ခက်ခဲတဲ့မေးခွန်းကို ဖြေဆိုနည်း

Wednesday, 17 August 2011 20:13 ထွေရာလေးပါး
Print
နေပြည်တော်တွင် ယနေ့ ပြုလုပ်သော အထူးရှင်းလင်းပွဲကြီးသို့ ဦးရုက္ခစိုး၊ ကြွက်စုတ် နှင့် ဖိုးရှုပ်တို့ ရောက်နေသည်။ ရှင်းလင်းပွဲကြီး တက်ခွင့်ရသူများထဲတွင် အဖွဲ့အစည်းပေါင်းစုံမှ တာဝန်ရှိသူများ၊ သတင်းသမားများ ပါဝင်သည်။

cmnatဦးရုက္ခစိုးက နယ်စည်းမခြား နတ်သမီး နတ်သားများအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ခပ်တည်တည် ရောက်လာသည်။ သတင်းထောက် ဖိုးရှုပ်က ဧရာဝတီအတွက် ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်နေသည်။ ပြည်ပရောက် သတင်းသမားများသာမက ပုလင်းသမားများပါမကျန် ပြည်တော်ပြန်ခွင့်ပြုမည်ဟု သမ္မတကြီး ဦးသိန်းဂိန်က ကြေညာထားသဖြင့်
ဖိုးရှုပ်က တရားဝင် ရောက်နေခြင်း ဖြစ်သည်။

ရှင်းလင်းပွဲကြီးပြုလုပ်မည့် ခန်းမထဲတွင် သတင်းအမျိုးမျိုး ထွက်နေသည်။ အမေရိကန်တဒေါ်လာကို ကျပ်တထောင်နှင့် ညီမျှသည်ဟူသော ငွေလဲနှုန်းသစ်ဥပဒေ ထုတ်ပြန်မည်ဟု ဆိုသူလည်း ရှိသည်။
ပြန်ကြားရေးဝန်ကြီးကို ရာထူးမှ ဖယ်ရှားပြီး သူ့နေရာတွင် တာဝန်ယူမည့် လူရွှင်တော်တဦးနှင့် မိတ်ဆက်ပေးဖွယ် ရှိသည်ဟု တချို့က ပြောနေကြသည်။

အချိန်ကျလျှင် အထူးရှင်းလင်းပွဲကြီး အစပြုလေသည်။ ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းက အဖွင့်စကား ၂ နာရီကြာမျှ မြွက်ကြားသည်။

ဦးဆော်ကြမ်း။     ။ … … … … နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်းပါပဲ၊ ကျုပ်တို့က အပြောင်းအလဲတွေကို ဆက်တိုက် လုပ်နေပါပြီ။ မြန်မာပြည်ကို နှစ်ပေါင်း များစွာ  န၀တ၊ နအဖ၊ အခုလည်း အရပ်သားအစိုးရ စသဖြင့် အဖွဲ့အမည် အမျိုးမျိုးပြောင်းပြီး နိုင်ငံကို အုပ်ချုပ်နေတာဟာ အလကား မဟုတ်ပါဘူး။
ကျုပ်တို့က အနစ်နာခံပြီး လုပ်နေတာပါ … … … … ။

အထူးရှင်းလင်းပွဲ တက်ရောက်လာသူအများစုက မိန့်ခွန်းရှည်ကြီး နားထောင်ပြီး စိတ်ညစ်နေသည်။ “လူသားအစ မြန်မာက ဖြစ်သည်” ဟူသော အောင်ကြူကြူသီအိုရီ ဓာတ်ပြားဟောင်းကို ပြန်မဖွင့်ပါစေနှင့်ဟု ကြိတ်ပြီး ဆုတောင်းသူလည်း ရှိသည်။ ဆုတောင်းသူများအတွင်း ရန်ကုန်တွင် ကုလသမဂ္ဂ အရာရှိဖြစ်နေသူ ကြွက်စုတ်လည်း ပါသည်။
သို့သော် ကြွက်စုတ်၏ ဆုတောင်း မပြည့်ရှာပေ။ ၀န်ကြီးက သူ့သီအိုရီကို အတည်ပေါက် ရှင်းပြလေသည်။

