သတင်းမီဒီယာသည် အတွင်းအပြင် နယ်ခြားမျဉ်းမရှိ

Thursday, 21 July 2011 16:13 အယ်ဒီတာ့အာဘော်
Print
မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ၂ ခုက ပြည်တွင်းပြည်ပ မီဒီယာများ၏ အခန်းကဏ္ဍ အရေးပါပုံကို ထင်ထင်ရှားရှား ဖော်ပြလိုက်သည်။

ပထမ အဖြစ်အပျက်မှာ မောင်ထိပ်ကွက် (ခေါ်) မောင်စိုးအောင်အား မသေမချင်း ညှဉ်းပန်းနှိပ်စက်ခဲ့သူ လက်ဘက်ရည်ဆိုင် ပိုင်ရှင် ကိုစနိုး (ခေါ်) ကိုဆက်မှူးဌေးဝင်းကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ခဲ့သည့် အမှုဖြစ်သည်။

ဟင်္သာမြို့နယ်အတွင်းရှိ You & Me လက်ဘက်ရည်ဆိုင်ပိုင်ရှင်က ၎င်းဆိုင်တွင် အလုပ်လုပ်နေသည့် မိဘမဲ့ ကလေး အလုပ်သမား မောင်ထိပ်ကွက် ထွက်ပြေးသည်ကို လိုက်လံဖမ်းဆီးကာ ထုတ်တန်း၌ လျှပ်စစ်ဝါယာကြိုးဖြင့် စောက်ထိုးဆွဲပြီး တညလုံး ရိုက်နှက်ထိုးကြိတ်ခြင်း၊ ၀မ်းဗိုက်ကို လျှပ်စစ် မီးပူဖြင့် ကပ်ခြင်း၊ အအေးသောက်သည့် ပိုက်ကို မီးရှို့ကာ ခန္ဓာကိုယ် ပေါ်သို့ အစက်ချခြင်း၊ ကျင်ငယ်ရေတိုက်ခြင်းများ စသည့် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့သည်။

ထိုသတင်းသည် အင်တာနက် လူမှုကွန်ယက် တခုဖြစ်သော facebook တွင် တမဟုတ်ချင်း ပြန့်နှံ့သွားပြီးနောက် ပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အပါအဝင် ရေဒီယိုများတွင် ထုတ်လွှင့်နိုင်ခဲ့သည်။ ပြည်တွင်း သတင်း ဂျာနယ်များတွင်လည်း ရေးသားခဲ့သည်။ သတင်းမီဒီယာများ၏ အသံ ပွက်လောညံခဲ့ပြီးနောက် အာဏာပိုင်များဘက်က အရေးယူဆောင်ရွက်ခဲ့သဖြင့် ကျူးလွန်သူကို ဇူလိုင် ၁၃ ရက်နေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ခဲ့သည်။

