တရေးနိုးသော် အကြံပေါ် … ပေါ်သောအကြံ ...

Wednesday, 06 July 2011 17:36 ထွေရာလေးပါး
Print
ဖိုးရှုပ်။      ။ ထိုင်း ရွေးကောက်ပွဲမှာ အတိုက်အခံဘက်က ရလွတ်ပလွတ်ရဲ့ အဖုအထစ် ပါတီက မဲ အပြတ်အသတ်နဲ့ နိုင်သွားပြီကွ။

ကြွက်စုတ်။     ။ အင်း … တို့ မြန်မာပြည်နဲ့များ ကွာပါ့ကွာ ...။ အတိုက်အခံက နိုင်လိုနိုင်၊ လက်ရှိအာဏာရ ပါတီက ရှုံးပါတယ် ဆိုတာ ဝန်ခံလို ဝန်ခံနဲ့။

cmnatဖိုးရှုပ်။     ။ အေးလေ … မဲ ရေတော့လည်း လူမြင်ကွင်းကြီးမှာ ...။ မဲရေနေတုန်း မီးလေးတောင် တချက် မပျက်ဘူး။

ကြွက်စုတ်။     ။ ကြည့်ရတာ ကြိုတင်မဲတွေ ဘာတွေလည်း လုပ်တတ်ပုံ မရပါဘူးကွာ။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးသား ရှားရှားပါးပါး အတိုင်အဖောက်ညီကာ စကားပြောနေကြခြင်းဖြစ်သည်။ ချင်းမိုင်မြို့က ဝါဝီ ကော်ဖီဆိုင်တွင် ဖြစ်၏။ စကားကောင်းနေစဉ် သူတို့အနား၌ ဦးရုက္ခစိုး ဗြုန်းခနဲ ပေါ်လာလေသည်။

ကြွက်စုတ်။     ။ ဟင် … ဦးရုက္ခစိုး … ပုဂံ သွားမလို့ဆို။

ရုက္ခစိုး။     ။ သွားတယ်လေ … အခုပဲ ပြန်လာတာ။ ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိက ပုပ္ပားသွားမှာဆိုတော့ ငါ လိုက်မသွားတော့ဘူး။ ပုပ္ပားက နတ်တွေရဲ့ နေရာမဟုတ်လား။ တော်ကြာ ငါ့ မိတ်ဟောင်းဆွေဟောင်းတွေက ဆွဲထားရင် ပြန်လာလို့မရမှာ စိုးလို့။

ထိုစဉ် သူတို့ရှိရာသို့ အမျိုးသမီးတဦး ရေးကြီးသုတ်ပျာ ရောက်လာပြီး “ခုတော့ ကျမ သိပြီ” ဟု ခရီးရောက်မဆိုက် ပြောလေသည်။

ဖိုးရှုပ်။     ။ ဟင် … ဝက်ဝံရွှေရည် … အယ် ဟုတ်ပါဘူး … ဒေါ်ဖလန်းဖလန်းဘု ပါလား … ခုတော့ ကျမသိပြီ ဆိုတော့ ကျနော်က ကြော်ငြာရိုက်တဲ့ မင်းသမီးမှတ်လို့။ ဘာလဲ ဒေါ်ဖလန်းဖလန်းဘုလည်း ပါတီထောင်ရတာ စိတ်ပျက်ပြီး မော်ဒယ်လ် လောကထဲ ဝင်တော့မလို့လား။

ဘု။     ။ ကြော်ငြာရိုက်မလို့ မဟုတ်ဘူး … လူရိုက်မလို့ဟေ့ လူရိုက်မလို့။

ရုက္ခစိုး။     ။ ဘာတွေ ဖြစ်လာတာလဲ ဒေါ်ဖလန်းဖလန်းဘုရယ်။ ဘယ်လိုလုပ်ပြီး ချင်းမိုင်ရောက်လာတာလဲ။ မြန်မာပြည်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးဂေါက်ပွဲ မဝင်တော့ဘူးလား။

ဘု။     ။ မဝင်ဘူးလေ အဲဒါကြောင့် ချင်းမိုင်မှာ လာရှောင်နေတာပေါ့။ အခုတော့ ကျမသိပြီ ဆိုတာ အဲဒါကိုပြောတာ။

