ဂျင်မ် ၀က်ဘ် သဘောထားမပြောင်း

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ် အနေနှင့်သူ၏ မြန်မာပြည် ခရီးစဉ်ကို အဘယ်ကြောင့် ရုတ်တရက် ဖျက်သိမ်း လိုက်ရပါသနည်း။ နိုင်ငံရပ်ခြားတွင် နေထိုင်လျက် ရှိသော မြန်မာနိုင်ငံသား တချို့က ဂျင်မ် ၀က်ဘ် တယောက် မြန်မာပြည် အပြောင်းအလဲနှင့်ပတ်သက်၍ ပိုကောင်းသော အဖြေကို ရှာတွေ့သွားသောကြောင့် ၎င်း၏ စဉ်းစားပုံများ ပြောင်းလဲ သွားပြီလားဟု အင်တာနက် စာမျက်နှာများတွင် မေးမြန်းဆွေးနွေးလျက် ရှိကြသည်။ ဤမေးခွန်းများအား မဟုတ်ပါဟု ဖြေရပေလိမ့်မည်။

မြန်မာစစ်အစိုးရက နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရန် မြောက်ကိုရီးယားနိုင်ငံနှင့် လုပ်ငန်း ပူးပေါင်း ဆောင်ရွက် မှုများ ရှိနေသည်ဟု စွပ်စွဲထားသော သတင်းအချက်အလက်များ ထပ်မံရရှိသောကြောင့် မြန်မာပြည် ခရီးစဉ်ကို ဖျက်သိမ်းရခြင်း ဖြစ်သည်ဟု ဂျင်မ် ၀က်ဘ်၏ ၀ါရှင်တန်ရုံးက တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

ယုံကြည် စိတ်ချရသော ဘန်ကောက်အခြေစိုက် သတင်းဌာနများ၏ အဆိုအရ ဂျင်မ် ၀က်ဘ် လက်ခံရရှိခဲ့သည့် သတင်း အချက် အလက် များသည် ဒီမိုကရက်တစ် မြန်မာ့အသံက ရိုက်ကူး၍ အယ်လ်ဂျာဇီးယား ရုပ်သံလွှင့် အစီအစဉ်မှ ဇွန် ၄ ရက်နေ့က တင်ဆက်သွားသော စစ်အစိုးရ၏ “နျူကလီးယားရမ္မက်” အမည်ရှိ သတင်းမှတ်တမ်း ရုပ်ရှင်နှင့် ဆက်စပ်မှုရှိသည်ဟု သိရသည်။

ဂျင်မ် ၀က်ဘ် အနေနှင့် ယင်း သတင်းမှတ်တမ်းရုပ်ရှင် အကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ကြာသာပတေးနေ့ နေလယ်စာ စားနေချိန်တွင် သိရခြင်းဖြစ်ကြောင်း၊ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ ၎င်း၌ နောက်ခံအချက် အလက် အနည်းငယ်သာ ရှိသဖြင့် ၀န်ထမ်းများကို လိုအပ်သလို ဆက်လက် စုံစမ်းမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း အထက်ပါ သတင်းဌာနများက ဆိုသည်။

ထိုသို့ သိရှိရပြီးနောက် ဂျင်မ် ၀က်ဘ်က ၄ ရက်နေ့၌ စတင်ရမည့် ၎င်း၏ မြန်မာပြည်ခရီးစဉ်ကို ချက်ချင်း ရုပ်သိမ်းခဲ့သည်။ ၎င်း၏ ၀ါရှင်တန်ရုံး ထုတ်ပြန်ကြေညာချက်ထဲတွင် မြန်မာပြည် နျူကလီးယားကိစ္စကို ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပါက ထိုခရီးစဉ်သည် အမြော်အမြင်မဲ့၍ အကျိုးမရှိသော ခရီးစဉ်သာ ဖြစ်လိမ့်မည်ဟု ဂျင်မ် ၀က်ဘ်က ထည့်သွင်းပြောကြားခဲ့သည်။

