မြန်မာ့အရေး အမေရိကန်ပြည်ထောင်စုက ပို၍ အရေးယူဆောင်ရွက်ရန်လိုအပ်

အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ စစ်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်စေရန် အစဉ် စွမ်းစွမ်းတမံထောက်ခံ အားပေးခဲ့ကြသလို၊ ယခုလက်ရှိ အစိုးရကလည်း ခြွင်းချက်မထား ဆက်လက်ထောက်ခံအားပေးခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုက ကျင့်သုံးနေသည့် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ များမကြာဆို သလို ဝေဖန် ဆန့်ကျင်မှုများ ရှိခဲ့ကြသော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများကမူ သူတို့ကို ဖိနှိပ်ချုပ်ချယ်နေသည့် နေပြည် တော်ရှိ မြန်မာ စစ်အစိုးရအပေါ် ပြတ်ပြတ်သားသားရပ်တည် ဆန့်ကျင်ခဲ့မှုကြောင့် သမ္မတဘုရှ်ကို လေးစားထောက်ခံမှုရှိနေ ခဲ့ကြသည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒီပဲယင်းဒေသ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းကို ထောက်ခံသူများအပေါ် စစ် အစိုးရက ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့ချိန်တွင် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေ (Freedom and Democracy Act) ကို ပြဌာန်း၍ စစ်အစိုးရကို အရေးယူခဲ့သည်။

၂၀၀၅ ခုနှစ်တွင်းလည်း သမ္မတဘုရှ်က မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ကြွင်းကျန်တည်ရှိနေသည့် "အာဏာရှင်များ၏ ခံက တုတ် နိုင်ငံတခု" အဖြစ် ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ် နိုင်ငံများနှင့် အတူ တတန်းတည်း ထား၍ ဝေဖန်ခဲ့ပြန်သည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလ လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ချေမှုန်းခဲ့ချိန်တွင်လည်း သမ္မတဘုရှ်က စစ်အစိုးရအပေါ် အကြိမ်ကြိမ်ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ လက်ဝေခံစီးပွားရေးသမားများကို ဒဏ် ခတ်ပိတ်ဆို့မှုများ တိုး၍ ချမှတ်ခဲ့သည်။ ထပ်မံ၍ အားပေးထောက်ခံမှု လက္ခဏာဖော်ပြချက်တခုအနေဖြင့် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အရပ်သားများသို့ အမြင့်ဆုံးဂုဏ်ပြုဆုအဖြစ် ချီးမြှင့်လေ့ရှိသည့် ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆု (Congressional Gold Medel) ကို ဒေါ်အောင်ဆန်းစုကြည်သို့ လွန်ခဲ့သည့်ဒီဇင်ဘာ လက အပ်နှင်းချီးမြှင့်ခဲ့ပြန်သည်။ ထို့နောက် ဇူလိုင်လတွင် သမ္မတဘုရှ်က မြန်မာနိုင်ငံမှ ကျောက်စိမ်းများအပါအ၀င် အဖိုး တန် ကျောက်မြက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် ဥပဒေ (Burma Jade Law) ကို လက်မှတ်ရေးထိုးပြဌာန်း၍ စီးပွား ဒဏ်ခတ်မှုကို တဆင့်တိုးခဲ့သည်။

ရှုပ်ထွေးသည့် ပြဿနာများကို အဖြူနှင့် အမည်းဖြစ်သာ ခွဲခြားရှုမြင်လေ့ရှိသူဟု သမ္မတဘုရှ်ကို လူအများက များမကြာ ဆိုသလို ဝေဖန်မှု ရှိခဲ့ကြသည်။ သူ၏ နိုင်ငံရေးအယူအဆကို အီရတ်နိုင်ငံအပေါ် ဇွတ်အတင်း သွတ်သွင်းခဲ့သည့်အတွက် သမ္မတဘုရှ်ကို လူအများက ပြစ်တင်ရှုံ့ချကြသော်လည်း၊ လူတချို့က ထောက်ပြဝေဖန်ကြရာတွင် မြန်မာနိုင်ငံ အရေးကိစ္စ၌ မူ သူ၏ စံတန်ဖိုးထားချက်များအတိုင်း ရပ်တည်ဆောင်ရွက်ရန် ပျက်ကွက်နေသေးသည်ဟု ဆိုကြပါသည်။ လက်တွေ့ အခြေ အနေကလည်း သူတို့ဝေဖန်ကြသည့်အတိုင်း ရှိနေခဲ့ပါသည်။

သမ္မတဘုရှ်နှင့် သမ္မတကတော် လော်ရာဘုရှ်တို့က မြန်မာ့နိုင်ငံအရေးအပေါ် ပုဂ္ဂိုလ်ရေးအရ ပြင်းပြစွာ စိတ်ဝင်စားမှုရှိနေ ကြောင်း ဖော်ပြခဲ့ကြပါသည်။ သြဂုတ်လဆန်းပိုင်းတွင် သမ္မတနှင့် သမ္မတကတော်တို့က ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာ အတိုက်အခံကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်လည်ပတ်ခဲ့ ကြပါ သည်။ ဤအဖြစ်အပျက်မှာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးအကြိမ်ဟု ဆိုရမည်ဖြစ်ပြီး အမေရိကန်သမ္မတနှင့် သမ္မတကတော်တို့က မြန်မာ့ဒီမိုကရေစီအရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အထူးအာရုံစိုက်၍ ပုဂ္ဂိုလ်ရေးအရ ကိုယ်တိုင်ကိုယ်ကျ အလေးပေးခဲ့သည်မှာ ဤတကြိမ်သာ ရှိပါသေးသည်။

