မြန်မာ့အရှက် ကမ္ဘာတွင် ဂွမ်းစေရမည်

“တောင်းပန်တယ်ဗျာ … တလောကလုံးကို ဗြောင်းဆန်နေတာပဲ။ တကယ်ညစ်နေတယ် ဆိုတာတော့ လုပ်ဇာတ် မဟုတ်ပါဘူး။ ပရိသတ်ကြီးရယ် ...အဲဟယ် အဲဟယ် … ယို့ ယို့”

တိုင်ဖွန်းမုန်တိုင်း အဖျားခတ်သဖြင့် တစိမ့်စိမ့်ရွာနေသော မိုးကြောင့် အပြင်မထွက်နိုင်ဘဲ “ဟိုလို” ထမင်းဆိုင် တွင်သာ ထိုင်၍ ပွားနိုင်ရှာကြသော ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့သည် ပြင်ပက လူကိုမမြင်ရဘဲ ကြားလိုက်ရသည့် အသံကြောင့် ပြောလက်စ စကားကို ရပ်၍ နားစွင့်လိုက်ကြသည်။

cmnatဖိုးရှုပ်။     ။ ဟာ … အဆိုတော် ဇိုင်းကနိုင်းပန်းလှိုင် ထင်တယ်။ ဘယ်လိုက ဘယ်လို ချင်းမိုင် ရောက်လာတာပါလိမ့်။

ကြွက်စုတ်။     ။ ဇိုင်းဂနိုင်းဆိုရင်တော့ ငါက ခရေဇီပဲ ...။ ကြုံတုန်းလေး ခြေသလုံးမှာ လက်မှတ်ထိုးခိုင်းဦးမှ ...။

သူတို့စကားမဆုံးခင် ဆိုင်အတွင်းသို့ အသံရှင်ဝင်လာသည် ...။

ရုက္ခစိုး။     ။ ဟ … ဘယ်က ဇိုင်းဂနိုင်းပန်းလှိုင်ကမှာလဲ … သေချာကြည့်ဦး … မြန်မာ့ဘောကောက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပေါ်ပေါ်ကွ။

“ဦးပေါ်ပေါ်က ဟစ်ပ်ဟော့ သီချင်းတွေဘာတွေ ဆိုလို့ဟ … သူ့ခေါင်းမှာလည်း ဆိုင်ကယ်စီးတဲ့ ဟဲလ်မက်ကြီးနဲ့။ တခြား ဟစ်ပ်ဟော့ အဆိုတော်တွေက ဘေ့စ်ဘောလ်ဦးထုပ်ဆောင်းလို့ သူက အသစ်ထွင်တာဖြစ်မယ်” ဟု ကြွက်စုတ်က ပြောလိုက်သည်။

ဖိုးရှုပ်။     ။ ဟုတ်ပါ့ မျက်နှာမှာလည်း တက်တူးတွေနဲ့။ ဦးပေါ်ပေါ်က ဇိုင်းဂနိုင်းပန်းလှိုင်ထက်တောင် ပိုလန်းနေပါလား။

ပေါ်ပေါ်။     ။ (တရှုံ့ရှုံ့ ငိုရင်း) ဘာပြောတယ် … ကျုပ်က ဘာကိစ္စ ဇိုင်းဂနိုင်းပန်းလှိုင်ထက် လန်းရမှာလဲ။ လာနောက် နေတာလား။ ဒီမှာ စိတ်ညစ်နေတာနော်။

ရုက္ခစိုး။     ။ ခုနက ဦးပေါ်ပေါ်က ဇိုင်းဂနိုင်းရဲ့ သီချင်းကို ဆိုနေတာကြားတော့ ကျုပ်တို့က ခင်ဗျားကို ဟစ်ပ်ဟော့ အဆိုတော် လုပ်တော့မယ် မှတ်နေတာလေ။

ပေါ်ပေါ်။     ။ မဟုတ်ရပါဘူးဗျာ။ မြန်မာဘောလုံး ပရိသတ်ကို တောင်းပန်ရင်း အကျင့်ပါသွားလို့ပါ။

ဖိုးရှုပ်။     ။ မသိပါဘူးဗျာ တခြား ဟစ်ပ်ဟော့ အဆိုတော်တွေလို ဘေ့စ်ဘောလ် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းပြီး ထွင်တာ အောင့်မေ့လို့။

