ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၃)

ချင်းမိုင် နံနက်ခင်း၏ လေတဖြူးဖြူး အရသာကို ခံစားရင်း ကျုံးနံဘေး၌ ခြေဦးတည့်ရာ လျှောက်နေ ကြသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ၂ ဦးသည် ၎င်းတို့ရှေ့တွင် ကုတ်ချောင်း ချောင်းပုံစံ လမ်းလျှောက်ရင်း ရှေ့နောက် ဘေးဘီဝဲယာကို မယုံ သင်္ကာ မျက်လုံး များဖြင့်ကြည့်လိုက်၊ သူတို့ကိုကြည့်လိုက် လုပ်နေသော ဦးရုက္ခစိုးကြီး အား တွေ့လိုက် သဖြင့် ရုတ်တရက် အံ့သြသွားကြ၏။ သူတို့နားရောက်လာတော့ ဦးရုက္ခစိုးကြီးက လေသံကို နှိမ့်၍ …

ရုက္ခစိုး။ ။ ထမင်းစားပြီးကြပြီလား။

ဖိုးရှုပ်။ ။ ဘယ်လိုဖြစ်လာတာလဲ ဦးရုက္ခစိုးရယ်။ လာတာကလည်း နောက်က တ ယောက်ယောက် လိုက်ချောင်းနေလို့ ကျောမလုံတဲ့ပုံနဲ့။ ပြောတော့လဲ ဖြုတ်အီးပေါက် တာကမှ ကျယ်ဦးမယ်။ ဦးရုက္ခစိုး အသံက မနည်းနားထောင်ရတယ်။ ပြောပြန်တော့လည်း ဘာမှမဟုတ်။

ကြွက်စုတ်။ ။ အေးလေဗျာ ကျနော်က ဘာများ ထူးထူးခြားခြားပြောမှာလဲလို့။

ဖိုးရှုပ်နှင့် ကြွက်စုတ် တို့၏ အပြစ်တင်စကားများကို ဦးရုက္ခစိုး ဂရုမစိုက်ဘဲ ဘေးဘီဝဲယာ ပြန်ကြည့်ကာ ခပ်တိုးတိုး ဆက်ပြောလိုက်ပြန်သည်။

ရုက္ခစိုး။ ။ ရန်ကုန်မှာ လုံခြုံရေးတွေ အရမ်းတင်းကျပ်နေတယ်။

ဖိုးရှုပ်။ ။ သြော် ဘာများလဲလို့။ ဦးရုက္ခစိုးက မြန်မာပြည်ခဏ ပြန်သွားတာ ဒီပုံစံ ဖြစ်လာတာကိုး။ ဒါ ချင်းမိုင်ဗျ ကျယ်ကျယ်ပြောစမ်းပါ။

ရုက္ခစိုး။ ။ အေးကွာ ရန်ကုန်မှာ အီးတောင်ကျယ်ကျယ် မပေါက်ရဲတာ အကျင့်ပါလာလို့။

ကြွက်စုတ်။ ။ ဘယ်လောက်တောင် လုံခြုံရေးကချထားလို့လဲဗျာ။ ခင်ဗျားကလည်း ပိုကိုပိုတယ်။

ရုက္ခစိုး။ ။ တမြို့လုံး ပြာပြာ၊ ပြာပြာနဲ့။ လည်ပင်းမှာ အနီပတ်တွေနဲ့။ ပြည့်နှက်နေတာ။ ဘယ်သွားသွား သူတို့ချည်းပဲ။ ဘုရားပေါ်ကော၊ ဘုန်းကြီးကျောင်းကော။ ဘယ်နေရာမှ မလွတ်ဘူးကွ။

ဖိုးရှုပ်။ ။ ဒါကတော့ ကြောက်လို့ပါဗျာ။ စက်တင်ဘာ နှစ်ပတ်လည်နဲ့လည်း အချိန်ကိုက် ဆိုတော့။