ကြွက်စုတ်။     ။ ဘာဖြစ်လို့လဲ … ရှင်းစမ်းပါဦး … ။

ဘု။     ။ ကျမတို့ မြန်မာပြည်က ရွေးဂေါက်ပွဲကြီးက လုံးဝ … လုံးဝ တရားမျှတမှုမရှိဘူး။ ရှင်တို့ သိကြရဲ့လား။ အဲဒါကို အခု ကျမ သိပြီလို့ ပြောတာ။

ဖိုးရှုပ်။     ။ သြော် … အခုမှ သိတာလား။

ကြွက်စုတ်။     ။ ရွေးဂေါက်ပွဲပြီးတာ ၉ လဆိုတော့ သိတာ တော်တော် စောနေသေးသလားလို့ ...။

ဘု။     ။ စောတာပေါ့ရှင့် … ကျမတို့က အများကြီး စောနေသေးတယ်။ လုံးဝ မသိသေးတဲ့သူတွေ ရှိသေးတယ်သိလား။

ရုက္ခစိုး။     ။ အဲဒါ ရွဲ့ပြောတာဗျ။ သူများတွေက သိတာ ရွေးဂေါက်ပွဲ မစခင်ကတည်းကပဲ။ အခုမှ ခင်ဗျားက တရေးနိုးနေလို့...။

ဘု။     ။ ဘာပဲဖြစ်ဖြစ်လေ … တရေးနိုးသော် အကြံပေါ်တဲ့ ...။ အခုထိ ဒါကို မသိသေးတဲ့သူတွေက ကြားဖြတ်ရွေးဂေါက်ပွဲ ဆိုတာကို ဝင်ဦးမတဲ့။ ကျမကတော့ လုံးဝ မဝင်ရေးချ မဝင်ဘဲ။

ဖိုးရှုပ်။     ။ စိတ်ကြီးတယ်နော်။ ဒေါ်ဖလန်းဖလန်းဘုနဲ့ အတူတူ ဟိုအမျိုးသမီး ပါတီခေါင်းဆောင် ၂ ယောက်ကော။

ဘု။     ။ သူတို့လည်း ကျမနဲ့ တသဘောတည်းပဲလေ။ တော်တော် အသုံးမကျတဲ့ အစိုးရ … ။ အခုတော့ ကြည့်စမ်း … ထိုင်းက ဦးသွားပြီ။ တကယ်ဆို ကျမတို့က အရင် ရွေးဂေါက်ပွဲ ကျင်းပတာပဲဟာ။ ကျမတို့ဆီက အရင်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ရမှာ။

ကြွက်စုတ်။     ။ ဟုတ်တယ် ဟုတ်တယ်။ ဟိုက ရလွတ်ပလွတ်ကလည်း ဝန်ကြီးချုပ်ဟောင်းညီမ ...၊ ဒီကလည်း ဝန်ကြီးချုပ်ဟောင်း သမီးပဲ ...။ ဘာများကွာလို့လဲ။ ပြီးတော့ ရလွတ်ပလွတ်က နိုင်ငံရေးလောကကို ၆ ပတ်ထဲနဲ့ ဝင်လာတာ ဒေါ်ဖလန်းဖလန်းဘု တို့ဆို နိုင်ငံတကာမီဒီယာကတောင် မင်းသမီး ၃ ပါးဆိုပြီး ရေးရတာ မဟုတ်လား။

ဘု။     ။ ဟုတ်တာပေါ့။ တကယ်ဆို ကျမလည်း စဉ်းစားထားပြီးသားပါ။ တကယ်လို့သာ ကျမတို့ တယောက်ယောက် ဝန်ကြီးချုပ် ဖြစ်လို့ကတော့ … အားလုံးကို ပြောင်းလဲပစ်လိုက်မှာ။

ဖိုးရှုပ်။     ။ ဟာ … ရည်ရွယ်ချက်တော့ ရှယ်ပဲ။ ဘာတွေကို ဘယ်လို ပြောင်းလဲမှာလဲ။ လူမှုရေး၊ စီးပွားရေး … ပညာရေး ...။

ဘု။     ။ အဲဒါတွေကတော့ နောက်ပိုင်းကိစ္စ ပေါ့နော်။ ကျမတို့ ၃ ယောက်ထဲက တယောက်ယောက် ဝန်ကြီးချုပ် ဖြစ်ရင် လွှတ်တော်ထဲက ဝတ်ပုံစားပုံတွေ အကုန်လုံး ပြောင်းပစ်လိုက်မယ်။ ထိုင်းမှာ နိုင်သွားတဲ့ ရလွတ်ပလွတ်လိုမျိုး ဝတ်ပစ်လိုက်မယ်ဆိုပြီး စဉ်းစားထားတာ။ အခုတော့ ကြိုတင်မဲတွေကြောင့် ကျမတို့ တယောက်မှ မနိုင်ဘူးလေ။ ဒါ အမျိုးသမီး အခွင့်အရေးကို သက်သက် ချိုးဖောက်တာပဲ။

