ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းများ ပြည့်ဝပါစေ

ပြီးခဲ့သည့် တနင်္ဂနွေနေ့သည် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားများကို နိုင်ငံတွင်းနှင့် ကမ္ဘာတလွှားတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ သူ့ကို လေးစား တန်ဖိုးထားသူများက ထိုအခမ်းအနားများကို ပြုလုပ်ကြခြင်း ဖြစ်ပြီး သူ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများတွင် ဝန်းရံကြမည် ဟုလည်း ထုတ်ဖော် ပြောဆိုကြသည်။

ယခုနှစ်မွေးနေ့သည် ဒေါ်အောင်ဆန်းစုကြည် အတွက် ထူးထူးကဲကဲ ဝမ်းမြောက်ဖွယ် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် မွေးနေ့တွင် သူ့အား ထောက်ခံသူများသာမက သူ၏သားငယ် ကိုထိန်လင်းပါ သူနှင့် အတူရှိနေသောကြောင့်ပင်။ နေအိမ် အကျယ်ချုပ်မှ လွတ်လာသည့် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ သားဖြစ်သူ  ရန်ကုန်သို့ သွားရောက် လည်ပတ်သည်မှာ ယခုဆိုလျှင် ဒုတိယ အကြိမ် ဖြစ်သည်။

သောကပင်လယ်ဝေနေသည့် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် အလင်းရောင်ဟု အများက သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှ လွတ်လာပြီး ကတည်းက နိုင်ငံတကာဧည့်သည်များနှင့် မြန်မာ့နိုင်ငံရေး နယ်ပယ်ရှိ အင်အားစု ပေါင်းစုံတို့နှင့် တွေ့ဆုံခဲ့သည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ အစုအဖွဲ့ တခုနှင့် ယနေ့တိုင် တွေ့ဆုံနိုင်မှု မရှိသေးခြင်း ဖြစ်သည်။ ယင်းအစုအဖွဲ့ကား တွေ့ဆုံဆွေးနွေးရန် သူက အကြိမ်ကြိမ် ကမ်းလှမ်းသော်လည်း ယနေ့တိုင် အလေးဂရုမပြုသောသူများ၊  သူကို ဖမ်းဆီးထိန်းသိမ်းခဲ့သူများပင် ဖြစ်သည်။  

သို့သော် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ယုံကြည်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားသည်။ “ကျမ မွေးနေ့မှာ ဘာဆုတောင်းချင်ပါသလဲလို့ မေးလာရင် ကျမတို့ နိုင်ငံ အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာ ဝပြောရေးတွေကို ဆုတောင်းချင်ပါတယ်လို့ ဖြေချင်ပါတယ်” ဟု ရန်ကုန် NLD ရုံးချုပ်၌ ပြုလုပ်သည့် မွေးနေ့ အခမ်းအနားတွင် သူက ပရိသတ်ကို ပြောကြားခဲ့သည်။ 

ထိုသို့ ပြောဆိုခြင်းသည် ငြိမ်းချမ်းရေးချိုးငှက်က သံလွင်ခက်ကို ယူဆောင်လာခြင်းမျိုး မဟုတ်လင့်ကစား ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် ပန်းတိုင်သည် အာဏာပိုင်တို့ အခိုင်အမာ ပြောဆိုနေသည့် အရာများနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားမှု မရှိကြောင်း ရှင်းရှင်း လင်းလင်း ပြဆိုရာ ရောက်ပေသည်။ သို့သော် ဤမျှ ပြောဆိုခြင်းသည် စစ်အစိုးရကို အမွေဆက်ခံသူများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် ကာလရှည်ကြာ ရန်ညှိုးဖွဲ့မှုကို အဆုံးသတ်ရန် လုံလောက်မည် မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူကို ထောက်ခံသူများ လျှောက်လှမ်းနေသည့် ဒီမိုကရေစီ ခရီးက အချိန် ကြာမြင့်လှပြီ ဖြစ်သည့် အပြင် ပန်းတိုင်နှင့်လည်း အလှမ်းဝေးနေသကဲ့သို့ ဖြစ်နေသည်။ ဒီမိုကရေစီ ကျင့်သုံးသည့် မြန်မာနိုင်ငံ ဖြစ်လာရေး ဟူသော ပန်းတိုင်ကို မည်သို့ အရောက်လှမ်းမည်နည်း။ အားလုံး သိသည်ကား ပိုမို များပြားသော အတားအဆီးများ ရှေ့ခရီးတွင် ရှိနေနိုင်သည် ဆိုခြင်းပင်။

