သိကြားမင်း စီရင်ချက် ယမမင်း အခက်

Wednesday, 22 April 2009 19:27 ထွေရာလေးပါး
Print
နတ်သဘင် အစည်းအဝေးက အချိန်နီးကပ်နေပြီ ..။ ဦးရုက္ခစိုး အသည်းအသန် ပြေးသွားရသည်။ ဆီဈေးကျပေမယ့် ကားခတွေက ဈေးမကျတော့ တက္ကစီမစီးနိုင် ဘတ်စ်ကားနဲ့ပဲ ဖြစ်သလို သွားလိုက်ရသည်။ ကျင်းပရာနေရာက နေပြည်တော် ကြတ်ပြေးနှင့် တည့်တည့် အထက် နတ်ပြည်ခြောက်ထပ်က ဆီအိုးနား နတ်ဘုံနတ်နန်းမှာ .. ။ ဒိုင်ခံ ရှင်းလင်း ဖြေကြားမည့်သူက ချိုကုတ်ဒူးကြီး၏ ကိုယ်စောင့်နတ် ... ။ နတ်တို့ဥသျှောင် သိကြားမင်းက နာကြားမည် ..။ မေးမည့် ပြောမည့်သူများက မြန်မာ့နတ်ပေါင်းစုံ …။

ဦးရုက္ခစိုးရောက်တော့ အချိန်လွန် နေသော်လည်း အခမ်းအနား မစသေး။ ခန်းမထဲ ကမန်းကတန်း ဝင်ပြီး တွေ့ရာ နေရာမှာ ထိုင်လိုက်ရာ အသက်ကြီးကြီး နတ်အမယ်အို တပါး ဘေးတွင် ထိုင်မိလျက်သား ဖြစ်နေသည်။



ရုက္ခစိုး။     ။ ဟင် .. အမေဂျမ်းပါလား။ မျက်နှာလည်းမကောင်းဘူး။ ဘာဖြစ်လို့လဲ။

အမေဂျမ်း။     ။ ဟုတ်တယ်။ ကျုပ် ခု နာမည်ပြောင်းတော့မလို့။

ရုက္ခစိုး။     ။ ဟင် ဒီနာမည်က အမေဂျမ်းနဲ့ ဒီလောက်လိုက်ဖက်တဲ့ဟာ ..။ ဘာလို့ ပြောင်းမှာလဲ။

အမေဂျမ်း။     ။ ဟဲ့ .. ငါက ကြမ်းလို့ ရမ်းလို့ အမေဂျမ်းဆိုတဲ့ နာမည်ယူထားတာလေ .. ။ ခု ငါမနိုင်တဲ့ အမေကွိုင် ဆိုတာ ပေါ်နေပြီတဲ့။ ချိုကုတ်ဒူးကြီး ကတော်ပေါ့ ..။ အဲဒါငါ့နာမည်ကို အမေပျော့ ဆိုပြီး ပြန်ပြောင်းမလို့ လာပြောတာ။ အောင်မယ်လေး ကိုကိုတက်ခါးရဲ့ .. ကျုပ်တော့ ဘဝဆုံးပါပြီ။ ဂျမ်းလေးတော့ ဘဝပျက်ပါပြီ။ တသက်လုံး ကြမ်းခဲ့ရမ်းခဲ့ သမျှ .. ကျုပ်ထက်သာတဲ့သူကို နေရာဖယ်ပေးရတော့မယ်တော့ .. အဟော့ .. အဟော့။

“စကတည်းက ယဉ်သကိုဖြစ်နေပြီ” ဟုတွေးရင်း ဦးရုက္ခစိုး .. နေရာ ရွှေ့လိုက်သည်။ သူရွှေ့လိုက်သည့်ခုံ ဘေးမှာ ဗိုက်ပူနံကား နတ်တပါး ထိုင်နေသည်။ တကိုယ်လုံးလည်း ဝါထိန်နေ၏။

ရုက္ခစိုး။     ။ ဒီက နောင်ကြီးကို မြင်ဖူးသလိုပဲဗျ။ ကိုယ်ရောင်ကိုယ်ဝါကလည်း တောက်ပလိုက်တာ။ နောင်ကြီးက ဘယ်သူလဲဟင် .. (မေးရင်း မျက်စိက သူ့လက်ထဲမှာ အရက်ပုလင်းကို တွေ့လိုက်မှ မှတ်မိသွားသည်) ဟင် .. ကိုကြီးကျော် .. တို့ကိုကြီးကျော်မဟုတ်လား။