ကြွက်စုတ်။     ။ ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ဒါနဲ့ … ကြားဖြတ်ရွေးဂေါက်ပွဲကို မဝင်တော့ဘူး ဆိုတော့ နောက် ၅ နှစ်မှာ ထပ်ကျင်းပမယ့် ရွေးဂေါက်ပွဲကြီးကိုကော ...။

ဘု။     ။ ဝင်မှာပေါ့ ...။

ဖိုးရှုပ်။     ။ ဟို … ခုနကပြောတော့ ရွေးဂေါက်ပွဲက လုံးဝ တရားမျှတမှု မရှိဘူးဆို။

ဘု။     ။ ဒါက ပြီးခဲ့တဲ့ဟာကို ပြောတာလေ။ နောက်လာမယ့်ဟာကို ကျမတို့က ဘယ် ကြိုပြောလို့ဖြစ်မလဲ။ ကြိုပြောရင်လည်း ဘယ် တရားပါ့မလဲ ပေါ့နော်။ အဲဒီတော့ ဝင်ကြည့်လိုက်မယ်လေ ...။ ပြီးမှ တရားမျှတလား မမျှတလားဆိုတာ ပြောမှာပေါ့။

ကြွက်စုတ်။     ။ အမှတ်မရှိဘူး ဆိုတဲ့ သဘောပေါ့နော်။

ရုက္ခစိုး။     ။ ကြိုတင်မဲတွေနဲ့ ၂၀၁၀ လိုပဲ အနိုင်ယူသွားရင် ဘယ်လိုလုပ်မလဲ။

ဘု။     ။ ဘယ်ရမလဲ ကျမတို့ မဟာမိတ်ပါတီတွေ ဘက်ကလည်း အားလုံး စီစဉ်ထားပြီးသားပါ။

ကြွက်စုတ်။     ။ ဟာ ဟုတ်လား။ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေ ပြည်တွင်းက ရွေးဂေါက်ပွဲ စောင့်ကြည့်မယ့်သူတွေ အများကြီးထားပြီး ရွေးဂေါက်ပွဲမှာ တရားမျှတဖို့၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီလုပ်ဖို့ မရရအောင် တောင်းဆိုမှာပေါ့ ...။ မိုက်တယ်ဗျာ။

ဘု။     ။ ဟင့်အင်း … မဟုတ်ပါဘူး။ ကျမတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်ထားတာကို ပြောတာ။

ဖိုးရှုပ်။     ။ ဟာ ဟုတ်လား … ဒါလည်း စိတ်ဝင်စားဖို့ ကောင်းတာပဲဗျ။ ဘာတွေများ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်ထားတာလဲ။ ပြောပြပါဦး။

ဘု။     ။ စီစဉ်ထားပြီးသား … မပူနဲ့ ကျမတို့အားလုံး ဗေဒင်မေးကြမယ်၊ နတ်ကန္နားပေးမယ်၊ ယတြာခြေမယ်။ ဦးရုက္ခစိုးလည်း ကူညီရမယ်နော်။ အခုလည်း ကျမ ထိုင်းမှာ ဘာနတ်တွေ နာမည်ကြီးလဲ လာရှာတာ။ ပြီးရင် အိန္ဒိယက နတ်တွေ သွားရှာမယ်၊ စင်ကာပူက နတ်တို့ ကမ္ဘောဒီးယားကတော့ ဗေဒင်ဆရာတယောက် နာမည်ကြီးတယ်ပြောလို့ သွားရှာရဦးမယ်။