သမ္မတဘုရှ်နှင့် သမ္မတကတော်တို့ထံမှ ကိုယ်တိုင်ကိုယ်ကျ ထောက်ခံအားပေးမှု ရရှိနေသည်မှာ မြန်မာပြည်သူများအတွက် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့က မြန်မာ့အရေးကို နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာတွင် ရှေ့တန်းရောက် လာအောင် တွန်းတင်ပေးနိုင်ကြသူများလည်း ဖြစ်ပါသည်။

သို့သော်လည်း သမ္မတဘုရှ်၏ မြန်မာနိုင်ငံအပေါ် ချမှတ်ကျင့်သုံးနေသည့် မူဝါဒများအပေါ် ဝေဖန်နေကြသူများလည်း မရှား လှပါ။ ဝေဖန်ပြောဆိုနေကြသူများလည်း ရှိနေကြပါသေးသည်။

တချို့သော ဝေဖန်သူများက ထောက်ပြကြရာတွင် တိုက်ခိုက်ဝေဖန်မှုများ ကြုံနေရသည့် သမ္မတအတွက် မြန်မာ့အရေး သည် သိပ်ရှုပ်ထွေးမှု မရှိလှသည့် နိုင်ငံခြားရေးမူဝါဒ ပြဿနာဖြစ်ပြီး နေပြည်တော်ရှိ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် သူက အမြဲတစေ သမ္မာဒေ၀၊ နတ်သူတော်များသဖွယ် အပေါ်စီးယူ ရပ်တည်လေ့ရှိသည်ဟု ဆိုကြပါသည်။

တချို့ဝေဖန်နေကြသူများကလည်း အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မြန်မာနိုင်ငံတွင် စစ်မှန်သည့် နိုင်ငံရေး ပြောင်းလဲမှုများကို လေးလေးနက်နက် လုပ်ဆောင်လိုပါက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု သက်သက်မျှနှင့် မလုံလောက်နိုင်၊ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရအနေဖြင့် ဒေသအတွင်းရှိ အဓိကအင်အားစုများဖြစ်သည့် တရုတ်၊ အာဆီယံနိုင်ငံများနှင့် လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်ရန် လိုမည်ဟု ဆိုကြပါသည်။ အမေရိကန်ပြည်ထောင်စုက ရန်ကုန်တွင် မကြာသေးမီ ကာလက သံရုံးအသစ်တည်ဆောက်ခဲ့သော်လည်း အမှန်မှာမူ မြန်မာနိုင်ငံနှင့် ၎င်းတို့၏ သံတမန်ရေးဆက်ဆံမှု အဆင့် အတန်းကို ၁၉၈၈ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းမှုများ ဖြစ်ပွားစဉ်ကပင် စတင်၍ အဆင့်အတန်းလျှော့ချ ထားရှိခဲ့ပါသည်။

နောက်ထပ် အလေးအနက်ပြုစရာ အချက်တခုမှာ အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မဟာဗျူဟာ ဆိုင်ရာ အကျိုးစီးပွား ရှိမနေခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံကမူ အကျိုးစီးပွားအလျှောက် ၁၉၈၉ ခုနှစ်မှစတင်၍ မြန်မာ နိုင်ငံ၏ အဓိက ကုန်သွယ်ဖက် ဖြစ်လာခဲ့ပြီး အဓိကလက်နက်တင်ပို့ ထောက်ပံ့သူလည်း ဖြစ်လာခဲ့သည်။

ဤအနေအထားကြောင့်ပင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာဆက်ဆံရေး မျက်နှာစာများတွင် တရုတ်နိုင်ငံကို အားကိုးအားထားရာ ဖြစ်လာခဲ့ရပါသည်။ ဘေဂျင်းရှိ တရုတ်အစိုးရကလည်း မြန်မာ့အရေးကဲ့သို့သော ကိစ္စများ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်သွင်း ဆွေးနွေးရန် ရှိလာပါက ဗီတိုအာဏာသုံး၍ ပိတ်ပင်တားဆီးကာ စစ်အစိုးရကို ဆက်လက်ကာကွယ် ပေးထားခဲ့သည်။