အကယ်၍ မီဒီယာများ၏ အခန်းကဏ္ဍ မပါဝင်လျှင် တာဝန်သိသူက တိုင်ကြားသည် ထားဦး ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးသည် ယခုလောက် မြန်ဆန်စွာ ပြီးပြတ်နိုင်လိမ့်မည် မဟုတ်ပါ။ ယခုကိစ္စသည် အမှု ဖော်ထုတ်နိုင်ပြီး ၁ လအတွင်း တရားခံကို အမိန့်ချခဲ့ခြင်း ဖြစ်သည်။ ငွေများငွေနိုင် တရားစီရင်ရေး လက်ကျန် ရှိနေသေးသည့် မြန်မာပြည် အတွင်း၌ ထိုကဲ့သို့သော အမှုပေါင်း မြောက်များစွာ အချိန်ဆွဲခံရသည့်၊ ပပျောက်ခဲ့ရသည့် သာဓက များစွာရှိခဲ့သည် မဟုတ်ပါလား။ မီဒီယာကြောင့်သာ မဟုတ်ပါက ယခုကဲ့သို့ ကလေးအခွင့်အရေး ချိုးဖောက်မှုနှင့် လူမဆန်စွာ ပြုမူခဲ့သည့် ဖြစ်ရပ်ကို အများသိရှိစေရန် ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဒုတိယ ဖြစ်ရပ်မှာ ရန်ကုန်အခြေစိုကု Hot News ဂျာနယ်က ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) ၏ ဝန်ဆောင်မှု ပေါ့လျော့သည်ကို ထောက်ပြနိုင်ခဲ့သည့် ကိစ္စရပ်ဖြစ်သည်။ ဝေဖန်ထောက်ပြသည်ကို မခံမရပ်နိုင်သော ဆေးခန်းက ဂျာနယ်ကို အသရေဖျက်မှု၊ နစ်နာစေမှု လျော်ကြေး ကျပ် သိန်းပေါင်း ၂ သောင်း ရလိုမှု စသည့် အမှု ၂ ခုဖြင့် တရားစွဲသောကြောင့် ဂျာနယ်ဘက်က တရားရင်ဆိုင် ရမည်ဖြစ်သည်။ Hot News ဂျာနယ် အယ်ဒီတာချုပ်က ယင်းအမှုကို ရင်ဆိုင်မည်ဖြစ်ပြီး မီဒီယာ သမားတဦး အနေဖြင့် မီဒီယာတာဝန် ကျေပြွန်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့ရာတွင် SSC ဘက်က ငွေကြေး၊ အာဏာပိုင်များနှင့် နီးစပ်သည့် နောက်ခံအင်အား ပိုကြီးသော အဖွဲ့အစည်း ဖြစ်နေသောကြောင့် တရားစီရင်ရာတွင် မျှတမှု ရှိမရှိနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို မည်မျှ အကာအကွယ် ပေးမည်၊ မပေးမည်ကိုမူ စောင့်ကြည့်ရပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ဖြစ်ရပ်နှစ်ခုစလုံးကို ကြည့်ပါက မီဒီယာများ၏ ကြိုးပမ်းမှုမှာ စာဖတ်သူ ပြည်သူလူထုအား အဖြစ်မှန်ကို တိတိကျကျသိစေပြီး ဆင်ခြင်ပိုင်းခြားနိုင်ရန်အတွက် ရည်ရွယ်သည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်တွင်းသတင်းသမားများမှာ အတားအဆီးများ ကြားမှ သတင်းသမား၏ တာဝန်ကို ကျေပြွန်လျှက်ရှိပြီး ခေတ်ပေါ် နည်းပညာကို အသုံးချ၍ မြန်ဆန်သောအလျင်ဖြင့် သတင်းများကို ဖြန့်ဝေပေးနေသကဲ့သို့ ပြည်ပမီဒီယာ များကလည်း အဆိုပါ သတင်းဦးများကို အကြောင်းပြု၍ ပိုမို ဝေဖန်ဆန်းစစ်သော သတင်းများအား ပြည်သူလူထု ထံသို့ ပေးပို့လျှက် ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဂျာနယ် သတင်းထောက် များအား မကြာသေးခင်က ခေါ်ယူကာ ပြည်တွင်း၌ မီဒီယာလွတ်လပ်ခွင့် အထိုက်အလျှောက် ပေးထားပြီဖြစ်သောကြောင့် ပြည်ပမီဒီယာများနှင့် ဆက်သွယ်ရန် မလိုအပ်ကြောင်း၊ ပြည်ပ မီဒီယာများနှင့်လည်း မပတ်သက်သင့်ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုပြောဆိုချက်သည် ပြည်တွင်းပြည်ပ မီဒီယာများ၏ အခန်းကဏ္ဍကို အာဏာပိုင်များအနေဖြင့် လျှော့မတွက်ကြောင်းနှင့် ပြည်တွင်းနှင့် ပြည်ပ မီဒီယာသမားများ၏ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားကြောင်း ဖော်ပြနေသည်။

သတင်းမီဒီယာသည် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဆိုသည့် နေရာ၌ စွမ်းအားအပြည့်ဖြင့် တည်ရှိနေသည်ကို ငြင်းဆန်၍ မရပေ။ သတင်းမီဒီယာတွင် ပြည်တွင်းနှင့် ပြည်ပဆိုသော နယ်ခြားမျဉ်းလည်း မရှိပေ။

ထို့ကြောင့် တိုးတက်နေသော နည်းပညာများကို အသုံးချ၍ မှန်ကန် တိကျခိုင်မာသော သတင်းများကို ဖော်ပြရာတွင် လည်းကောင်း၊ ဝေဖန်စရာ ရှိသည်ကို ရဲဝံ့စွာ ဝေဖန်ထောက်ပြရာတွင် လည်းကောင်း မည်သူ တဦး တယောက်ကမျှ ဖိနှိပ် ကန့်သတ်ထား၍ မရနိုင်ပေ။