ကြွက်စုတ်။     ။ အိန္ဒိယကနတ် ဆိုရင်တော့ ရာဗိန္ဒြာနတ် တဂိုး ဖြစ်မယ်ထင်တယ်။

ကြွက်စုတ်က နောက်လိုက်သည်ကို ဒေါ်ဖလန်းဖလန်းဘုက လုံးဝ ဂရုမစိုက်ဘဲ “အဲဒါကြောင့် ကျမ အနေနဲ့ နောက်ဆုံး ပြောချင်တာ ကတော့ အရင်က ရွေးဂေါက်ပွဲမဝင်ဘူးဆိုပြီး တင်းခံနေတဲ့ သူတွေလည်း လာမယ့် ၅ နှစ်မှာ ကျင်းပမယ့် ရွေးဂေါက်ပွဲကြီးကို ဝင်ကြပါလို့ … လေးလေးနက်နက် တိုက်တွန်းလိုပါတယ်ရှင်” ဟု မဲဆွယ်သည့်အခါ ပြောသည့် လေ အတိုင်း ခပ်တည်တည် ဆက်ပြောသည်။

ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “ဟိုလူတွေ တကယ်မျက်နှာပြောင်တယ် ဆိုတာ မယုံသေးလို့ ထပ်စမ်းကြည့်မှာ ထင်တယ် … အင်း ဒုက္ခ … ဒုက္ခ” ဟု တွေးလိုက်သည်။

ဘု။     ။ အဲဒီလို ဝင်ကြည့်လိုက်တဲ့ အခါမှာ ဘာဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါ။ အားလုံး သိသွားပါလိမ့်မယ်။ ကဲ … အားလုံးပဲ သွားလိုက်ဦးမယ်နော်။ လောလောဆယ် ဗိုက်ဆာလာလို့ ထိုင်းက နတ်တပါးပါးကို ရှာမတွေ့သေးခင် ဒိုးနတ် သွားဝယ် စားလိုက်ဦးမယ်။

ဒေါ်ဖလန်းဖလန်းဘု ထွက်ခွာသွားသော်လည်း ဖိုးရှုပ်၊ ကြွက်စုတ်တို့အတွက် မေးခွန်းများစွာ ချန်ခဲ့လေသည်။

ဖိုးရှုပ်။     ။ အဲဒီလို ရွေးဂေါက်ပွဲ ဝင်ကြည့်လိုက်ရင် ဘာဖြစ်မယ် ထင်သလဲ ကြွက်စုတ်။

ကြွက်စုတ်။     ။ ဘာဖြစ်မလဲ ဆိုတော့ မဲဆွယ်တာတွေ ဘာတွေ လုပ်ရလို့ အလုပ်ရှုပ်မယ်၊ အာညောင်းမယ်။

ဖိုးရှုပ်။     ။ မဟုတ်သေးဘူးကွ … ရွေးဂေါက်ပွဲဝင်ဖို့ တင်ရတဲ့ ပိုက်ဆံ ဆုံးမှာ။

ကြွက်စုတ်။     ။ ဒေါ်ဖလန်းဖန်းဘုက သိသွားပါလိမ့်မယ်လို့ ပြောသွားတယ်နော်။ ငါ့အထင်တော့ မဲလိမ် မဲခိုးတာတွေ၊ ကြိုတင်မဲတွေအကြောင်း သိသွားပါလိမ့်မယ်လို့ ပြောတာထင်တယ်။

ဖိုးရှုပ်။     ။ ဟ … အဲဒါက အကုန်လုံး သိပြီးသားပဲဥစ္စာ။ သူတို့က အခုမှသိလို့သာ အသစ်ဖြစ်နေတာ။ ဒါ အဟောင်းကြီးပဲ။ ဖြစ်နိုင်တာက နောက်တခါ အလိမ်ခံဖို့ ပိုက်ဆံစုမယ်လို့ ပြောတာဖြစ်မယ်။

ကြွက်စုတ်။     ။ သိပြီကွ … သူ ခုနက ပြောသွားသေးတယ်လေ။ တရေးနိုးသော် အကြံပေါ် … တဲ့။ ပေါ်သောအကြံ ရွေးဂေါက်ပွဲ ပြန်ဝင်ရန် ဖြစ်မယ်။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ဒေါ်ဖလန်းဖလန်းဘု စကားကို ဦးနှောက်စားနေကြစဉ် ဦးရုက္ခစိုးက “မင်းတို့ လူ့ပြည် လူ့ရွာကလည်း ကွာ … သိပြီးသားပုစ္ဆာတွေကိုပဲ အဖြေထပ်ထပ် ထုတ်နေကြတယ်။ ပျင်းစရာကြီး။ ငါတော့ ပုပ္ပားက နတ်တွေဆီ ပြန်သွားပြီး ကြွေအံလေး ဘာလေး သွားကစားလိုက်ဦးမယ်” ဟု ပြောကာ ပျောက်ကွယ်သွား လေတော့သည်။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။