“ဇွန်လ ၃ ရက်နေ့ထုတ် သတင်း အစီရင်ခံစာများတွင် နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရန် မြန်မာစစ်အစိုးရက မြောက်ကိုရီးယားနိုင်ငံနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟု စွပ်စွဲထားသော အချက်အလက်များ ထပ်မံပါရှိသည်။ ယင်းတို့နှင့် ပတ်သက်၍ မြန်မာစစ်တပ်ဘက်မှ ဘက်ပြောင်းလာသည့် အရာရှိတဦးက အခိုင်အမာ သိထားသည့်အပြင် ၎င်း၌ အထောက်အထားများလည်း အပြည့်အစုံရှိနေသည်ကို တွေ့ရသည်” ဟု ဂျင်မ် ၀က်ဘ်က ဆိုသည်။

၎င်းက ဆက်လက်၍ “ယင်း စွပ်စွဲချက်များသည် မည်မျှအခြေအမြစ် ရှိ၍ မှန်ကန်သည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ သံသယဖြစ်ဖွယ် စစ်လက်နက်ပစ္စည်း တင်ပို့မှုနှင့်ပတ်သက်၍ လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က မြန်မာ စစ်အစိုးရအနေနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်သည်ဟု မကြာသေးခင်က စွပ်စွဲခဲ့သဖြင့် ယခုအချိန်၌ ယင်းနှစ်နိုင်ငံနှင့် သက်ဆိုင်သည့် မဖြေရှင်းရသေးသော အရေးကြီး ကိစ္စရပ် နှစ်ခု ရှိနေပါသည်။ ထိုကိစ္စများအား ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ပါက ဤခရီးစဉ်သည် အမြော်အမြင်မဲ့၍ အကျိုးမရှိသော ခရီးစဉ်သာ ဖြစ်မည်ဟု ကျွန်ုပ်ယူဆသည်” ဟု ပြောထားသည်။

တချိန် တည်းမှာပင် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ကိစ္စတစုံလုံးကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် အထူး ကိုယ်စားလှယ်တဦး ခန့်အပ်ရန်ကိုလည်း ဂျင်မ် ၀က်ဘ်က သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းခဲ့သည်။ ဤသို့ ဆောင်ရွက်မှုကြောင့် ဂျင်မ် ၀က်ဘ်အနေနှင့် ၎င်း မြန်မာနိုင်ငံအပေါ်ထားရှိသည့်သဘောထား ပြောင်းသွားပြီဟု ဆိုနိုင် ပါသလား။ မဟုတ်ပါ၊ ဂျင်မ် ၀က်ဘ်အနေနှင့် သူ့ကိုယ်သူ အဖတ်ဆယ်ခြင်းသာ ဖြစ်နိုင်ပါသည်။

ဂျင်မ် ၀က်ဘ်သည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများအား ဆန့်ကျင်သူဖြစ်ပြီး မြန်မာ စစ်အစိုးရဘက်ကို ယိမ်းနေသူဟု ဆိုနိုင်သည်။ ၎င်းအပါအ၀င် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ - ပစိဖိတ်ရေးရာ ဆိုင်ရာ အရာရှိကြီးများ၏ လုပ်ငန်း ဆောင်တာများနှင့် ပတ်သက်၍လည်း ပြစ်တင်ဝေဖန်မှုများ သို့လော၊ သို့လော ထွက်ပေါ်လျက်ရှိသည်။

ဂျင်မ် ၀က်ဘ်သည် မြန်မာ အတိုက်အခံ အင်အားစုများအတွင်းတွင်လည်း ရေပန်းစားလှသူ မဟုတ်ပေ။ ၎င်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို လက်မခံနိုင်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးဝင်းတင်က ထုတ်ဖော်ပြောဆို ခဲ့ဖူးသည်။

“ဂျင်မ် ၀က်ဘ်ဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် စာနာထောက်ထားမှု မရှိဘူး” ဟု ဦးဝင်းတင်က တဲ့တိုး ပြောဆိုခဲ့သည်။

