သွေးစွန်းသော နှစ်ပတ်လည်နေ့

Wednesday, 29 September 2010 19:12 အယ်ဒီတာ့အာဘော်
Print

လွန်ခဲ့သည့် ၃ နှစ်က ရန်ကုန်နှင့် တခြား မြို့ကြီးများတွင် သံဃာ

တော်များ နံနက်ခင်း ဆွမ်းခံကြွစဉ်၌ ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့ မိသားစုများ လှူဒါန်းသည်ကို လက်မခံဘဲ သပိတ်မှောက် ခဲ့ကြသည်။ စစ်အစိုးရက သံဃာတော်များအား မလျော်မကန်ပြုမူသည့် အတွက် ဤသို့ တုံ့ပြန်ခဲ့ကြခြင်းဖြစ်သည်။

ယင်း အာဏာဖီဆန်မှုများမှ တဆင့် “ရွှေဝါရောင် တော်လှန်ရေး”ဟု အမည်တွင်မည့် စစ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံ တဝန်း၌ ပေါ်ပေါက်ခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့၌ ဆန္ဒပြပွဲများ အရှိန်အဟုန် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွဲမှု ဖြင့် ကြုံတွေ့ခဲ့ရသည်။ ထိုအကြမ်းဖက်ဖြိုခွဲမှုများကြောင့်ပင် သံဃာတော်များဦးဆောင်သည့် ဆန္ဒပြပွဲများလည်း အဆုံးသတ်ခဲ့ရ သည်။

သွေးစွန်းခဲ့ရသည့် “ရွှေဝါရောင် တော်လှန်ရေး” နှစ်ပတ်လည်နေ့ကို ကမ္ဘာက ယနေ့အထိ မမေ့နိုင်သကဲ့သို့ စစ်အစိုးရကလည်း အမှတ်ရနေဆဲဖြစ်သည်။ စက်တင်ဘာ ၂၇ ရက်နေ့ လင်းအားကြီးအချိန်မှာတော့ ဧရာဝတီ ဝက်ဘ်ဆိုက် အပါအဝင် သတင်း မီဒီယာ များနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များကို အင်တာနက်မှတဆင့် တိုက်ခိုက်ခံခဲ့ရသည်။

ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများသည် ဤသို့သော စစ်အစိုးရ၏ ရုန့်ရင်းကြမ်းတမ်းသည့် လုပ်ရပ်များနှင့် အသား ကျနေကြ ပြီဖြစ်သည်။ ယင်းလုပ်ရပ်များက လွတ်မြောက်ရေးအတွက် တောင်းဆိုသံများကို မည်သို့မျှ တားဆီးနိုင်လိမ့်မည် မဟုတ်။

၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများဖြစ်ပေါ်စေသော လတ်တလောအကြောင်းအရင်းသည် စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းကို အဆမတန် မြှင့်တင်လိုက်ခြင်းကြောင့်ဖြစ်သည်။ ဓာတ်ဆီ ဈေးနှုန်းမှာ ညတွင်းချင်းပင် ရာခိုင်နှုန်း ၅၀၀ ခန့်အထိ မြင့်တက်သွားပြီး အခြေခံ စားသောက်ကုန်နှင့် တခြားသော ကုန်းဈေးနှုန်းများလည်း တဟုန်ထိုး ထိုးတက်သွားခဲ့သည်။

ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်သည့် ကုန်းဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့သည်။ စစ်အစိုးရက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် နှင့် ကိုမြအေး စသော ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦးအပါအဝင် ဆန္ဒပြသူအများအပြားကို ဖမ်းဆီးပြီး ထိုဆန္ဒပြပွဲများကို နှိမ်နင်းခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ပခုက္ကူမြို့၌ သံဃာတော်များက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြရာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲသဖြင့် သံဃာတော်သုံးပါး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

ထိုလုပ်ရပ်နှင့်ပတ်သက်၍ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး စစ်အစိုးရက ဝန်ချတောင်းပန်ရန် သံဃာ့ အဖွဲ့အစည်း က တောင်းဆိုခဲ့သည်။ သို့ရာတွင် ဝန်ချတောင်းပန်မှုမရှိသည့်အတွက် သံဃာတော်များက အဓိက မြို့ကြီးများတွင် စတင်၍ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ မကြာမီပင် ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ သီလရှင်များနှင့် ဒေသခံ ပြည်သူ များက သံဃာတော်များနှင့် ပူးပေါင်းခဲ့ကြသည်။