ကိုကြီးကျော်။     ။ အေ့ .. ဟုတ်တယ်။ မင်းက ဘယ်သူတုန်း။ ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ။

ရုက္ခစိုး။     ။ ကျနော် .. ကျနော်က ချင်းမိုင်ရုက္ခစိုးပါ။ ကိုကြီးကျော် အသားလေးတွေ ဝါဝင်းနေတာပဲ .. ဘယ် လိုးရှင်းလိမ်းလဲဟင်။

ကိုကြီးကျော်။     ။ ဟေ .. အဲဒါလိုးရှင်းလိမ်းလို့မဟုတ်ဘူးဟ။ မြန်မာပြည်မှာ အရက်တုတွေပေါလို့ ကိုကြီးကျော်တို့ အသည်းရောဂါ ရနေတာဟ။

ဦးရုက္ခစိုး။     ။ ခင်ဗျာ .. ဒါဆို ဘီလား .. စီလား။

ကိုကြီးကျော်။     ။ နောက်ဆုံးပေါ် အသည်းရောဂါ ဘီအီးဒီစီ ဟေ့ သိပြီလား။ တော်တော်လျှာရှည်တဲ့နတ်။ အသည်းရောင်ပြီး အသားဝါနေတာ ကိုများ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသလေး ဘာလေးနဲ့ .. တုံးလိုက်တဲ့ကောင်ကွာ။

ဦးရုက္ခစိုး။     ။ ဒါဆို ရိုးရာမပျက် ထန်းရည်လေးပဲချပါလားဗျာ (လေပျော့လေးနှင့်)။

ကိုကြီးကျော်။     ။ ဟ .. သန်းရွှေဆိုတဲ့ကောင် လက်ထက်မှာ ထန်းရည်တောင် မစစ်တော့ဘူး ..။ ခု ကျုပ်ကို အတုတွေပဲ ဆက်နေလို့ အသည်းရောဂါ ရနေပါတယ်ဆိုမှ .. ။ ဒါကြောင့် ဟိုအကောင် ငရွှေ့ပီအေကို ကွန်ပလိန်း တက်ဖို့လာတာ .. ။ အရေးထဲ ရုက္ခစိုးဆိုတဲ့ကောင် သောက် စကားလာရှည်နေတယ်။

ကိုကြီးကျော်က ဘုတောလိုက်ရာ ဦးရုက္ခစိုးနည်းနည်း လန့်သွားသည်။ နတ်သဘင် ဆိုတော့ ဖိုးရှုပ်နှင့် ကြွက်စုတ် ကိုလည်း ခေါ်လာလို့မရ။ အားငယ်လာသည်။ အစည်းအဝေးကလည်း မစနိုင်သေး။ သိကြားမင်း မရောက်သေးဘူး ကြားသည်။ ခဏနေတော့ သိကြားမင်း ချွေးသံတရွှဲရွှဲနှင့် ရောက်လာပြီး .. သူထိုင်ရမည့်ခုံမှာ ဝင်ထိုင်လိုက်သည်။

သိကြားမင်း။     ။ ကျုပ်နည်းနည်း နောက်ကျသွားတဲ့အတွက် နတ်အပေါင်းကို တောင်းပန်ပါတယ်။ ကျုပ်မှာလည်း ကျုပ်အရေးနဲ့ ကျုပ် ဒုက္ခရောက်နေလို့ ..။ ဟို မြောက်ကိုရီးယားဆိုတဲ့ အကောင်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က ကျုပ်ကျောက်ဖျာကို အဖျားလာခတ်သွားတာလေ .. အဲဒါသုဇိတာတို့က မနေရဲလို့တဲ့ .. သူတို့ကိုပါ တပါတည်း ခေါ်ခဲ့ရတယ် .. ကိုင်းကိုင်း .. စလို့ရပြီ စကြတော့။

သိကြားမင်းက စခိုင်းလိုက်သည်နှင့် အလွန်ပြောချင်ဆိုချင်နေသူ တောင်ကြီး ဘိုးဘိုးကြီး ထိုင်ရာက ထလိုက်သည်။

