စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ

မကြာသေးမီက ရေးသားတင်ပြခဲ့သော “ဒဏ်ခတ်အရေးယူမှုနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အနောက်နိုင်ငံများ စောင့်မျှော်နေကြ (West Waits for Suu Kyi Sanctions Signals)” ဟူသည့် အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်သော ဧရာဝတီ သတင်း၌ “အမေရိကန်နှင့် ဥရောပ စီးပွားရေး အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်နေကြသည်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုသည် စစ်အစိုးရနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ဆယ်စုနှစ်ချီ တားမြစ်ထားမှုများအား အဆုံးသတ်နိုင်စေလိမ့်မည်ဟူသော မျှော်လင့်ချက်များ မြင့်မားလာသည့်အပေါ် ဤသို့တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်း သတင်း၌ “ဒဏ်ခတ်အရေးယူမှုတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှုတွေ မဖြစ်လာစေဘူးဆိုတာ အတော်လေး ရှင်းနေပါတယ်။ အဲဒီလိုမဖြစ်တဲ့အပြင် ဒဏ်ခတ်အရေးယူမှုတွေကြောင့် အမေရိကန် ကုမ္ပဏီတွေရဲ့ အလုပ်တွေကို မြန်မာနိုင်ငံနဲ့ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနေတဲ့ တခြားနိုင်ငံတွေက သူတို့ရဲ့ ပြိုင်ဘက်တွေဆီ လွှဲပေးလိုက်ရသလိုတောင် ဖြစ်သွားတာပါ” ဟုဆိုသော အမေရိကန် ကုန်သည်ကြီးများအသင်း၏ အာရှဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ တမီ အိုဗာဘီ (Tami Overby) ၏ The Wall Street ဂျာနယ်သို့ ပြောကြားချက်ကိုလည်း ကိုးကားခဲ့သည်။

“တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံကသာ မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြန်လည်သုံးသပ်ဖို့ အရိပ်အယောင်ပြမယ်ဆိုရင် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဖျက်သိမ်းဖို့အရေး စဉ်းစားဖို့ အမေရိကန်လွှတ်တော်နဲ့ သမ္မတ အိုဘားမား အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း မစ္စ အိုဗာဘီက ဆိုသေးသည်။

မစ္စ အိုဗာဘီ၏ မှတ်ချက်များသည် မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားနိုင်ရေး၏ အဓိက သော့ချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟူသော အနောက်နိုင်ငံ အတော်များများ၏ လွဲမှားနေသည့် အမြင်ကို ထပ်မံ လှစ်ဟပြလိုက်ခြင်းပင် ဖြစ်သည်။ ဤဝန်ထုပ်ဝန်ပိုးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အပေါ် ပုံချမည့်အစား ဒဏ်ခတ်အရေးယူမှုအပေါ် ဝေဖန်သုံးသပ်သူများ အနေဖြင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသဘောထားကို ပြောင်းရလောက်အောင် မြန်မာစစ်အစိုးရက ဘာများလုပ်ပြခဲ့ပါသနည်းဟူသော မေးခွန်းကို မေးသင့်သည်။

ဤမေခွန်း၏ အဖြေကား စစ်အစိုးရလုပ်ပြခဲ့သည်မှာ နည်းလွန်းလှ၏ဟူ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သည်၊ သို့သော် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ အကျဉ်းထောင်များအတွင်း ဒုက္ခခံနေရဆဲပင်။ စစ်အစိုးရအနေနှင့် အနောက်နိုင်ငံများက ၎င်းတို့အပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ရုပ်သိမ်းပေးစေလိုပါက အနိမ့်ဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးပေလိမ့်မည်။

ဒဏ်ခတ်အရေးယူမှုများအပေါ် ခါးခါးသီးသီး ဖြစ်နေသူများက မြန်မာ့ နိုင်ငံရေးအကျဉ်းသားများ၏ အကျပ်အတည်းနှင့် ပတ်သက်၍ ရံဖန်ရံခါ စကားအဖြစ်မျှသာ ထုတ်ဖော်ပြောဆိုမှုများ ရှိသော်လည်း ၎င်းတို့ အမှန်တကယ် အလေးထားသည်မှာကား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ လက်လွှတ်ဆုံးရှုံးရခြင်းပင် ဖြစ်သည်မှာ ရှင်းလှသည်။