တချို့သော အကြံပေးသူများကမူ အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလ နောက် ပိုင်း ဖြစ်လာမည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းကာလကို ရေရှည်မျှော်မြင်၍ မူဝါဒချမှတ် ပြင်ဆင်သင့်သည်ဟု ဆို ကြပါသည်။ ဤရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ရှိနိုင်ငံရေး ဇာတ်ခုံမှ စွန့်ခွာ၍ ထွက်သွားဖွယ်လည်း ရှိနေပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အနီးကပ်လေ့လာစောင့်ကြည့်၍ ဆုံးဖြတ်ဆောင်ရွက်သင့်သည့် ကဏ္ဍတခုလည်း ရှိပါ သေးသည်။ ၎င်းမှာ မြန်မာ့တပ်မတော်နှင့် မည်သို့သော ဆက်ဆံရေးများ ရှေ့ဆက်ဆောင်ရွက်မည်နည်းဟူသည့် ကိစ္စ ဖြစ်ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် တခြားသော ဥရောပသမဂ္ဂ အပါအ၀င်
အနောက်တိုင်း နိုင်ငံများထက်စာလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ အတိုက်အခံ အင်အား စုများနှင့် ပို၍ မိတ်ဆွေဖွဲ့ထားနိုင်ခဲ့ပါသည်။ သို့ပါသော်လည်း မြန်မာ့တပ်မတော်အတွင်း အပြောင်းအလဲကို ဖန်တီးနိုင်မည့် အင်အားစုများကို အမေရိကန်က ဖော်ထုတ် သတ်မှတ်နိုင်ခဲ့ခြင်း မရှိသလို မိတ်ဆွေဖွဲ့ထားနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါ။
သံသယဖြစ်ဖွယ်မလိုသည့်အချက်မှာ မြန်မာ့တပ်မတော်ရှိ အရာရှိအများအပြားက ဗိုလ်ချုပ်သန်းရွှေအနေဖြင့် ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနှင့် ငြိမ်းချမ်းသင့်မြတ်သည်ကို မြင်လိုလှပြီး သူတို့က အမေရိကန်ပြည်ထောင်စုအနေဖြင့် ပို၍ ပြတ်ပြတ်သားသား၊ ပို၍ ဦးဆောင် ကမကထပြုသည့် မူဝါဒများဖြင့် ချမှတ်ဆောင်ရွက်လာသည်ကိုလည်း မြင်တွေ့လို နေကြပါသည်။ တချို့သော မြန်မာစစ်အရာရှိများက အမေရိကန်ပြည်ထောင်စုအနေဖြင့် တပ်မတော်အတွင်း ပို၍ လှုပ်သာ လှည့်သာမည့် နေရာလပ်များ၊ လုပ်ပိုင်ခွင့်များ ဖန်တီးပေးရန် လိုလားနေကြပါသည်။ သို့မှသာ သဘောထားပျော့ပြောင်း သည့် အင်အားစုများက ဗိုလ်ချုပ်သန်းရွှေဦးဆောင်သည့် ခေါင်းမာဂိုဏ်းသားများကို ဆန့်ကျင်တွန်းလှန်နိုင်ရန် အခွင့်သာ စေလိမ့်မည် ဖြစ်သည်။

ဝေဖန်နေကြသူများကရော မြန်မာအတိုက်အခံများကပါ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအရ ရင်းနှီးမြှုပ်နှံမှု များတိုး၍ ဆောင်ရွက်ရန် လိုလားနေကြပါသည်။ မြန်မာ့တပ်မတော်အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့် ကြည့်၍ အာဆီယံနိုင်ငံများနှင့် ၀ါရှင်တန်အကြား လွန်းပျံပြေးလွှားဆောင်ရွက်နေမည့် သံတမန်ဆက်ဆံရေးမျိုး ဖြစ်စေ လိုနေကြပါသည်။

သေချာသည့်အချက်မှာ စစ်အစိုးရက ၎င်းဆက်လက်တည်မြဲနေရေးအတွက် ထိန်းသိမ်းနိုင်စွမ်း ရှိမနေပါ။ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရအနေဖြင့် ရေတို ရေရှည် မဟာဗျူဟာများကို သေချာချမှတ်၍ မြန်မာနိုင်ငံကို စီးပွားဒဏ်ခတ်ပိတ်ဆို့ ထားသည်နှင့် တပြိုင်တည်း၌ ဒေသအတွင်း ပို၍ တက်ကြွစွာ တွန်းထိုးဆောင်ရွက်ရန် လိုအပ်နေပါသည်။ ဒေသအတွင်းရှိ ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်အင်အားစုများနှင့် ပို၍ နီးကပ်စွာ ဆောင်ရွက်ရန် လိုနေပါသည်။

ဤသို့ တက်ကြွစွာဆောင်ရွက်ခြင်းဖြင့်သာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြုပြင် ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပေါ်လာစေရန် အပြောမဟုတ်၊ အလုပ်ဖြင့် သက်သေပြနေကြောင်း ထင်ရှားလာစေမည် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်လက်အောက်ရှိ ပြည်သူများအတွက် စိတ်ဓာတ်ရေးရာ ပံ့ပိုးမှုမျှသာ ပေး နေသည်မဟုတ်၊ လွတ်လပ်မှုအခွင့်အရေးများကို ကာကွယ်ပေးသူဟူ၍ ၎င်းအတွက်နာမည်ကောင်းရရုံ ဆောင်ရွက်ပေးနေ သည် မဟုတ်ကြောင်း ပြသနိုင်လိမ့်မည် ဖြစ်ပါကြောင်း။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်