ဂျင်မ် ၀က်ဘ်သည် အမေရိကန် အထက်လွှတ်တော်အတွင်း၌ ဆန္ဒမဲ တမဲသာ ဖြစ်ကြောင်း၊ ၎င်း တယောက်တည်းနှင့် အမေရိကန် အစိုးရအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် အပြောင်းအလဲ လုပ်ရန် လုံလောက်သည့် အင်အား အရှိန်အ၀ါ မရှိနိုင်ကြောင်း မြန်မာ့ အရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပါတ်လည်နေ့က အထက်လွှတ်တော် အမတ်များ ဖြစ်သော မစ်ခ်ျမက်ကော်နယ်၊ ဂျိုးလီဘာမင်း၊ ဒိုင်ယန်ဖင်းစတိန်း၊ ဂျတ်ဂရက်ဂ်၊ ဂျွန်မက်ကိန်း နှင့် ဆမ်ဘရောင်းဘက် တို့က ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံ ပါတီကို အာဏာလွှဲပြောင်းမှု မရှိခြင်းနှင့် ယခုနှစ် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တခြား ဒီမိုကရေစီ အင်အားစုများ ပါဝင်မှုမရှိဘဲ ကျင်းပမည့်အတွက် မြန်မာစစ်အစိုးရအား ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထိုသို့ ရှုတ်ချသည့် အမေရိကန် အထက်လွှတ်တော်အမတ်များထဲတွင် ဂျင်မ် ၀က်ဘ် မပါဝင်ပေ။

အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် မူဝါဒအသစ် ချမှတ်ပြီးမကြာမီ ၂၀၀၉ ခုနှစ် သြဂုတ်လတွင်  ဂျင်မ် ၀က်ဘ် မြန်မာပြည်သို့ အလည်အပတ် သွားရောက်ခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ကို တွေ့ဆုံခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း တိတ်တဆိတ် ၀င်ရောက်မှုနှင့် ပြစ်ဒဏ် ချမှတ်ခံရသော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော လွတ်မြောက်ရန်လည်း ဆောင်ရွက်နိုင်ခဲ့သည်။

ယင်းခရီးစဉ်နောက်ပိုင်း နယူးယောက် တိုင်းမ်စ် သတင်းစာ၌ ဆောင်းပါးရေးသားရာတွင် ဂျင်မ် ၀က်ဘ်က အမေရိကန် စီးပွားရေး သမား တဦး ဖိတ်ကြားသဖြင့် ၎င်း မြန်မာနိုင်ငံသို့ ၂၀၀၀ ပြည့်နှစ်တွင် ကိုယ်ပိုင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ဖူးကြောင်း ထုတ်ဖော် ခဲ့သည်။ မည်သူက ဖိတ်ကြားသည် ဆိုသည်ကိုမူ မဖော်ပြခဲ့ပေ။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဂျင်မ် ၀က်ဘ်နှင့် ထပ်မံတွေ့ဆုံရန် ဆုံးဖြတ်ချက် ချခြင်းသည် အမေရိကန် အစိုးရက မြန်မာစစ်အစိုးရကို ထိတွေ့ ဆက်ဆံလာစေရန်နှင့် မြန်မာပြည် အပြောင်းအလဲအတွက် တခြားနည်းလမ်းများ စဉ်းစားရန် ဖြစ်နိုင်သည်။

“ကျနော်တို့ အနေနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် သင့်တင့် လျောက်ပတ်တဲ့ သံခင်း တမန်ခင်း အခြေအနေတွေကို မဖြစ်ပေါ်လာနိုင်ပါဘူး။ မြန်မာခေါင်းဆောင်တွေနဲ့ ကျနော်တို့ စကား ပြောကို ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ လွတ်လပ် ပွင့်လင်းတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာဖို့ဆိုတဲ့ ကျနော်တို့ရဲ့ ဆန္ဒကို စွန့်လွှတ်လိုက်ပါလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျနော်တို့ ရည်မှန်းချက်ကို ပြတ်သားတဲ့ မူဝါဒ မဟုတ်တဲ့ တခြား နည်းလမ်းတွေက တဆင့်သာ ရောက်ရှိနိုင်ပါလိမ့်မယ်” ဟု ဂျင်မ်ဝက်ဘ်က နယူးယောက် တိုင်းမ်စ် သတင်းစာ၌ ရေးသားခဲ့သည်။