ထိုသို့ လက်လွှတ်ထားရပြီး တရုတ်နှင့် စစ်အစိုးရ၏ ဒေသတွင်း “အပေါင်းအပါများ” က ထိုအခွင့်အရေးများကို ရသွားသည်ကား ၎င်းတို့ တကယ်အလေးထားသည့် ကိစ္စဖြစ်သည်။

နိုင်ငံခြားမှ ရင်းနှီးငွေအလုံးအရင်း မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာမှုကြောင့် နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာလိမ့်မည်ဟု ဒဏ်ခတ်အရေးယူမှုအပေါ် ဝေဖန်သုံးသပ်သူများက အခိုင်အမာ ပြောလေ့ရှိသည်။ သို့သော် လက်တွေ့ဖြစ်ရပ်များကား ဤသို့မဟုတ်။ အာရှတဝန်းမှ နိုင်ငံတွင်းသို့ စီးဆင်းလာသော အလွန်ကြီးမားသည့် ငွေကြေးပမာဏသည် သာမန်ပြည်သူများကို ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် မည်သို့မျှ စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် အနောက်နိုင်ငံများမှ ငွေကြေးကြောင့် ပြည်သူများ အကျိုးပိုရှိစေမည်ဆိုသည်မှာ မည်သို့မျှ ယုံကြည်နိုင်စရာအကြောင်း မရှိချေ။

အနောက်နိုင်ငံများမှ ကော်ပိုရေးရှင်းများအနေနှင့် မြန်မာနိုင်ငံတွင် ၎င်းတို့မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်ကို တစထက်တစ ရိပ်စားမိလာနေကြသည်။ ထို့ကြောင့်ပင် ၎င်းတို့ရှိနေခြင်းအားဖြင့် စစ်အစိုးရအတွက် လိုအပ်သည်များကို တစုံတရာ လမ်းညွှန်မှုပေးနိုင်ကြောင်း၊ အနောက်နိုင်ငံများ၏ နည်းလမ်းများကိုလည်း ဗိုလ်ချုပ်ကြီးများကို မိတ်ဆက်ပေးနိုင်ကြောင်း စသည့် ၎င်းတို့၏ ဓာတ်ပြားဟောင်းကြီးများကို ပြန်လည် အသက်သွင်းရန် ကြိုးစားလာနေကြခြင်းဖြစ်သည်။

အမြတ်အစွန်းရရေးသက်သက် အမြင်ဘက်မှ ကြည့်မည်ဆိုပါက စီးပွားရေးသမားများ၏ အမြတ်အစွန်း တစုံတရာ ရလိုသည့်အပေါ် အပြစ်ဖို့ရန် ခက်ခဲပါသည်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနှင့် တောင်ကိုးရီးယားနိုင်ငံများက မြန်မာနိုင်ငံ၏ အခြေခံ စက်မှုလုပ်ငန်းများတွင် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံထားကြသည် မဟုတ်ပါလား။ ကုန်ထုတ်လုပ်မှု အပါအဝင် တခြားကဏ္ဍများတွင်လည်း အခွင့်အလမ်း အသစ်များ ပေါ်လာနေပြီ မဟုတ်ပါလား။

ယခုနှစ် ပထမ ၆ လအတွင်း တရုတ်ကုမ္ပဏီများကချည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့်ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရှိကြောင်း၊ အများစုကို သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံကြကြောင်း  စစ်အစိုးရ၏ တရားဝင် ကိန်းဂဏန်းများကို ကိုးကားသည့် ရိုက်တာသတင်းဌာန၏ အဆိုအရ သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံကမူ တရုတ်နိုင်ငံထက်ပင် ရည်ရွယ်ချက်ပိုကြီးသေးသည်။ ထိုင်းအနေဖြင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ရေနက်ဆိပ်ကမ်းတခုနှင့် ၆၄၀၀၀ ဟက်တာ အကျယ်အဝန်းရှိ စက်မှုဇုန်တခု တည်ဆောက်ရန် အစီအစဉ်များ ရှိသည်။