ကြွက်စုတ်။ ။ အဲဒါတော့ကြားတယ်ဗျ။ ဘုန်းကြီးကျောင်းတွေဆိုလည်း တရားခံတွေ နေတဲ့ နေရာ ကျနေတာပဲ စောင့်ကြည့်နေတာတဲ့။

ရုက္ခစိုး။ ။ ဟုတ်တယ်။ ဟုတ်တယ်။ ပြီးတော့ ဘုန်းကြီးတွေလည်း ငါးပါးထက် ပိုပြီး စုလို့မရဘူး။ ဘုန်းကြီးလည်း ဘုန်းကြီးနဲ့ကို မတူတော့ပါဘူးကွာ။

ဖိုးရှုပ်။ ။ အင်းထားပါတော့လေ။ ဒါနဲ့ ဦးရုက္ခစိုးက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အထိတ်ထိတ် အလန့်လန့် ဖြစ်နေရတာလဲ။

ရုက္ခစိုး။ ။ ကြောက်စရာအကြောင်းက ပါလာလို့ကွ။ ငါ ရန်ကုန်မှာတုန်းက တရက် ဗိုက်ရစ်လို့ အများသုံး အိမ်သာထဲ ဝင်တာ။ အိမ်သာရှေ့မှာ ကြွက် ၅ ကောင် ရှိနေတယ်ကွ။ ငါလည်း ရန်ကုန်ရောက်တုန်း ဝက်သား တုတ်ထိုးတွေ စားတာ နည်းနည်း များသွားတော့ အိမ်သာထဲ နည်းနည်းကြာသွားတယ်။ အဲဒါကိုကွာ အပြင် ကနေ တံခါးလာထုတယ်ကွ။

ဖိုးရှုပ်။ ။ ဟင်။ တကယ်လားဗျ။

ရုက္ခစိုး။ ။ မညာပါဘူးကွာ။ နတ်စကားပါကွ။ အဲလိုလာထုတော့ အိမ်သာဝင်မယ့်သူ အောက်မေ့လို့ ငါလည်း လူရှိတယ်လို့ အော်တာပေါ့။

ကြွက်စုတ်။ ။ နတ်ရှိတယ်လို့ အော်ရမှာ။

ရုက္ခစိုး။ ။ အဲဒါကွာ ဘာပြောတယ်မှတ်လဲ။ အိမ်သာထဲဝင်သွားတာ မိနစ် ၂၀ တိတိ ရှိနေပြီ။ ကြာလို့ ဝင်စစ်တာပါတဲ့။

ဖိုးရှုပ်။ ။ အဲဒါများဗျာ တံခါးဖွင့်ပေးပြီး တကယ် ဟုတ်မှန်ကြောင်း သက်သေပြတဲ့ အနေနဲ့ အနံ့ရှူခိုင်းလိုက်တာ မဟုတ်ဘူး။

ရုက္ခစိုး။ ။ မဖြစ်ဘူးကွ။ ကြောက်တယ်။ သူတို့လက်ထဲမှာ နံပါတ်တုတ်တွေနဲ့။ အဲဒါနဲ့ ငါလည်း နောက်ပိုင်း အိမ်သာ တောင် ကြာကြာ မတက်ရဲတော့ဘူး။ အဲလို ခဏ ခဏ လိုက်လိုက် လာရင် ဒုက္ခ။ ရန်ကုန်ကလည်း ပြန်လာရော ဆီးချုပ် ဝမ်းချုပ် ရောဂါ ပါလာတော့တာပဲ။ လမ်းသွားရင်လည်း ပြာပြာမြင်တိုင်း ကြောက်ရတာ အကျင့်ပါလာ တာကွ။

ကြွက်စုတ်။ ။ သြော် ဖြစ်မှ ဖြစ်ရလေဗျာ။ ဒါနဲ့ ဒီတခေါက် ခင်ဗျားရန်ကုန်သွားတာ။ ဘာသတင်း ထူးတွေ တွေ့ခဲ့၊ ကြားခဲ့ သေးလဲ။