သိန်းနှင့်ချီသည့် လူထုကို သူ ပထမဆုံးအကြိမ် နိုင်ငံရေးမိန့်ခွန်း ပြောကြားခဲ့သည့် ၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၄၄ နှစ်သာ ရှိသေးသည်။ ယခု အသက် ၆၆ နှစ်ရှိပြီ ဖြစ်သည်။ မြန်မာပြည်၏ ဂန္ဒီကြီးဟု မကြာခဏ တင်စားခံနေရသော၊ ယခင်ကထက် များစွာ အသက် အရွယ် ကြီးရင့်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သူ၏ ငြိမ်းချမ်းရေး စကားများကို ဗိုလ်ချုပ်ကြီးများ လက်ခံလာအောင် ဖျောင်းဖျနိုင်မည်လောဟူ၍ လေ့လာသူများက စူးစမ်းလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့သည် နိုင်ငံရေး နယ်ပယ်သို့ စတင် ဝင်ရောက်သည့် အချိန် ကတည်းက ဝေဖန်မှုများနှင့် စဉ်ဆက်မပြတ် ကြုံတွေ့ခဲ့ကြရသည်။ သို့သော် ယင်းဝေဖန်မှုများနှင့် အခက်အခဲများကို ကြံ့ကြံ့ခံ၍ မယိုင်မလဲ ရှေ့ဆက်လျှောက်လှမ်းခဲ့ကြသည်။ တချိန်တည်းမှာပင် မြန်မာပြည် အခြေအနေ အပြောင်းအလဲနှင့် ပတ်သက်၍ သူ၏ စွမ်းဆောင် နိုင်စွမ်း အပေါ်တွင်လည်း တစုံတရာ အကြောင်းပြချက် ကောင်းစွာ မရှိဘဲ သံသယ ပွားခဲ့ကြသည်။

တိုင်းပြည်တွင် အဓိပ္ပာယ်ရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် မည်မျှကြာအောင် ဆက်လက် လှုပ်ရှား ဆောင်ရွက်နိုင်မည် ဆိုသည်ကိုလည်း တချို့က သံသယ ရှိကောင်း ရှိနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ၏ မြန်မာပြည် နိုင်ငံရေးဘဝ တလျှောက်လုံးတွင် တူညီသည့် နည်းနာကိုသာ ကိုင်စွဲခဲ့သည်။  ပြီးခဲ့သည့် ရွေးကောက်ပွဲအပါအဝင် အတုအယောင်ဟု ယူဆသော ကိစ္စရပ်တိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်း၊ အနောက်နိုင်ငံများက မြန်မာပြည်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများကို ထောက်ခံခြင်း ဟူသော နည်းနာ ဖြစ်သည်။ ဤနည်းနာအား ဆက်လက် ကိုင်စွဲလျှင် အပြောင်းအလဲများ ဖြစ်လာမည် ဆိုသည့် အချက်ကို သူ့အား ကာလရှည်ကြာ ဝန်းရံခဲ့သူတချို့ကပင် သံသယ ရှိနေကြသည်။

၁၉၈၈ ခုနှစ်မှစ၍ သူနှင့် ဒီမိုကရေစီ လှုပ်ရှားမှုတို့အတွက် စွန့်လွှတ် စွန့်စားကြသူများသည် သူနှင့်အတူ ရှေ့ဆက်လျှောက်ကြပေလိမ့်မည်။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် မရှိတော့ပါက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုတွင် လွန်စွာ ကြီးမားသည့် လစ်ဟာချက် ဖြစ်လာမည် ဆိုသည်ကိုလည်း အားလုံးက သဘောတူကြသည်။

ထို့ကြောင့်ပင် နိုင်ငံတကာ အစိုးရအရာရှိ အတော်များများက သူတို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်လက် တွေ့ဆုံမည်၊ ထိုသို့ တွေ့ဆုံရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ လှုပ်ရှားမှု၏ သင်္ကေတအဖြစ် ဆက်လက်ရှိ နေစေရန်၊  အန္တရာယ်နှင့် ရုတ်တရက် ကြုံရပါက သို့မဟုတ် ထိန်းသိမ်းခံရနိုင်ပါက အကာအကွယ်ပေးနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။ သူတို့က မြန်မာနိုင်ငံအတွင်း သူတို့သြဇာ မြင့်တက်လာရေးအတွက်လည်း အခြား နည်းလမ်းများ သုံး၍ ဆောင်ရွက်နေကြသည်။ 

လွန်ခဲ့သည့်နှစ် အတုအယောင် ရွေးကောက်ပွဲမှ တဆင့် အရပ်သား အစိုးရသစ် တက်လာပြီးချိန်မှစ၍ မြန်မာ့နိုင်ငံရေးတွင် သက်ဆိုင်သည့် အင်အားစုများ၊ သြဇာရှိသူုများနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်သည်ဟု နိုင်ငံတကာက တစထက်တစ မြင်လာကြသည်။ ထိုသို့ တွေ့ဆုံမှုများမှာ ကာလရှည်ကြာ ဖြစ်ပွားနေသော တိုင်းရင်းသားပဋိပက္ခ၊ ဆင်းရဲနွမ်းပါးမှုနှင့် လူသားချင်း ဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန် ဖြစ်သည်။