ဘန်ကောက်အခြေစိုက် Italian-Thai Development ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား သဘောတူ လက်မှတ်ထိုးခဲ့သော ဤစီမံကိန်းအတွက် အခြေခံကုန်ကျမှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၃.၄ ဘီလီယံ ရှိသည်ဟု သိရသည်။ ယင်းဒေသကို ကုန်စည်ပို့ဆောင်ရာနှင့် ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ပြောင်းရန် အစီအစဉ်ရှိသည်ဟုလည်း ခန့်မှန်းပြောဆိုနေကြကြောင်း သိရသည်။

“ကျနော်တို့ အလုပ်သမား အမြောက်အမြား လိုအပ်ပါတယ်၊ သန်းနဲ့ချီတဲ့ မြန်မာတွေကို အလုပ်လုပ်ဖို့ ကျနော်တို့ စည်းရုံးမယ်” ဟု Italian-Thai Development ကုမ္ပဏီ ဥက္ကဋ္ဌ ပရင်မ်ချိုင် ကာနာစု (Premchai Karnasuta) ကပြောကြောင်း မကြာသေးခင်က The New York Times သတင်းတပုဒ်၌ ဖော်ပြခဲ့သည်။

ဤနေရာ၌ ထည့်သွင်းဆွေးနွေးရန်လိုသည့် အချက်မှာ တချိန်က ဒေသအတွင်းတွင် အဖွံ့ဖြိုးဆုံးဖြစ်ခဲ့ပြီး အာဏာငမ်းငမ်းတက်သော အုပ်ချုပ်သူများကြောင့် တရွတ်တိုက် နောက်ပြန် ပြန်ဆွဲသွားသည့် တိုင်းပြည်ရှိ နိုင်ငံသားများ၏ ဘဝကို ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုက မည်ကဲ့သို့ တိုးတက်စေနိုင်ပါသနည်းဟူသော အချက်ပင်ဖြစ်သည်။

ပြည်သူလူထု၏ ဆန္ဒသဘောထား ထုတ်ဖော်မှုများကို ပိတ်ဆို့ထားခြင်းမှာ မည်သို့မျှပြောပလောက်သည့် အရာမဟုတ်ဟု ယူဆထားကြသည့် မြန်မာစစ်အစိုးရသည် နိုင်ငံသားများ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး အခွင့်အလမ်းများ ဆုံးရှုံးနေမူအပေါ်တွင်လည်း များစွာ အလေးမထားချေ။ ဤအခြေအနေအတိုင်း ဆက်ရှိနေမည်ဆိုပါက မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပစ်ခြင်းကြောင့် အနောက်နိုင်ငံ ကုမ္ပဏီများနှင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများကို ပို၍ ကြွယ်ဝချမ်းသာလာသည်မှလွဲ၍ အခြား မည်သည့်အရာမျှ ဖြစ်လာစရာ အကြောင်းမရှိချေ။

ထိုသို့ဆိုပါက မည်သည့်အတွက်ကြောင့် ဒဏ်ခတ်အရေးယူသည့် မူဝါဒများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိနေရပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထု၏ အသံကို ကိုယ်စားပြုသည်ဟု အားလုံးက သိပြီးဖြစ်သည်။ သို့စဉ်တိုင် ကိုယ့်စံနှုန်းနှင့်ကိုယ် ရှိနေသော အနောက်နိုင်ငံများသည် စစ်အစိုးရအနေဖြင့် ၎င်း၏ ပြည်သူများ ရသင့်သော အခွင့်အရေးများအပေါ် လေးစားသင့်ကြောင်း တိုက်တွန်းသင့်ပေသည်။

Only Than Shwe Can Get West to Lift Sanctions ကို ဆီလျော်အောင် ပြန်ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်