မြန်မာ စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုများသည် ဒေသတွင်းတည်ငြိမ်ရေးကို အန္တရာယ်ရှိနိုင်သည်ဟုလည်း ဂျင်မ် ၀က်ဘ်က စောဒက တက်ခဲ့သေးသည်။ “အနောက်နိုင်ငံ အစိုးရတွေက မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ တခြား နိုင်ငံတွေနဲ့ အထူးသဖြင့် ရုရှ၊ တရုတ်တို့နဲ့ သဟဇာတ မဖြစ်ပါဘူး။ ဒီလိုဆောင်ရွက်မှုတွေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုကို သိသိသာသာ တိုးတက်အောင် ခွင့်ပြုပေးသလို ဖြစ်နေပါတယ်။ ဒီအခြေအနေက ဒေသတွင်း မဟာဗျူဟာ ချိန်ခွင်လျှာကို ပိုပြီး မညီမမျှ ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။

ဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်သည့် အုပ်စုများနှင့် သြဇာကြီးမားသော စီးပွားရေး လုပ်ငန်းရှင်များသည် ဂျင်မ် ၀က်ဘ်၏ ပထမအကြိမ် မြန်မာပြည်ခရီစဉ်အား နောက်ကွယ်မှ ပံ့ပိုးကူညီမှုရှိခဲ့သည်ဟု မြန်မာ့အရေး သုံးသပ်သူများက ယူဆကြသည်။ ဂျင်မ် ၀က်ဘ်၏ တရုတ်ဆန့်ကျင်ရေးမူသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို အကြီးအကျယ် ခံနေရသည်ဟု အမြင်ခံရသည့် မြန်မာနိုင်ငံ အတွက် အကျိုး ရှိသည်ဟုလည်း တချို့က သုံးသပ်သည်။

ဂျင်မ် ၀က်ဘ်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် မြန်မာ့အရေး သုံးသပ်သူများက မြန်မာနိုင်ငံအပေါ် ၎င်း၏ နားလည်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

စစ်အစိုးရက အမေရိကန်နိုင်ငံသား ကျော်ဇောလွင် ခေါ် ညီညီအောင်ကို မတ်လတွင် လွှတ်ပေးလိုက်ပြီးနောက်ပိုင်း ဂျင်မ် ၀က်ဘ် ထုတ်ပြန်ခဲ့သည့် ကြောညာချက်ကို တိုက်ရိုက်ကိုးကားလာသောကြောင့် မြန်မာ့အရေး သုံးသပ်သူများက ယင်းသို့ မေးခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်ုပ်၏ ၂၀၀၉ ခုနှစ် သြဂုတ်လ မြန်မာပြည်ခရီးစဉ် နောက်ပိုင်းမှစ၍ မြန်မာစစ်အစိုးရသည် အပြောင်းအလဲကို ရှေးရှုသည့် ထိရောက်သော ဆောင်ရွက်ချက်များကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ယင်းသို့ ဆောင်ရွက်ချက်များကို နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် အခွင့်အလမ်းများအဖြစ် အသေအချာ ထည့်သွင်း စဉ်းစားသင့်သည်” ဟူ၍ ဂျင်မ်ဝက်ဘ်က ၎င်း၏ ကြောညာချက်တွင် ထည့်သွင်းရေးသားခဲ့သည်။

ဂျင်မ် ၀က်ဘ်ပြောသော “စစ်အစိုးရ၏ အပြောင်းအလဲကို ရှေးရှုသည့် ထိရောက်သော ဆောင်ရွက်ချက်များ” ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါတော့သည်။

Webb's Change of Plans Means No Change of Heart ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်