တောင်ကြီးဘိုးဘိုးကြီး။     ။ ဒီလိုပါ .. ကျုပ် တသက်လုံး လုပ်ကိုင်စားသောက်လာတဲ့ လက်ဖက်တွေကို ခုမှ ရမယ်ရှာပြီး ဟိုပိတ်သည်ပိတ်နဲ့ လုပ်နေပါတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ သိချင်တယ်။

တောင်ကြီးဘိုးဘိုးကြီးစကားကို ဘေးက ကိုးမြို့ရှင်နှင့် အမေပုလဲယဉ်တို့က ထောက်ခံသည်။

ကိုးမြို့ရှင်။     ။ ဟုတ်ပါတယ် ရှင်းပါ။ ဒီကိစ္စအရေးကြီးတယ်။ ကျုပ်တို့က တသက်လုံး လက်ဖက်စား လာတာ။ လက်ဖက်မှ မစားရရင် ဘာသွားစားရမှာလဲ။ သူများလို အရက်လည်း သောက်တာမဟုတ်။

ကိုကြီးကျော်။     ။ ဟေ ဒီလိုကိစ္စမျိုးရှိလား..၊ ပြောချင် ကိုယ့်ကိစ္စကိုယ်ပြောကြဟေ့နော် .. သူများကို လာစောင်းမပြောနဲ့။ ကိုကြီးကျော်တဲ့ တကျော်တည်းရှိတယ်ကွ။ တို့က လက်ဖက်နဲ့မမြည်းဘူး ကြက်နဲ့ပဲမြည်းတယ် .. ကြက်ကြော် .. ကြက်ကြော် ..။

ကိုကြီးကျော်က သူ့ကိုစောင်းပြောသည်ထင်ပြီး ထကြမ်းနေသောကြောင့် သိကြားမင်း၏ ပီအေ မာတလိက ငြိမ်ငြိမ် နေပေးဖို့ တောင်းပန်နေရသည်။

ချိုကုတ်ပီအေ။     ။ ဟာ .. ဒါက ဒီလိုရှိပါတယ်။ ဒီကိစ္စက ချိုကုတ်ဒူးကြီး တကယ်မသိတာပါ။ အနှစ် ၂၀ လောက် အိပ်ပျော်နေတဲ့ ကျန်းမာရေးဝန်ကြီးက ခုမှ လန့်နိုးပြီး လုပ်မိလုပ်ရာ ထလုပ်တာပါ။ သူလည်း ရွေးကောက်ပွဲ ဝင်မှာ ဆိုတော့ .. အလုပ်လုပ်ကြောင်း ပြချင်တာနဲ့ ဝင်ရမ်းတဲ့သဘောပါပဲ။ စားကြပါ .. ဆက်စားကြ .. ဘာမှမဖြစ်ဘူးစိတ်ချ။

ချိုကုတ်ဒူးကြီး၏ ကိုယ်စောင့်နတ်က သွားကလေးဖြီးကာ ထရှင်းသည်။ ထိုစဉ် အပေါက်ဝမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။ အပေါက်စောင့်နတ်သားက ချက်ချင်းဝင်ခွင့်မပေး။ အပြင်တွင် ရောက်နေသူတဦးက ဦးရုက္ခစိုးကို တွေ့ကာ “ချင်းမိုင်ရုက္ခစိုးရေ .. လုပ်ဦးဟ .. ။ ငါတို့က နာဂစ်ရုက္ခစိုးတွေ။ အထဲ ဝင်ခွင့်ရအောင် ပြောပေးဦး” ဟု လှမ်းအော်သည်။ ဦးရုက္ခစိုးက အပေါက်စောင့်နတ်နှင့် ညှိပေးလိုက်မှ အဆင်ပြေသွား သည်။

နာဂစ်ရုက္ခစိုး။     ။ သိကြားမင်းကြီးခင်ဗျာ။ ကျနော်တို့အားလုံးက နာဂစ်မုန်တိုင်းကြောင့် လဲသွားတဲ့ သစ်ပင်တွေက ရုက္ခစိုးတွေပါ။ ခု နတ်ဒုက္ခသည်စခန်းတခုမှာ နေနေရပါတယ်။ ကျနော်တို့ သစ်ပင်တွေအားလုံး မရှိတော့ ကျနော်တို့တွေ လည်း နာဂစ် ရုက္ခစိုးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါ သစ်ပင်တပင်စီ ပြန်ပေးစေချင်ပါတယ်။

