ကုန် တိုက်ခန်းနေသူများ စောင့်၏။ မိုးကို ရေမရသူများ စောင့်၏။ တောကို ချင်းမိုင်ရုက္ခစိုး စောင့်၏။ လူတို့၏ အဓိပတိကား သူခိုး၊ တိရစ္ဆာန်တို့၏ အဓိပတိကား ခြင်္သေ့၊ ငှက်တို့၏ အဓိပတိကား နေပြည်တော် ဆာဖာရီနေ ပင်ဂွင်း၊ ဝါးတို့၏ အဓိပတိကား ငါးမျှားတံ၊ မြက်တို့၏ အဓိပတိကား နွား။ မိုးတွင်းတွင် မိုးရွာပါက မိုးရေရအံ့၊ တခါတရံ မိုးခြိမ်းပြီး လေတိုက်အံ့။ စပါးစိုက်သော သူများ ဝမ်းစာစပါးမချန်နိုင်ဘဲ အစိုးရကို ရောင်းရလတံ့၊ မြေပေါ်ဖြစ်သမျှ သစ်ပင်များ အရွက်ကြွေအံ့၊ ကဆုန်လ မိုးသံကြားအံ့၊ မိုးရွာလျင် ဖားအော်လတံ့။ မိုးရေထွက်ချိုးသော ကလေးများနှာချေအံ့၊ ရေအိုင်များတွင် ဆင်းကစား သူများ ဝဲပေါက်လတံ့။ သီတင်းကျွတ်လျင် မိုးကုန်အံ့။ မင်္ဂလာဆောင်များ ကျင်းပအံ့။ ဤနှစ် ဖွားသူများ နာမည်ရှည်ရှည် ဆန်းဆန်း ပေးပါက ခေါ်ရခက်ပြီး နာမည်ပြောင်ပေးခံရအံ့။ ဤကား ဆြာတေ၏ အတာစက္ခု အလိုတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်