ပေါ်ပေါ်။     ။ ရေသန့်ဘူးနဲ့ အထုခံရရင် ကာကွယ်ပြီးသားဖြစ်အောင် ကြိုဆောင်းထားတာပါဗျာ။ ဒါ ဂျပန်အစစ်နော်။ တရုတ်လုပ်မဟုတ်ဘူး။

ဦးပေါ်ပေါ်က ဟဲလ်မက်ကို ချွတ်ပြီး စားပွဲပေါ်တွင် တဒေါက်ဒေါက် ခေါက်ပြနေသေးသည်။

ကြွက်စုတ်။     ။ သြော် ဒီလိုလား ...။ ဒါနဲ့ မျက်နှာက တက်တူးတွေကကော ...။

ပေါ်ပေါ်။     ။  အဲဒါ တက်တူးမဟုတ်ဘူးဗျ။ အိုမန်နဲ့ ပွဲတုန်းက ကွင်းထဲဝင်လာတဲ့ ထီးပျံတွေကို ရှောင်ရင်း ပွတ်ထိ သွားတဲ့ ဒဏ်ရာတွေ။

ဖိုးရှုပ်။     ။ ဦးပေါ်ပေါ်က ချင်းမိုင်ကို ဘာလာလုပ်တာလဲ ...။

ပေါ်ပေါ်။     ။ ဆေးလာကုတာ။

ရုက္ခစိုး။     ။ မျက်နှာက ဒီဒဏ်ရာလေးတွေလောက်ကို ချင်းမိုင်အထိ ဆေးလာကုတယ်လား။

ပေါ်ပေါ်။     ။ အာ … ဒီဒဏ်ရာတွေ ကုဖို့မဟုတ်ပါဘူး။ အရူးလက်မှတ် လိုချင်လို့။ မြန်မာပြည်က အရူးလက်မှတ်ထက် ထိုင်းက အရူးလက်မှတ်က ပိုထိရောက်မယ် ထင်လို့။ ချင်းမိုင်က စိတ်ရောဂါကု ဆေးရုံက နာမည်ကြီးမဟုတ်လား။

ကြွက်စုတ်။     ။ အရူးလက်မှတ်က ဘာလုပ်ဖို့လဲဗျ။

ပေါ်ပေါ်။     ။ ဘာလုပ်ရမလဲဗျ။ ဖီဖာက အိုမန်နဲ့ ခြေစစ်ပွဲ ကိစ္စနဲ့ ကျုပ်ကို အရေးယူရင် ဒီလက်မှတ်ပြပြီး ကွင်းလုံးကျွတ် လွတ်အောင် လုပ်ရမယ်လေ။ အဓိကကတော့ ကွင်းထဲဝင်သွားတဲ့ ပစ္စည်းတွေကိစ္စ ဒဏ်ကြေးတပ်ရင် ကျုပ် ရူးနေလို့ ဒါမျိုး ဖြစ်သွားတာပါ ဆိုပြီးလုပ်ရအောင် ဆောင်ထားတာ။

ရုက္ခစိုး။     ။ ကမ္ဘာ့ဘောကောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆပ်ပလာတာက မြန်မာပြည်လာဖူးတယ် မဟုတ်လား။ ခင်ဗျား ရူးချင်ယောင် ဆောင်တာ သိမှာပေါ့။

ပေါ်ပေါ်။     ။ သြော် … ဦးရုက္ခစိုးရယ်။ ဒီလိုပဲ သိသိကြီးနဲ့ပဲ လုပ်နေကြတာပဲဟာ။ ပလာတာက စားလို့ကောင်းပါတယ် … အဲ … ပလာတာက သဘောကောင်းပါတယ်ဗျ။

ဖိုးရှုပ်။     ။ အရူးလက်မှတ်ရှိရင် ဖီဖာက ဒဏ်မတပ်ဘူးတဲ့လား။

ပေါ်ပေါ်။     ။ အဲဒါတော့ သေချာ မသိဘူးလေ။ ဒါပေမယ့် မြန်မာပြည်မှာ စစ်တပ်ထဲက ထွက်ချင်ရင် တခြားအကြောင်း ပြလို့မရဘူးလေ။ ရူးတယ်ဆိုမှ ထွက်လို့ရတာ မဟုတ်လား။ အဲဒါကြောင့် ကျနော်လည်း လိုရမယ်ရပေါ့။