သိကြားမင်း။     ။ အင်း .. ဒါတော့ ဟုတ်တယ် .. ကိုယ်စောင့်နတ်ကြီး။ အဲဒါ ဘယ်လိုလုပ်မှာလဲ။

ချိုကုတ်ပီအေ။     ။ ဘယ်လိုမှ လုပ်လို့မရဘူးလေ။ နာဂစ်သစ်ပင်တွေအားလုံး ပန်းပုထု ရောင်းပြီး ဗိုလ်ချုပ် ကတော်တွေအတွက် ရန်ဘုံးငွေ .. အဲ .. ဟိုဒင်းပေါ့ဗျာ။ ဘယ်လက်ထက်မှာမှ မဖြစ်ဘူးခဲ့တဲ့ နာဂစ်၊ ချိုကုတ်ဒူးကြီးရဲ့ လက်ထက်မှ ထူးထူးခြားခြား ဖြစ်တာ ဆိုတော့ အမှတ်တရအနေနဲ့ လုပ်ထားသင့်တယ်မဟုတ်လား။

သိကြားမင်း။     ။ ဒါဆို တခြားတောပြောင်းပေးလိုက်လေ .. ။

ချိုကုတ်ပီအေ။     ။ အဲ .. အဲဒါကလည်း တေဇတို့ခုတ်တာ ကုန်သလောက်ဖြစ်နေလို့ အဲဒီတောက ရုက္ခစိုး တွေအတွက်တောင် တန်ဖိုးနည်း သစ်ပင် စိုက်ပေးရဦးမှာ ..။ ဒီလိုလုပ်ပါလား ဒီရုက္ခစိုးတွေကတော့ လောလောဆယ်မှာ ဒုက္ခသည်စခန်းတခုခုမှာနေ .. ။ ပြီးရင် .. အနောက်နိုင်ငံတခုခုကို ထွက် .. ဟိုမှာ နိုင်ငံသားခံယူ .. ခုထဲက ဆူရှီလေး ဘာလေး လိပ်တာ သင်ထားကြပေါ့။

ဦးရုက္ခစိုး။     ။ (အတွေးထဲမှ) ငါပါ ရောပြီးဆူရှီလိပ်ရမယ့် သဘောရှိတယ် .. ခပ်ဝေးဝေးရှောင်နေမှ ..။

ဦးရုက္ခစိုး ထိုင်နေရာက အသာထပြီး နေရာရွှေ့ဖို့ပြင်ရာ ဘေးက ရုပ်ခပ်ဆင်ဆင် နတ်နှစ်ပါးရှေ့မှ ကွယ်သလို ဖြစ်သွားသဖြင့် တဦးက ဦးရုက္ခစိုးကို တွန်းဖယ်လိုက်သည်။

ဦးရုက္ခစိုး။     ။ ဟာ ဗျတ်အိတ် (8) နဲ့ ဗျတ်နိုင်း (9) ညီနောင်ပါလား။

ညီနောင်နှစ်ပါး။     ။ ဘာဗျ .. ဗျတ်ဝိနဲ့ ဗျတ်တ လုပ်ပါ .. ခင်ဗျားက ရှေ့ကလည်းကွယ်သေး .. နာမည်လည်း ဖျက်သေးတယ်။

ဦးရုက္ခစိုး။     ။ ခင်ဗျားတို့ တီရှပ်တွေမှာ ထိုးထားတာပဲ ကြည့်ဦးလေ။ ဝ လုံးကြီးတင် ဆိုတာ အင်္ဂလိပ်လို အိတ်ပဲဟာ။ တဝမ်းပူကို ထောင်လိုက်ရင် နိုင်း ဖြစ်တာပဲ .. ဒါကြောင့် ဗျတ်အိတ်နဲ့ ဗျတ်နိုင်းလို့ ခေါ်တာ။

ဗျတ်ဝိ။     ။ အင်း မဆိုးဘူး။ ခင်ဗျားဒီလို လိုရာဆွဲတွေးတတ်ပုံနဲ့ မြန်မာပြည်မှာ စာပေစိစစ်ရေး ညွှန်မှူး လုပ်သင့်တယ် သိလား။