တချိန်တည်းမှာပင် လေ့လာ စောင့်ကြည့်သူများက နိုင်ငံရေး အတိုက်အခံ အင်အားစုကို အထင်ကြီး လေးစားဖွယ်ဖြစ်အောင် ပြန်လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြဇာသည် ဒီမိုကရေစီ လှုပ်ရှားမှုအား စုစည်းနိုင်သော အစွမ်းထက်သည့် အင်အားတရပ် ဖြစ်နေလင့်ကစား သူ၏ ပါတီသည် အဖွဲ့အစည်း စွမ်းရည် အားနည်းနေသည့်အပြင် သူကိုယ်တိုင်သည်ပင်လျှင် ရှုပ်ထွေး နက်နဲသော မြန်မာပြည်နိုင်ငံရေး ကိစ္စရပ်တို့ကို ကိုင်တွယ်ရန် ကျွမ်းကျင်မှုများစွာ လိုအပ်နေသေးသည်ဟု လေ့လာသူများက ဆိုသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံများ ကြားတွင် ဗျူဟာမြောက် တည်ရှိပြီး ပဋိပက္ခနှင့် သဘာဝ သယံဇာတ ပေါကြွယ်သည့် နိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သူရဲကောင်းဆန်ဆန် ဦးဆောင်မှုမျိုးက တကယ် လိုအပ်မှုရှိသလော ဟူ၍လည်း သူတို့က မေးခွန်းထုတ်သေးသည်။  

ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျရောက်နေသည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းရန် မည်သူမျှ တတ်နိုင်လိမ့်မည် မဟုတ်။ ပြည်တွင်းပြည်ပရှိ ပြည်သူ လူထု၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန် ကြိုးစား အားထုတ်ရသည်ပင်လျှင် သူ တဦးတည်းအတွက် တာဝန် များလွန်းလှသည်ဟု သူ၏ အနီးကပ်ဆုံး လုပ်ဖော် ကိုင်ဖက်များက ဆိုကြသည်။ သို့ဖြစ်ပါက သူသည် တိုင်းပြည် အပြောင်းအလဲ အတွက် အကြီးမားဆုံး မျှော်လင့်ချက်အဖြစ် ဆက်လက် တည်ရှိနေလင့်ကစား အနာဂတ်တွင် ကြုံတွေ့ရမည့် အတားအဆီးများ အပေါ် စိုးရိမ်မှုများကြောင့် ယင်းမျှော်လင့်ချက်သည်လည်း လျော့ပါးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုတွင် အရေးကြီးသည့် ပုဂ္ဂိုလ် တဦး အဖြစ် ဆက်လက် တည်ရှိနေမည်၊ တိုင်းပြည်နှင့် ပြည်သူ အတွက် စွန့်လွှတ် အနစ်နာခံသော ကြီးမြတ်သည့် ပုဂ္ဂိုလ်ဖြစ်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်သည် ကြီးမြတ်သည့် နိုင်ငံရေးသမားတဦး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် ငြိမ်းချမ်းစွာ ပြောင်းလဲရေးအတွက် စဉ်ဆက်မပြတ် တောင်းဆိုခဲ့သူ ဖြစ်သည့် အပြင် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှုသည် ထိုသို့ ပြောင်းလဲရေး အတွက် အဓိကကျသည်ဆိုသည်ကို မြန်မာ လူထု သိအောင် စတင် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိမိကိုယ်မိမိ မြန်မာ့အနာဂတ်နိုင်ငံရေးမျိုးဆက်များအတွက် နိုင်ငံရေး သုခမိန်တဦးအဖြစ် လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်း အားထုတ်သူ တဦး အဖြစ် လည်းကောင်း၊ လူ့ဂုဏ်သိက္ခာကို လေးစားရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန် အတွက် အရပ်သား အစိုးရသစ်အား တောင်းဆိုနေသည့် အသံ တသံအဖြစ်လည်းကောင်း မြင်ထားသင့်သည်။ ထိုသို့ ဆောင်ရွက်နိုင်ပါက သူ၏ ဆန္ဒများဖြစ်သည့် တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် သာယာ ဝပြောရေးများ ပြည့်ဝကောင်း ပြည့်ဝပေလိမ့်မည်။

ထို့ကြောင့် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ဆုမွန်ကောင်းများ တောင်းသကဲ့သို့ ဧရာဝတီကလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပျော်ရွှင်စေကြောင်း ဆုမွန်ကောင်း တောင်းလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်အတွက် ဆန္ဒမွန်များ ပြည့်ဝပါစေဟု ဧရာဝတီက မျှော်လင့်ပါသည်။

Suu Kyi's Birthday Wish for Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်