ရုက္ခစိုး။     ။ နေပါဦးဗျာ … မသိလို့ မေးပါရစေ။ ဦးပေါ်ပေါ်က ဘယ်လိုများ ရွှေဉာဏ်တော် စူးရောက်ပြီး ပရိသတ်တွေကို ကွင်းလုံးပြည့် လွှတ်ပေးလိုက်တာလဲ။

ပေါ်ပေါ်။     ။ အစကတော့ ကျနော်လည်း အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ သမ္မတကြီးက ဒီမိုခရေဇီ ရပြီ ပေါ်ပေါ် … မင်းရဲ့ ဘောကွင်းထဲကနေ မြန်မာပြည် ဒီမိုခရေဇီ ရပြီဆိုတာ နိုင်ငံတကာက သိရအောင် ပြဖို့ လူတွေကို လွှတ်ပေးလိုက်ဆိုလို့ လွှတ်လိုက်တာပါ။ နောက်တခုက အင်အားသုံးပြီး အနိုင်ယူချင်တဲ့ အကျင့်ကလေးကလည်း ဘဘကြီးတွေဆီက အမွေ ရထားတာ အခံက ရှိနေတယ်လေ။

ကြွက်စုတ်။     ။ ကွင်းထဲကို လူတွေသွင်းလိုက်တာ၊ ဘာမှမရှာမဖွေဘဲ လွှတ်ပေးလိုက်တာကတော့ တကယ့် ဒီမိုခရေဇီ ပါပဲ။ 

ပေါ်ပေါ်။     ။ ဟုတ်တယ်ဗျ … အဲဒီလို ဘာမှ မရှာမဖွေဘဲ ကွင်းပြည့် အခမဲ့ လူတွေလွှတ်လိုက်တာနဲ့တင် လုံလောက်တယ် ဆိုပြီး ကျနော့်ကို ဆေးရုံးက အရူးလက်မှတ် ထုတ်ပေးလိုက်တယ်။

“တကယ်ဆိုရင်တော့ အိုမန်အသင်းကို ပရိသတ်အားပေးမှုနဲ့ အနိုင်ကန်မယ်လို့ စဉ်းစားကတည်းက အဲဒီလက်မှတ် ရသင့်တာ”  ဟု ကြွက်စုတ်က တွေးလိုက်သည်။

ဖိုးရှုပ်။     ။ ဒါနဲ့ ဦးပေါ်ပေါ်က ဘာကိစ္စ ကွင်းထဲဆင်း တောင်းပန်ရတာလဲ။ ခင်ဗျားတောင်းပန်ရင် ပရိသတ်က ငြိမ်မယ် ထင်လို့လား။

ပေါ်ပေါ်။     ။ ကျုပ်လည်း ဟို ရော့ကာကြီးတွေလို “အဆင်ပြေကြတယ်မဟုတ်လား၊ အားလုံး အေးဆေးနော်၊ မင်္ဂလာဘား” လို့ အော်လိုက်ရင် လက်ခုပ်တီးပြီး အားပေးမယ် ထင်မိတာ၊ လက်ခုပ်မတီးဘဲ ရေသန့်ဘူးတဘူး တည့်တည့် ဝင်လာလို့ နဖူးမှာ အာလူးသီးပဲ ထွက်သွားတယ်။ အဲဒီကတည်းက ဒီဟဲလမက်ကို ဆောင်းထားတာပေါ့။

ကြွက်စုတ်။     ။ တကယ်လို့ ဖီဖာက အရူးလက်မှတ်ရှိရှိ၊ မရှိရှိ လက်မခံဘူး၊ ကျသင့်တဲ့ ဒဏ်ငွေ ဆောင်ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပေးရမယ့် ငွေပမာဏကလည်း တော်တော်များတယ်နော်။

ပေါ်ပေါ်။     ။ အာ … မပေးပါဘူး။ ဖီဖာမကလို့ ဘာဖြစ်ဖြစ် မြန်မာ့အစွမ်းကို ပြလိုက်မှာပေါ့။ ပထမ ပလာတာကြီးကို ခြေသလုံးဖက် တောင်းပန်ကြည့်မယ်၊ မရရင် အဲဒီခြေသလုံးကို ဖက်ကိုက်မယ် ဒါပဲ။ 

ဖိုးရှုပ်။     ။ အနည်းဆုံးတော့ အိမ်ရှင်ကွင်းကန်ခွင့် ပိတ်မယ်ဆို။

ပေါ်ပေါ်။     ။ ပိတ်ရင် မကန်ဘူးပေါ့ဗျ။ ဒါလေးများ။ ကျနော်တို့ မြန်မာ့ လက်ရွေးစင် အသင်းကို ကျနော်ယုံတယ်။ ပရိသတ် အားပေးမှု ရရ၊ မရရ၊ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် အရေးမကြီးပါဘူး။