ဦးဆော်ကြမ်း။     ။ ကျုပ်က ပညာရှိ ဆိုတာတွေကို ထောင်ထဲ ထည့်ချင်တယ်၊ မြန်မာအစ တကောင်းက ဆိုပြီး ပေါက်ကရ လျှောက်ပြောခဲ့တဲ့ ပညာရှိဆိုသူတွေပေါ့။ အခု ကျုပ်တို့ဟာ လူသားအစ မြန်မာက ဆိုတာကို သက်သေ ခိုင်ခိုင်လုံလုံ ပြနိုင်ပါပြီ။ လူဆိုတာ မာနနဲ့ပါ အဲ … … လူဆိုတာ မြန်မာက အစပြုတာ ဆိုတာကို နိုင်ငံတော်က ယုံကြည်သလို ခင်ဗျားတို့လည်း ယုံကြည်ဖို့ လိုတယ်။ ဒီကိစ္စအတွက် မီဒီယာတွေမှာ တာဝန်ရှိတယ်။

သူ့သီအိုရီကို “လူသည် မျောက်က ဆင်းသက်သည်” ဟု နားလည်ထားသော နိုင်ငံတကာက သိသွားလျှင် ခက်ကပြီဟု ကြွက်စုတ် တွေးမိသည်။ ထိုသို့ သိသွားပါက “မြန်မာပြည်သားတို့သည် မျောက်က ဆင်းသက်သည်” ဟု အဓိပ္ပာယ်ဖွင့်ခံရမည်ဟု စဉ်းစားမိပြီး စိတ်ညစ်သွားသည်။

မကြာမီ ဦးဆော်ကြမ်း၏ မာရသွန်မိန့်ခွန်း အဆုံးသတ်ပြီး အမေးအဖြေကဏ္ဍ စတင်သည်။ ဤကဏ္ဍကို ဖိုးရှုပ်၏ မေးခွန်းနှင့် အစပြုလေသည်။

ဖိုးရှုပ်။     ။ ဧရာဝတီသတင်းဌာနက ဖိုးရှုပ် ဖြစ်ပါတယ်။ ကျနော် မေးချင်တာက အကြောင်း အမျိုးမျိုးနဲ့ ပြည်ပရောက်နေသူတွေကို ပြန်လာခွင့်ပြုတဲ့ရည်ရွယ်ချက်က ဘာလဲ ဆိုတာပါပဲ။

ဒီမေးခွန်းက ဖြေရတာ လွယ်ပါတယ်လေ ဟူသောဟန်ဖြင့် ၀န်ကြီးက ငါးခူပြုံး ပြုံးပြီး မိုက်ကရိုဖုန်းကို လှမ်းကိုင်လိုက်သည်။

ဦးဆော်ကြမ်း။     ။ ပြည်ပရောက်တွေက ကျုပ်တို့ကို ကွိုင်ရှာတယ်လေ။ ကွိုင် ဆိုတာ အင်္ဂလိပ်လို စီအိုအိုင် (COI) လို့ ခေါ်တယ်။ ကျုပ်တို့ကို ကုလသမဂ္ဂမှာ ကြိုးစင်တင်မယ်ဆိုလားဗျာ၊ အဲဒီအဖွဲ့ပေါ့။ သူတို့ ဖွဲ့နေကြတယ်။
ဒီတော့ ကျုပ်တို့ကလည်း သူတို့ကို ပြည်တော်ပြန်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်တယ်။ သူတို့ အထဲရောက်လာရင် ပြီးပြီလေ။ ကျုပ်တို့ကို ဆက်ပြီး ကွိုင်ရှာရင် ကျုပ်တို့ကလည်း သူတို့ကို ကွိုင်ရှာဖို့ လွယ်ပြီပေါ့၊ ဟဲဟဲဟဲ။
ခွင့်မပြုလည်း သူတို့ ခိုးကြောင်ခိုးဝှက် လာနေကြတာပဲလေ။ တရားဝင် ကြေညာလိုက်တော့ ကျုပ်တို့ နာမည်ကောင်း ရတာပေါ့။ ဟုတ်ဘူးလား။