ဦးရုက္ခစိုး။     ။ မဖြစ်ပါဘူးဗျာ ..။ ကျနော်က အယ်ဒီတာချုပ်တွေ ပေးစာကမ်းစာ စားချင်တာ မဟုတ်ဘူးဗျ။ အမတ်လုပ်ပြီး ရွေးကောက်ပွဲဝင်မလား စဉ်းစားနေတာ ဟဲဟဲ။ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘာဖြစ်ကြ ပြန်တာလဲ။

ဗျတ္တ။     ။ ဟာဗျာ .. ကျုပ်တို့ဟာကျုပ်တို့ ဖောင်နဲ့မျောလာတာကို ရိုဟင်ဂျာပါဆိုပြီး အတင်း ဓာတ်ပုံတွေရိုက် .. သတင်းတွေလုပ်လို့ဗျို့ .. ။ မျောတာတောင် အေးအေးဆေးဆေး မမျောရဘူး။ ပြီးတော့ ကျုပ်တို့ကို ဘင်္ဂလားဒေ့ရှ် သွားခိုင်းလို သွားခိုင်း .. မြန်မာပြည်ပြန်ခိုင်းလိုခိုင်းနဲ့ ..။ အဲဒါလာတိုင်တာ။ ခု အလှည့်မကျသေးလို့ စောင့်နေတာဗျ။

ထိုစဉ်အလှည့်ကျသည့် အနီရောင်ဝတ်စုံနှင့်တဦး ရုတ်တရက်ထရပ်လိုက်ရာ ဗျတ်ဝိက အလန့်တကြားနှင့် “ဟာ .. ထိုင်းက အနီရောင်ဝတ် ယူဒီဒီ ကိုယ်စားလှယ် ထင်တယ်ဟ .. အဲဒါဆိုရင်တော့ ကြောက်တယ်” ဟု ထအော်သည်။

ဦးရုက္ခစိုး။     ။ မဟုတ်ပါဘူးဟ .. ဇော်ဂျီပါ။

ဇော်ဂျီ။     ။ သိကြားမင်းကြီးခင်ဗျာ .. ။ ကျနော်ခု ဆေးရှာရတာ အခက်အခဲဖြစ်နေပါတယ်။ ရှိသမျှသစ်တောလည်း ပြုန်းတာကော ခုတ်တာကောကုန်ပြီ။ ခု ဇော်ဂျီ တောပြောင်းရမလိုဖြစ်နေပြီ။ ရုက္ခစိုးတွေနဲ့ ဒုက္ခသည်စခန်း သွားနေရ ကောင်း မလားမသိဘူး။ ရသမျှ ကြိတ်ရောင်းတော့လည်း တိုင်းရင်းဆေးဝါးမှတ်ပုံမတင်လို့ တဲ့။ အမယ်မင်း ဇော်ဂျီ သေချင်တယ်၊ ဇော်ဂျီသေချင်တယ် သိလား။ သူယောင်မယ်လေးတွေ ရှိနေလို့နော် .. ဟင်း ..။

ဇော်ဂျီက ပြောရင်းဆိုရင်း ငိုချင်းချလိုက်သဖြင့် သိကြားမင်း ဘာလုပ်ရမှန်းမသိဖြစ်ကာ ခေါင်းကုတ်နေစဉ် နောက် တယောက် နေရာမှထပြန်သည်။ ဒီတခါထလိုက်သူက ပုပ္ပားမယ်တော်ကြီးဖြစ်သည်။ ပုပ္ပားမယ်တော်ကြီး ပြောမလို့ ပါးစပ်ပြင်နေတုန်း မနှဲလေးကပါ အတင်းဝင်ပြောဖို့ လုပ်သည်။ ပုပ္ပားတောင်မကြီးတွင် လမ်းဖောက်သည့်ကိစ္စ မယ်တော်ကြီး မကျေနပ် .. ၊ မနှဲလေးကလည်း ဘဲဥဈေးကြီးသည့်ကိစ္စ တိုင်သည်။ သိကြားမင်း အတော်လေး စိတ်ရှုပ်နေပုံ ရသည်။ သူ့ရှေ့က စားပွဲကို “ဘုန်း” ခနဲနေအောင် ထုလိုက်သည်။