ရုက္ခစိုး။ ။ ထူးတယ်ကွ။ နောက်ပိုင်း လူထုအုံကြွမှုတွေဖြစ်လာရင် စစ်တပ်က မနှိမ်နင်း တော့ဘူး၊ ရဲကပဲ နှိမ်နင်းတော့ မယ်တဲ့။ ဒါကတော့ နတ်နားနဲ့ကြားခဲ့တဲ့ သတင်းပေါ့ကွာ။

ဖိုးရှုပ်။ ။ အဲဒါဘာများ ထူးဆန်းလဲဗျာ။ ကုလားကြီးနဲ့ အရာကြီးပဲ ဥစ္စာ။ စစ်တပ်လည်း ပစ်မှာပဲ။ ရဲလည်း ပစ်မှာပဲ။ စစ်တပ်ကစိမ်းပြီး ရဲကပြာတယ် ဒါပဲကွာတာ။

ကြွက်စုတ်။ ။ တခြားထူးတာလေး ပြောစမ်းပါဗျာ။

ရုက္ခစိုး။ ။ ထူးတာပေါ့ကွ။ ပြည်ထဲရေးဝန်ကြီးကပြောတာလေ။ အဲလိုလုပ်တာကတဲ့ နိုင်ငံတော်က သူတို့ကိုအာဏာပေး သလို ဘာလိုလိုနဲ့ လူမုန်းခံရအောင် လုပ်တာ ဆိုပဲ။ သူတို့ဌာနက နိုင်ငံတကာက စောင့်ကြည့်တာလည်း ခံရသေး လူမုန်း လည်း ခံရသေးပေါ့ လေ။ အဲလိုပြောတာပဲ။

ဖိုးရှုပ်။ ။ ဒါကတော့ဗျာ။ ဒီတိုင်းလည်း မုန်းပြီးသားပါပဲ။ ထူးပြီးထပ်မုန်းစရာ မရှိပါဘူး။

ကြွက်စုတ်။ ။ ဒါဆို ပြည်ထဲရေးဝန်ကြီးဌာနက လောလောဆည် မြို့မေတ္တာ ခံယူမယ့် သားပေါ့။

ရုက္ခစိုး။ ။ သေချာတာပေါ့ကွာ။ ဗိုလ်ချုပ်မောင်ဦးက နာဂစ်အလှူကိစ္စတွေကိုလည်း တော်တော်လေး မကျေမလည် ဖြစ်နေတာကွ။ အဓိကကတော့ အမေရိကန်ပေါ့ကွာ။ ရေနဲ့ဘီစကစ်တွေပေးနေတာ ရပ်ပါတော့။ တော်ပါပြီဆိုတာ မရဘူး ဆက်ပေးနေလို့တဲ့။ စိတ်တိုနေတယ်။

ဖိုးရှုပ်။ ။ ဟုတ်တယ်လေ။ ရေနဲ့ ဘီစကစ် ဘာလုပ်ရမှာလဲ။ ဒေါ်လာပဲ လိုချင်တဲ့ ဥစ္စာ။

ရုက္ခစိုး။ ။ အိမ်ဆောက်ပစ္စည်းတွေ တောင်းတော့လည်း တာပေါ်လင်စတွေပဲ ပေးတယ်ဆိုပြီး ဒေါသထွက်နေတာကွ။

ကြွက်စုတ်။ ။ ဒါများ ဒေါသက ထွက်ရသေးတယ်။ အဲဒီတာပေါ်လင်စတွေကို သူတို့လူတွေပဲ ပြန်ရောင်းစားကြတာပဲ။ လပွတ္တာ နာဂစ်ဈေးထဲမှာတောင် ဝယ်လို့ရတယ်။ ဒါနဲ့ နိုင်ငံရေး အကျဉ်းသား တချို့လွှတ်ပေးတယ်တဲ့နော်။ သတင်းစာ ဆရာကြီး ဦးဝင်းတင်တောင် ပါသေးတယ်။