ဖိုးရှုပ်။     ။ နောက်မေးခွန်းတခုကတော့ - ၀န်ကြီးရဲ့ သတင်းစာတွေမှာ မနေ့ကစပြီး BBC, VOA စတဲ့ အသံလွှင့်ဌာနတွေကို စာလုံးကြီးကြီးနဲ့ နောက်ကျောဖုံးမှာ မထည့်တော့ဘူးနော်။ အဲဒါဟာ အပြုသဘောဆောင်တဲ့သဘောလား။

ဦးဆော်ကြမ်း။     ။ ဟင့်အင်း၊ နိုး၊ မဟုတ်ပါဘူး။ အပျက်သဘောပါ။ ကျုပ်တို့က ဒီရေဒီယိုဌာနတွေကို မျက်နှာဖုံးတင် ကြော်ငြာပေးနေတာ ကြာပြီ။ အဲဒါ ဒီလက စပြီး ကြော်ငြာခ ကောက်တယ်လေ။ သူတို့က မပေးနိုင်ဘူးလို့ ဆိုတယ်။ သူတို့ မပေးတော့ ကျုပ်တို့လည်း မကြော်ငြာပေးတော့ဘူးပေါ့ဗျာ။ ပိုက်ဆံမရလို့ ဖြုတ်လိုက်တယ်ပေါ့ဗျာ ရှင်းရှင်းပြောရရင်။

ဖိုးရှုပ်။     ။ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် ပဲခူး၊ သနပ်ပင်တို့ကို သွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ၀န်ကြီးတို့ ဘာပြောချင်ပါသလဲ။

ဦးဆော်ကြမ်း။     ။ စိတ်မကောင်းပါဘူးဗျာ။ ဒေါ်စုကြည်ဟာ လက်နက်ကိုင်တော်လှန်ရေး တွဲလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်း ခိုင်မာတယ် ဆိုတာကို ဒီခရီးစဉ်က သက်သေပြတာပါပဲ။ သူဟာ သနပ်ပင်မြို့မှာ သေနတ်တွေ သွားဝယ်တာ ဖြစ်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီလို လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးမှာကိုတော့ ကျုပ်တို့ စိတ်မကောင်းပါဘူး။

ဖိုးရှုပ်။     ။ ဟုတ်ကဲ့။ နောက် တခု သိချင်တာက အစိုးရသစ်ရဲ့ ဆောင်ပုဒ်က ဘာလဲခင်ဗျ။

ဤမေးခွန်းကြောင့် ဦးဆော်ကြမ်း ခေါင်းကုတ်လိုက်သည်။ ထို့နောက် ဘော်ဒါဝန်ကြီးများနှင့် ၁၀ မိနစ်ခန့် တိုင်ပင်ပြီး မိုက်ကရိုဖုန်းကို လှမ်းကိုင်လိုက်သည်။

ဦးဆော်ကြမ်း။     ။ … အဟမ်း … အဟမ်း ။ ကျနော်တို့ အစိုးရသစ်ရဲ့ ဆောင်ပုဒ်က တရုတ်ပြည်သာ အမိ၊ တရုတ်ပြည်သာ အဖ ဖြစ်ပါတယ်။

ဖိုးရှုပ်။     ။ ဟိုက် … ရှာလဘတ်ရည်။ ဆောင်ပုဒ်က ကောင်းလှချည်လား။ ၀န်ကြီးတို့ရဲ့ ရွေးကောက်ပွဲကို တရုတ်ကြီးက အစွမ်းကုန် ထောက်ခံလို့ ဒီဆောင်ပုဒ် ထွက်လာတာလားခင်ဗျာ။