“အင်းလေ … အရေးမကြီးပါဘူး … ရှုံးမှာပဲဟာ” ဟု ဦးရုက္ခစိုး စိတ်ထဲက ပြောလိုက်သည်။

ဖိုးရှုပ်။     ။ ဒီဖြစ်ရပ်ဖြစ်သွားတော့ ခင်ဗျားကို လူတွေက ဘောကောက်ဥက္ကဋ္ဌရာထူးက နုတ်ထွက်သင့်တယ်လို့ ပြောနေကြတယ်။

ပေါ်ပေါ်။     ။ ဘာလို့ နုတ်ထွက်ရမှာလဲ။ နုတ်ထွက်လိုက်ရင် ကျနော်မှားပါတယ်လို့ ဝန်ခံသလို ဖြစ်သွားမှာပေါ့။ ပေါ်ပေါ့် ဒစ်ရှင်နရီမှာ နောက်ဆုတ်တယ် ဆိုတာ မရှိဘူးဗျ။ အခုဟာက ကျနော်မမှားဘူး။ လူတွေကိုက ဒီမိုခရေဇီနဲ့ အသားမကျ သေးတာ၊ ဒီမိုခရေဇီနဲ့ မတန်ဘူးပေါ့ဗျာ။ ကျနော်ကတော့ နိုင်ငံလည်းကျိုး၊ ကိုယ်လည်းကျိုး … အဲ နိုင်ငံ့အကျိုး ကိုယ့်အကျိုးလို့ သဘောထားပြီး ဒီဘောကောက် ဥက္ကဋ္ဌရာထူးတာဝန်ကို ဆက်လက် ထမ်းဆောင်နေမှာပဲ။

ကြွက်စုတ်။     ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဆုံးတဲ့အထိ မနွှဲလိုက်ရတာတော့ တဖူနာတယ်ဗျာ။

ပေါ်ပေါ်။     ။ စိတ်မကောင်း မဖြစ်ပါနဲ့။ အရှုံးထဲက အမြတ်ရှိပါတယ်။ ခြေစစ်ပွဲအဆုံးထိ ကန်ရလို့ မြန်မာကို ကမ္ဘာက မသိနိုင်ဘူး၊ အခုလို ဖြစ်သွားတော့ မြန်မာ နာမည်ကြီးပြီ။ ဒါ ကျနော်ဘောကောက် ဥက္ကဋ္ဌ ရာထူးသက်တမ်းမှာ ထူးခြားတဲ့ ဖြစ်စဉ်ပဲ။ အခုမှ သတိရတယ် ဒီအကြောင်း ဘဘကြီးတွေကို ပြောပြလိုက်ရင် လုပ်ပိုင်ခွင့် တခုခုတော့ ချပေးမှာ သေချာတယ်ဗျ … ဟီဟိ ပျော်လိုက်တာ။

ဖိုးရှုပ်။     ။ အေးလေ … မြန်မာ့အားကစား ကမ္ဘာကို မလွှမ်းပေမယ့် မြန်မာ့အရှက်ကတော့ ကမ္ဘာမှာ ဂွမ်းမှာပါ။

“ဒါပေါ့ ကမ္ဘာမှာ မြန်မာဟေ့ ဆိုပြီး လက်မ မထောင်နိုင်သေးတဲ့ အချိန်မှာ မြန်မာဟေ့ဆိုပြီး မျက်နှာငယ်ရရင်လည်း တနည်းတော့ လူသိတာ ပေါ့ဗျာ။ ကဲ ဘဘကြီးတို့ဆီ အခစားဝင်ဖို့ သွားလိုက်ဦးမယ်ဗျို့” ဟုဆိုကာ ဦးပေါ်ပေါ်က ချင်းမိုင် ကျုံးထောင့် စိတ်ရောဂါ အထူးကု ဆေးရုံက ချီးမြှင့်လိုက်သည့် လက်မှတ်ကို ဂုဏ်ယူဝင့်ကြွားစွာ ကိုင်ပြီး အလာတုန်းကနှင့် မတူသည့် ပုံစံဖြင့် ရင်ကော့ ခေါင်းမော့၍ ပျော်ရွှင်စွာ ထွက်သွား လေတော့သတည်း။    ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်