ဖိုးရှုပ်။ ။ အကျဉ်းသား ၉ ထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၈ ယောက်ပဲ ပါတာ ပါကွာ။ ဘာပဲဖြစ်ဖြစ် ဦးဝင်းတင် လွတ်တာတော့ ဝမ်းသာတယ်။

ရုက္ခစိုး။ ။ မင်းတို့ကလည်းကွာ။ သတင်းစာကရေးတဲ့ ဒေတာကိုများ အဟုတ်ပြောနေ သေးတယ်။ ၉ ထောင်ကျော်ဆိုတာ ဘယ်သူသွားရေထားတာမို့လို့လဲ။

ဖိုးရှုပ်။ ။ ဒါလည်း ဟုတ်တာပဲ။ သူတို့လွှတ်ချင်သလောက်လွှတ်ပြီး ရေးချင် သလောက် ရေးလို့ ရတာပဲနော်။

ခဏငြိမ်သွားကြပြီးနောက်တွင် ကြွက်စုတ်က မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ လေသံဖြင့် ပြောလိုက်သည်။

ကြွက်စုတ်။ ။ ဒီတိုင်းဆို မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကို ပြန်သုံး သပ်ရရင် မူ ရှိတဲ့သူတွေ အောင်မြင်တယ် ပြောရမှာပဲဗျ။

ဖိုးရှုပ်။ ။ ကြွက်စုတ်တို့က ကြီးကြီးကျယ်ကျယ် ပြောပြီ။ မင်းပြောသလိုဆို မူ ရှိတဲ့သူက တယောက်မှ မရှိဘူး ဖြစ်နေပြီကွ။ ဘယ်သူမှ မအောင်မြင်သေးတာ။

ကြွက်စုတ်။ ။ ဟ ခု ဦးဝင်းတင် လွတ်ပြီလေကွာ။ မူ ရှိလို့ အောင်မြင်တာပေါ့။

ရုက္ခစိုး။ ။ နေဦး မင်းတို့ ၂ ယောက် မငြင်းကြနဲ့ဦး။ ငါပြောဦးမယ်။ မူရှိတဲ့သူ အောင်မြင် မမြင်တော့ မသိဘူး။ မူတဲ့သူ ကတော့ လောလောဆယ် အသာစီးရနေတာ အမှန်ပဲ။

ဖိုးရှုပ်။ ။ လုပ်ပြန်ပြီ ဦးရုက္ခစိုးကတော့။ ရှင်းရှင်းပြောဗျာ။

ရုက္ခစိုး။ ။ မူတဲ့သူလေကွာ။ နအဖ ကိုပြောတာဟေ့။ မူ နေတာ နှစ် ၂၀ ရှိပြီ။ ခုထိ ပေးမယ့်ဟာ မပေးသေးဘူး။

ဦးရုက္ခစိုးစကားကြောင့် ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ၂ ဦးမှာ မူရှိတဲ့သူနှင့် မူတဲ့သူ ဘယ်သူ အောင်မြင်မလဲ ဆိုတာကို အလုပ်မရှိ အစ်ရှုးတင်ငြင်းရင်း ဦးရုက္ခစိုးကို မေ့သွားကြတော့၏။ ဦးရုက္ခစိုးကတော့ မြန်မာ ပြည်ကပေးလိုက်သည့် ပြာပြာမြင် ကြောက် သည့်စိတ်နှင့် ဆီးချုပ်၊ ဝမ်းချုပ်ဝေဒနာကို ကုသရန် ဘယ်ဆေး ခန်းကောင်းသလဲဟု မမေးလိုက်ရသောကြောင့် ထို ၂ ယောက်နောက်မှ အမီပြေးလိုက်နေရတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်