ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရမည့် ပြဿနာများ

Saturday, 13 November 2010 13:00 အယ်ဒီတာ့အာဘော်
Print
အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ် ချထားခြင်း ခံခဲ့ရသည်။ ယခု နောက်ဆုံး တခေါက် နေအိမ် အကျယ်ချုပ် ချထားခံရမှုသည် ၂၀၀၃ ခုနှစ် မေလ ကတည်းကဖြစ်ပြီး ယနေ့တွင် လွတ်ရက်စေ့သည်။

လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးတွင် ပြန်လည်ဝင်ရောက်လာမည် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေး ပြဿနာများအတွက် အရှည်တည်တံ့မည့် ဖြေရှင်းနည်းများကို သူ၏ဦးဆောင်မှုဖြင့် လက်တွေ့ အကောင်အထည်ဖော်ရမည့် နယ်ပယ် ၆ ခုကို ဧရာဝတီက ထုတ်နုတ်တင်ပြလိုက်ပါသည်။

စစ်အစိုးရ – တိုင်းပြည်တွင် အရေးကြီးသော အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြန်လည်ရရှိရန်အတွက် စစ်အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတခု ရရှိရန် ဒေါ်အောင်ဆန်းစုကြည်က အစဉ်တစိုက်ကြိုးစားခဲ့သည်။ သို့ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ထိုကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပါ။ စစ်အစိုးရက စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ပေးရန် ငြင်းဆိုခဲ့သည်။

ယခုတကြိမ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရာ၌ တိုင်းပြည်၏ ကဏ္ဍအသီးသီးဖြစ်သော တတ်သိပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးနယ်ပယ်မှ သက်ဆိုင်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်သော တူညီသည့် သဘောတူညီချက်တခု ရရှိရန် ဒေါ်အောင်ဆန်းစုကြည် ကြိုးစားသင့်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ - ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသော်လည်း နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် ချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော် ရှိနေပါသေးသည်။ ထိုနိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးသည် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး၌ သူ၏ဦးဆောင်မှုကို ပြန်လည်ရယူရာတွင် ပထမဦးစားပေးလုပ်ငန်းတခု ဖြစ်သင့်ပါသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခ - မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးအကြား စည်းလုံးညီညွတ်မှု ပြန်လည်ရရှိရန်အတွက် “ဒုတိယ ပင်လုံညီလာခံ” ကျင်းပရေး အယူအဆကို ဒေါ်အောင်ဆန်းစုကြည် အစပြုခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် လွန်ခဲ့သည့်ကာလတလျှောက်လုံး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အပစ်အခတ်ရပ်စဲထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်သော ပြဿနာရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

မကြာသေးခင်က ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ်များနှင့် အပစ်အခတ်ရပ်စဲထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ခွဲထွက်ခဲ့သော အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများက လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးအတွက် လိုအပ်ချက်တခုအဖြစ် ပြသနေပါသည်။ ဒုတိယပင်လုံညီလာခံ ကျင်းပရေးကို ဦးတည်စေသည့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအ၀င် တိုင်းရင်းသားလူမျိုးစုအဖွဲ့များ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးကို ဒေါ်အောင်ဆန်းစုကြည် အဓိကထားသင့်ပါသည်။

နိုင်ငံရေးကွဲပြားမှု - မကြာသေးခင်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကြောင့် နိုင်ငံရေးကွဲပြားမှုများ ပြင်းထန်လာခဲ့ပါသည်။ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေကြသူများထဲတွင် ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အုပ်စုနှင့် ရွေးကောက်ပွဲဝင်သည့် အုပ်စုဟူ၍ အုပ်စုနှစ်ခု ကွဲပြားခဲ့ပါသည်။ ဒီမိုကရေစီခေါင်းဆောင်တဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အုပ်စုနှစ်ခုလုံးနှင့် စကားပြောနိုင်သည့် အခွင့်အလမ်းကို ရှာဖွေသင့်ပြီး သူတို့အကြားက ကွဲပြားမှုများကို ရင်ကြားစေ့သင့်ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အဖွဲ့ချုပ်မှ ခွဲထွက်သွားသော အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) တို့အကြား ပြန်လည်ပေါင်းစည်းရေးကို အစပြုလုပ်ဆောင်သင့်ပါသည်။ ထို့အပြင် ၂၀၀၃ ခုနှစ်  ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းမခံရမီ နိုင်ငံရေးအခြေအနေနှင့်မတူဘဲ နိုင်ငံရေးပါတီအသစ်များ ပေါ်ပေါက်ရပ်တည်နေပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွင် ထိုနိုင်ငံရေးပါတီများပါ ပါဝင်မည့် နိုင်ငံရေးမဟာဗျူဟာတရပ်ကို ချမှတ်သင့်ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲရလဒ် - NLD သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ဒီမိုကရေစီ နည်းလမ်းမကျသော ဖွဲ့စည်းပုံအဖြစ် ကန့်ကွက်ထားပါသည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပခဲ့သော နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲသည် စစ်အစိုးရ၏ မဲမသမာမှုများ၊ သူတို့ကိုယ်တိုင် ရေးဆွဲပြဌာန်းခဲ့သည့် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်မှုများကြောင့် ဆိုးဆိုးရွားရွား မှားယွင်းမှုများရှိသော ရွေးကောက်ပွဲတရပ်ဖြစ်ပါသည်။

ထိုဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်သည် ယခုဖြစ်ပေါ်နေသော အခွင့်အလမ်းကိုရယူ၍ ကျယ်ပြန့်သော နိုင်ငံရေးမဟာမိတ်ဖွဲ့မှုတခုကို ပြုလုပ်သင့်ပါသည်။

အရေးယူပိတ်ဆို့မှု၊ အကူအညီနှင့် နိုင်ငံတကာအသိုင်းအ၀န်း - ပြည်သူလူထုကို အမှန်တကယ်ထိခိုက်စေသည့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများကို ရုတ်သိမ်းရန် နည်းလမ်းရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏သဘောထားကို ထုတ်ဖော်ခဲ့ပြီးဖြစ်သကဲ့သို့ ထိုသို့ အရေးယူပိတ်စို့မှုများကို ဖယ်ရှားရေးတွင် စစ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကို ကမ်းလှမ်းခဲ့ပြီးလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအားလုံးကို ပြန်လည်သုံးသပ်ပြီးနောက် ထိုပိတ်ဆို့မှုများ ဖယ်ရှားရေးနှင့် မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းဆိုင်ရာ နိုင်ငံတကာအကူအညီများအတွက် ရှင်းလင်းသည့် မူဝါဒတခုကို ချမှတ်ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် မြန်မာပြည်တွင်း လူသားချင်းစာနာသော အကူအညီများပေးရန် ရှာဖွေနေသော နိုင်ငံတကာအကူအညီပေးရေး အစီအစဉ်များ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေသင့်ပါသည်။