ရက်အနည်းငယ် အတွင်းမှာပင် လူတန်းစားပေါင်းစုံပါဝင်သည့် ထောင်ပေါင်းများစွာသော ပြည်သူလူထုသည် သံဃာတော်များ နှင့်အတူ နိုင်ငံတဝန်း ချီတက်ဆန္ဒပြ၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် စစ်အစိုးရကို တောင်းဆိုခဲ့ကြ သည်။

စစ်အစိုးက ယင်းဆန္ဒပြပွဲများကို တုံ့ပြန်သည့်အနေနှင့် ညအချိန်တွင် ဘုန်းတော်ကြီးကျောင်း တော်တော်များများကို ဝင်ရောက် စီးနင်းခဲ့သည်။ မျက်မြင်သက်သေများအဆိုအရ သံဃာတော် အများအပြား ရိုက်နှက် ဖမ်းဆီးခံရသည်ဟု သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းမှုများရှိစေကာမူ စက်တင်ဘာလ ၂၇ ရက်နေ့၌ ထောင်ပေါင်းများစွာသော ပြည်သူလူထုသည် သံဃာတော် များဦးဆောင်မှုဖြင့် ရန်ကုန်မြို့တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် ထပ်မံ၍ ကြွေးကြော် တောင်းဆိုခဲ့ကြသည်။

ဤတကြိမ်တွင်လည်း စစ်အစိုးရက အကြမ်းဖက်သည့်နည်းဖြင့် တုံ့ပြန်ခဲ့ပြန်သည်။ စစ်တပ်က လူစုအတွင်းသို့ ပစ်ခတ်ခဲ့သဖြင့် မည့်သည့်လက်နက်မျှမရှိသည့် ဆန္ဒပြသူ အနည်းဆုံး ၉ ဦး သေဆုံးခဲ့ရသည်။ ထိုနေ့က သေဆုံးခဲ့ရသူများတွင် ဂျပန်လူမျိုး ဓာတ်ပုံ သတင်းထောက် ကန်ဂျီး နာဂါအိ လည်း အပါအဝင်ဖြစ်သည်။ ၎င်းသေဆုံးမှုကို ဗီဒီယိုနှင့် မှတ်တမ်းတင်ပြီး ကမ္ဘာတဝန်း ထုတ်လွှင့် ပြသနိုင်ခဲ့သည်။

နည်းပညာအခြေခံရှိသည့် လူငယ်မျိုးဆက်များသည် ၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများအတွင်း ၎င်းတို့ တွေ့ကြုံရသည်များကို အချိန်နှင့်တပြေးညီ နိုင်ငံတကာမိသားစုသို့ တင်ပြနိုင်ခဲ့သည်။ စစ်အစိုးရ၏ အကြမ်းဖက် တုံ့ပြန် ဖြိုခွဲမှုများကို စာသားဖြင့် လည်းကောင်း၊ ရုပ်သံဖိုင်များဖြင့်လည်းကောင်း ကမ္ဘာသို့ တင်ပြခဲ့ကြသည်။

ထို့ကြောင့်ပင် မြန်မာပြည်တွင်းအခြေအနေများကို နိုင်ငံတကာမှ အထူးအာရုံစိုက်လာပြီး ဘီဘီစီ၊ စီအန်အန် နှင့် အယ်လ်ဂျာဇီးယား စသည့် နိုင်ငံတကာ သတင်းဌာနများကလည်း မြန်မာနိုင်ငံဆိုင်ရာ သတင်းများကို အလေးထား ဖေါ်ပြခဲ့ကြသည်။ အကျိုးဆက် အ နေနှင့် စစ်အစိုးရ၏ လူမဆန်သောလုပ်ရပ်များအပေါ် ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။

ထို့အပြင် အပြောင်းအလဲပြုလုပ်ရန် စစ်အစိုးရကို ဖိအားပေးတောင်းဆိုမှုများလည်း ဆက်တိုက် ပြုလုပ်လာကြသည်။

ထိုသို့ နိုင်ငံတကာမှ ဖိအားများမြင့်တက်လာချိန်တွင် ၂၀၀၈ ခုနှစ် မတ်လ၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံအတွင်း အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲပြီးသွားပါက အရပ်သားအစိုးရကို အုပ်ချုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယနေ့ အချိန်တွင် စစ်အစိုးရအပေါ် ပြည်သူလူထုတရပ်လုံး၏ မကျေနပ်မှုများက တစထက်တစ ကြီးထွားလျက်ရှိသည်။  ရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တပတ် ၅ ပတ်ခန့်သာ လိုတော့သော်လည်း တိုင်းပြည်အနာဂတ်နှင့်ပတ်သက်၍ မည်သူမျှ ရေရေ ရာရာ မပြောနိုင် ဖြစ်နေသည်။

အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ဆိုသည်။

ပြည်သူလူထုက စစ်အစိုးရကို အဘယ့်ကြောင့် သဘောမကျ ဖြစ်နေရသနည်း။ အဖြေက ရှင်းလှသည်။ လွန်ခဲ့သည့် ၃ နှစ်တာ ကာလအတွင်း စစ်အစိုးရ၏ ဖိနှိပ်မှုများက မည်သည့်အခါကမျှ ရပ်ဆိုင်းသွားသည်မရှိ။ ဒီမိုကရေစီရေး လှုပ်ရှားသူများ ကိုလည်း ဆက်လက် ဖိနှိပ်နေဆဲ။


စစ်အစိုးရအပေါ် ပြည်သူလူထု၏ ကြောက်စိတ်နှင့် ဒေါသက အရင်ကာလများနှင့် လားလားမျှမတူ။ ဤအရာများကို ဆွပေးခဲ့သည်က ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း စစ်အစိုးရ၏ သံဃာတော်များအပေါ် အကြမ်းဖက်ဖိနှိပ်မှုများနှင့် နာဂစ်မုန်တိုင်းဒဏ် ခံရသူများအပေါ် လူမဆန်စွာ ဥပေက္ခာပြုမှုများပင်ဖြစ်သည်။

လက်ရှိအချိန်တွင် သံဃာတော် ၂၅၆ ပါးနှင့် သီလရှင် ၆ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် မြန်မာပြည် အကျဉ်း ထောင်များအတွင်း အကျဉ်းချခံနေရဆဲဖြစ်သည်။ ဤအရေအတွက်သည် ၂၀၀၇ ဆန္ဒပြပွဲများ မတိုင်မီရှိခဲ့သော နိုင်ငံရေး အကျဉ်းသား အရေအတွက်၏ နှစ်ဆကျော်ဖြစ်သည်။

“ရွှေဝါရောင်တော်လှန်ရေး” ၌ ဦးဆောင်ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၃၀ ကျော်ကို ထောင်ဒဏ် ၆၈ နှစ် အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ထိုသို့ ပြစ်ဒဏ်ပေးမှုသည် နေအိမ်အကျယ်ချုပ်ချခံနေရသော နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စစ်အစိုးရက  အာခံလိုက်ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်အစိုးရအပေါ် မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့။

ပြီးခဲ့သည့် လများအတွင်း နိုင်ငံတကာမိသားစုအနေနှင့် စစ်အစိုးရနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အတိုက်အခံများ အကြားရှိ အာဏာလွန်ဆွဲပွဲများကိုသာ အာရုံစိုက်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မကြာသေးမီက ထုတ်ဖော်ပြောဆိုလိုက်သည်။

AI က ထုတ်ပြန်သော “ရွှေဝါရောင်တော်လှန်ရေး” အကြမ်းဖက် နှိမ်နင်းဖြိုခွဲခံရမှု ၃ နှစ်ပြည့်အထိမ်းအမှတ် ကြေညာချက်၌ “အိမ်နီးချင်း အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာမိသားစုက မြန်မာနိုင်ငံ၌ လွတ်လပ် တရားမျှတ၍ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်လာစေရန် စစ်အစိုးရကို တိုက်တွန်းနေချိန်တွင် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများသည် လျစ်လျူရှု ခံနေရသည်”ဟု AI ၏ မြန်မာ့ရေးရာ သုတေသီ ဘင်ဂျမင် ဇာဝါကီ က ဆိုသည်။

မြန်မာ့ နိုင်ငံရေး အကျဉ်းသားများသည် ၎င်းတို့ အခွင့်အရေးများဖြစ်သော လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စုစည်းခွင့်နှင့် အသင်း အပင်း တည်ထောင်ခွင့်များကို ငြိမ်းချမ်းစွာ အသုံးပြုမိသည့်အတွက် အပြစ်ပေးခံနေကြရခြင်းဖြစ်သည်။ ၎င်းတို့၏ အမြင် သဘောထား များ မပါပါက မြန်မာပြည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့သည် အဓိပ္ပာယ် မဲ့နေပေလိမ့်မည်။

၅၄ သန်းသော မြန်မာပြည်သူများ၏ ဘဝ၊ လူ့ အခွင့်အရေး၊ လူ့ ဂုဏ်သိက္ခာနှင့် အနာဂတ် အတွက် နိုင်ငံတကာ မိသားစု၏ စုစည်းညီညွတ်၍ ပြတ်သားသော တာဝန်ယူမှုနှင့် ကြိုးပမ်းဆောင်ရွက်မှုများ ချက်ချင်း လိုအပ် နေပါသည်။

An Anniversary Written by Blood ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။