သိကြားမင်း။     ။ ကဲကဲ .. သန်းရွှေရဲ့ ကိုယ်စောင့်နတ်ရေ .. မင့်အကောင်ကတော့ လူတွေတင်မကဘူး နတ်လောကကိုပါ ရှုပ်နေပြီ။ ဘယ်သူ့ လက်ထက်မှာမှ သူ့လက်ထက်လောက် ကိစ္စမများဘူး .. ကဲ .. ရှုပ်တယ်။ အဲဒီ ချိုကုတ်ဒူးကြီးကို ငရဲပြည်သာ ပို့လိုက်တော့ ..။

ထိုစဉ် တနေရာမှ “ဝုန်း” ခနဲ အသံကြီးပေါ်ထွက်လာသည်။ ယမမင်းကြီး ထရပ်လိုက်ခြင်းဖြစ်သည်။

ယမမင်းကြီး။     ။ သိကြားမင်းကြီးခင်ဗျာ .. ကျေးဇူးပြုပြီး အဲဒီပုဂ္ဂိုလ်ကို ငရဲပြည် မပို့လိုက်ပါနဲ့ …။

သိကြားမင်း။     ။ ဟေ .. ဘာလို့လဲ။ သူ့ကိုကြော်ဖို့ ဆီမလောက်မှာ စိုးလို့လား။ ဆီ ပါမစ် ထပ်ချပေးမယ်လေ။

ယမမင်းကြီး။     ။ မဟုတ်ဘူး .. မဟုတ်ဘူး .. ကြောက်လို့ဗျ ..။ တော်ကြာ ကျုပ်ငရဲပြည်ကို အာဏာ လာသိမ်းရင် ဘယ်လိုလုပ်မလဲ။ တော်ပြီပြန်မယ် .. အားလုံး တာ့တာ။

ပြောပြောဆိုဆို ယမမင်းကြီး ထွက်ပြေးသွားသည်။ တက်ရောက်လာသော နတ်အပေါင်းတို့ မကျေနပ်ကြ။ ဖြေရှင်း မပေးနိုင်သော သိကြားမင်းကို စိတ်ဆိုးနေကြသည်။ ထိုစဉ် အခြေအနေမဟန်မှန်းသိသည့် သုဇိတာတို့အဖွဲ့က သိကြားမင်းကို နောက်ဖေးပေါက်က လာခေါ်သည်။

သုဇိတာ။     ။ မောင်တော် .. မောင်တော် .. လာလာ။ ဒီနောက်ဖေးပေါက်ကထွက်။ ဘာမှစိတ်မညစ်နဲ့ ဘန်ကီမွန်းတို့ ဂန်ဘာရီတို့တောင် ရှင်းနိုင်တာမဟုတ်ဘူး…။ နောက်သူ့ဟာသူ ပြေလည်သွားလိမ့်မယ်။

သိကြားမင်း။     ။ အင်း ဒီနေရာမှာတော့ ရှေးနည်းအတိုင်း မိန်းမစကား နားထောင်တာ ကောင်းပါတယ်လေ။

သိကြားမင်းထွက်သွားတော့ ချိုကုတ်ဒူးကြီးပီအေဆီ ဖုန်းဝင်လာသည်။ မြန်မာ့ ဆက်သွယ်ရေးက ဖုန်းဆိုတော့ လိုင်းက ခန်းမထဲမှာမမိ .. ၊ အပြင်ထွက်ပြောရသည်။

ချိုကုတ်ပီအေက “ဟယ်လို .. ဟယ်လို .. ဟဲလို .. ဟုတ်ကဲ့ လာပြီ လာပြီ .. ခုလာပြီ .. အားလုံး အဆင်ပြေတယ် .. ဟုတ်ပြီ .. ဘာမှမပူနဲ့ .. အားလုံးအေးဆေး .. အိုကေနော်” ဟူ၍ ဖုန်းကိုပြန်ဖြေရင်း ရူးချင်ယောင်ဆောင်ကာ လစ်ထွက် သွားသောကြောင့် ခန်းမထဲတွင် ဒေါကန်နေသောနတ်အပေါင်းနှင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ဦးရုက္ခစိုးသာ ယောင်ချာချာ ကျန်ခဲ့လေတော့သည်။     ။