ဦးဆော်ကြမ်း။     ။ ရွေးကောက်ပွဲထောက်ခံသူတိုင်းကို ကျေးဇူးဆပ်ရရင် ကျုပ်တို့အစိုးရ ဒီ အထူးရှင်းလင်းပွဲတောင် လုပ်ဖို့ အချိန်ရမှာ မဟုတ်ဘူး။ ထောက်ခံသူတွေထဲ ခင်ဗျားတို့ ထင်မထားသူတွေတောင် ပါသဗျ။ ကဲ - တရုတ်ပြည်သာ အမိ၊ တရုတ်ပြည်သာ အဖ ဆောင်ပုဒ် ဖြစ်လာရတဲ့ အကြောင်းက ဧရာဝတီမြစ်နဲ့ သက်ဆိုင်ပါတယ်။

ဝန်ကြီးက ထိုသို့ပြောပြီး ရှင်းလင်းပွဲတွင်ရှိနေသူပရိသတ်ကို စက္ကန့် ၃၀ ခန့် ကြည့်လိုက်သည်။ ထို့နောက် …

ဦးဆော်ကြမ်း။     ။ ခင်ဗျားတို့လည်း လူသားတွေပဲ၊ အလှအပ ကြိုက်တတ်မှာပါ။ ကျုပ်တို့က နိုင်ငံကို အနစ်နာခံပြီး အုပ်ချုပ်နေတာပါ။ နိုင်ငံတော် လှပရေး၊ ဧရာဝတီ လှပရေး ဆိုတာ ကျုပ်တို့ တာဝန်ပါ။ ဧရာဝတီကို ကျုပ်တို့ သိပ် ……………………… ချစ်ပါတယ်။
အခုဆိုရင် ဧရာဝတီမြစ်ကြီးကို ရေကာတာကြီးများနဲ့ အလှဆင်တဲ့လုပ်ငန်း အတော်လေး ခရီးရောက်နေပါပြီ။ ဒီလို အလှဆင်ပေးတာဟာ တရုတ်ပြည်ရဲ့ ကျေးဇူး မကင်းပါဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့ ဆောင်ပုဒ်ဟာ … တရုတ်ပြည်သာ အမိ၊ တရုတ်ပြည်သာ အဖ ဖြစ်သွားရတာပါ။

ဖိုးရှုပ်။     ။ ဟုတ်ကဲ့ …  ရှင်းပါပြီ။ ကျနော့်ရဲ့ နောက်ဆုံးမေးခွန်းကတော့ … KIA နဲ့ ၀န်ကြီးတို့နဲ့ ဖြစ်နေတဲ့ စစ်ပွဲ ၂ လ ရှိပါပြီ။ ဒီ ၂ လအတွင်း နှစ်ဘက် အကျအဆုံး ဘယ်လို ရှိပါသလဲ။

ဝန်ကြီးဦးဆော်ကြမ်းက စစ်ဗိုလ်တဦးနှင့်  သွားရောက် တိုင်ပင်ပြီး  ကွမ်းတယာညက်ခန့် အကြာတွင် ပြန်ရောက်လာသည်။

ဦးဆော်ကြမ်း။     ။ ကျုပ်တို့ဘက်က နည်းနည်းပါးပါးပဲ ထိပါတယ်၊ ငှက်ဖျားမိတဲ့သူ ၁ ယောက်၊ ချောင်းဆိုးတဲ့သူ ၁ ယောက် ဒါပဲ ရှိပါတယ်။ အဲ … KIA ဘက်ကတော့ ၅၁ ယောက် တိတိ ထိခိုက် ဒဏ်ရာရ သေဆုံးပါတယ်။

ဖိုးရှုပ်။     ။ ဟာ …… တိကျလှချည်လား။ အသေးစိတ် ရှင်းပြလို့ရရင် ရှင်းပြစေချင်ပါတယ်။

ဦးဆော်ကြမ်း။     ။ ရပါတယ်၊ သိပ် ရပါတယ်။ ဒီလိုပါ … KIA အဖွဲ့က သူ့တပ်ပတ်ဝန်းကျင်ကို မိုင်းတွေ အပြည့်ထောင်ထားတော့ ကျုပ်တို့တပ်တွေ အနားကပ်လို့ မရပါဘူး။ အဲ အဲဒီမိုင်းတွေကပဲ သူတို့ကို
ဒုက္ခပြန်ပေးတာပါ။ သူ့မိုင်း သူပြန်နင်းမိလို့ ထိသွားတဲ့ KIA က အယောက် ၅၀ တိတိ ရှိပါတယ်။

ဖိုးရှုပ်။     ။ ဟာ …… ၀န်ကြီး စောစောက ပြောတော့ ၅၁ ယောက်ဆို။ အခုတော့ ဘယ်လိုလုပ် တယောက် လျော့သွားတာလဲ။

ဦးဆော်ကြမ်း။     ။ ကျုပ် စကားမဆုံးသေးပါဘူး။ သူ့မိုင်းသူနင်းတာက အယောက် ၅၀ ပါ။ ဟိုတယောက်ကတော့ ကျနော်တို့ ပစ်လိုက်တာပါ။
ပစ်တာကတော့ မချိန်ဘဲနဲ့ ရမ်းပစ်လိုက်တာပဲ။ အဲဒီ သောင်းကျန်းသူက ရှောင်လိုက်တော့ ထိသွားပါတယ်။ မည်သို့ပင် ရှိစေကာမူပေါ့ဗျာ ပစ်တဲ့ရဲဘော်ကို ကျနော်တို့ သီဟသူရမြိုင်ရာဇာတွတ်ပီဘွဲ့ ပေးလိုက်တယ်။

ထို့နောက် ၀န်ကြီးက အထူးရှင်းလင်းပွဲကို အဆုံးသတ်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် ဦးရုက္ခစိုးက လက်ထောင်ပြီး မေးခွန်းတခု ထမေးသဖြင့် ပြန်ထိုင်လိုက်ရသည်။

ရုက္ခစိုး။     ။ ကျုပ်က နယ်စည်းမခြား နတ်သမီး နတ်သားများအဖွဲ့ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ကျုပ် သိချင်တာက မကြာခင် မဲဆန္ဒနယ် အတော်များများမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တော့မှာပါ။ အဲဒီလို လုပ်တဲ့အခါ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းကလိုမျိုး ကြံ့ခိုင်ရေးပါတီ ၀က်ဝက်ကွဲ နိုင်အောင်လို့ ကြိုတင်မဲတွေ စီစဉ်ထားပါသလား ဆိုတာပါပဲ။

ဝန်ကြီးဦးဆော်ကြမ်း အဖြေရ ခက်သွားသည်။ သို့သော်လည်း အားတင်းပြီး မတ်တပ်ရပ်လိုက်သည်။ ဦးရုက္ခစိုး၏ မေးခွန်းကို ဖြေလေသည်။

ဦးဆော်ကြမ်း။     ။ စောစောက ကျုပ် အကြိမ်ကြိမ် ပြောခဲ့သလိုပဲ ကျုပ်တို့ဟာ အနစ်နာခံပြီး နိုင်ငံကို အုပ်ချုပ်နေတာပါ။ ဒီလို ဆက်အုပ်ချုပ်ဖို့ ကျုပ်တို့က နာမည်တွေ ပြောင်းရ၊ ပုံမှားရိုက်ရပါတယ်။ ဒီလို အနစ်နာခံ … ခံ … ခံ ……
… အဟင့် အဟင့် အဟင့်၊ ဟီးဟီးဟီး၊ ဗြဲ …………………………။

ဝန်ကြီး၏ အဖြေ တ၀က်တပျက်နှင့် ရပ်သွားသည်။ မည်သို့ ဖြေရမည်မှန်း မသိသဖြင့် ငိုချလိုက်ခြင်း ဖြစ်သည်ကို သူမှတပါး မည်သူမျှ မသိနိုင်တော့ချေ။

နောက်နာရီပိုင်းအတွင်း အင်တာနက် သတင်းများ တက်လာသောအခါ သတင်းတပုဒ်က ၀န်ကြီးဦးဆော်ကြမ်း ချုံးပွဲချငို ဟု ခေါင်းစဉ်တပ်ထားလေသတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။