တရှက်က နှစ်ရှက်

Friday, 29 July 2011 17:55 အယ်ဒီတာ့အာဘော်
Print
ယမန်နေ့ညနေက သုဝဏ္ဏ ဘောလုံးကွင်းတွင် ကျင်းပခဲ့သော မြန်မာအသင်းနှင့် အိုမန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘောလုံးပြိုင်ပွဲ ပျက်သွားသည့် ဖြစ်ရပ်ကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသားများ အရှက်ရစေသည်ဟု ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

မြန်မာအသင်း ၂ ဂိုး ရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဘူးများ၊ ထီးများ၊ ခဲများ၊ ချွန်ထက် မာကျောသော ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် အိုမန်အသင်း အရန်ခုံတွင် ထိုင်နေသူတဦး အပါအဝင် နှစ်ဘက် ဒိုင်လူကြီးများနှင့် စုစုပေါင်း လူ ၂၀ ခန့် ဒဏ်ရရခဲ့သည်။ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက တောင်းပန်သည်ကို လက်မခံဘဲ ကြမ်းတမ်းစွာ ပြုမူခဲ့သဖြင့် ဘောလုံးပွဲ တဝက်တပျက်နှင့် ရပ်လိုက်ရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့က မြန်မာဘောလုံးအသင်းအား အရေးယူဖွယ်ရှိကြောင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပိတ်ပင်သည့်အပြင်၊ ဒဏ်ငွေတပ် အရေးယူမှုများလည်း ရှိနိုင်ကြောင်း ဦးဇော်ဇော်က ပြောဆိုခဲ့သည်။ FIFA ၏ ဥပဒေအရ ဒဏ်ငွေဆောင်ရမည်ဆိုလျှင် ကွင်းထဲသို့ ပြင်ပမှ ပစ္စည်းတခု ကျရောက်ပါက အိမ်ရှင်အသင်းက ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။

အိုမန်မြေပေါ်တွင် ပထမအကျော့ ကစားစဉ်က မြန်မာအသင်း ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ရသည့်အတွက် ယခု အိမ်ကွင်းတွင် ပရိသတ်၏ အားဖြင့် အနိုင်ကစားရန် မျှော်လင့်ထားပြီး ပရိသတ်များက တခဲနက် အားပေးရန် နေ့လယ် ၁၂ နာရီ ၀န်းကျင်ကပင် ကွင်းအတွင်း ၀င်ရောက် နေယူထားခဲ့ကြသည်။

ရန်ကုန် သုဝဏ္ဏကွင်းသည် ပွဲကြည့်ပရိသတ် ၃ သောင်းခန့်ဆန့်သည့် ကွင်းဖြစ်သော်လည်း ယမန်နေ့က ပွဲစဉ်အတွက် လက်မှတ်အားလုံး ကုန်သွားသည့်အပြင် လက်မှတ်အတုများပြန့်နေသောကြောင့် ကွင်းလျှံသွားပြီး မျှော်စင်ထက်မှ အားပေးသူများကိုပင် မြင်ရသဖြင့် အနည်းဆုံး ပရိသတ် ၃ သောင်းခွဲမှ ၄ သောင်းအထိ ရှိမည်ဟု ယူဆရသည်။

ဘောလုံးကွင်းများအတွင်း ဆူပူမှု၊ ဆဲရေးမှု၊ ကြမ်းတမ်းစွာ တုန့်ပြန်မှုများမှာ နိုင်ငံတိုင်း၊ ဒေသတိုင်းတွင် ရှိမြဲပင်။ အထူးသဖြင့် ဒေသခံ အိမ်ရှင် ပရိသတ်နှင့် တခြား မြို့နယ်၊ နိုင်ငံအသင်းများ ကန်သည့်ပွဲတိုင်း ထို ပြဿနာမျိုး ရှိတတ်သည်။ ဘောလုံးပွဲစဉ် တခုလုံး ဖျက်လိုက်ရသည့် အဖြစ်မျိုး ရှိတတ်သည့်အတွက် ဒေသခံ လုံခြုံရေးကို တင်းကျပ်စွာ ယူရသည့် သဘောလည်း ရှိသည်။

သို့သော် ယမန်နေ့ပွဲစဉ်တွင် လုံခြုံရေးကို စေ့စေ့စပ်စပ် မယူခဲ့နိုင်သည်မှာ ထင်ရှားလှသည်။ အာဏာပိုင်များဘက်က ဘောလုံးပွဲ သဘောကို နားလည်ထားပြီးဖြစ်ရာ ဤပွဲစဉ်အတွင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေကို မတွက်ဆမိဘဲ နေမည် မဟုတ်ပေ။

ဘောလုံးပွဲများကို အများက လွတ်လပ်စွာ ဆဲရေးတိုင်းထွာနိုင်သည့်နေရာ၊ မကျေနပ်သည်များကို လွတ်လပ်စွာ ဖောက်ထုတ် ဖွင့်ချရာ နေရာဟု ယူဆထားသည်၊ ၂၀၀၉ ခုနှစ်အတွင်း စတင်ဖွဲ့စည်းကျင်းပပေးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပွဲများကိုပင် ပြည်သူလူထု၏ အစိုးရအပေါ် စိတ်အစာမကျေမှုများအား ဘောလုံးပွဲများဖြင့် လမ်းလွှဲပေးခြင်းဖြစ်သည်ဟု ယူဆ သူများ ရှိသည်။

ယခု အိုမန်အသင်းနှင့် ဒုတိယ ခြေစစ်ပွဲစဉ်တွင်လည်း မြန်မာပြည်သူလူထု၏ စိတ်အစာမကျေမှုများကို ဖောက်ထုတ် လိုက ဖောက်ထုတ်စေ ဟူ၍ အာဏာပိုင်များက အန္တရာယ်ဖြစ်စေသော ပစ္စည်းများအား ပွဲမစခင် ရှာဖွေတားဆီးမှု စေ့စပ်စွာ မလုပ်ခြင်းလားဟု မေးစရာ ရှိနေသည်။

မည်သို့ပင်ဆိုစေ ဘောလုံးပွဲက ပျက်သွားခဲ့ပြီ။ အစိုးရ တာဝန်ရှိသူများ၊ သေနတ်များဖြင့် ကွင်းထဲဝင်လာသော လုံထိန်းများ၊ ရဲများပင် မနိုင်နင်းလောက်အောင် ထင်ထားသည်ထက် ဆိုးရွားသော ကြမ်းတမ်းမှုများကို ပရိသတ်အများစုက ပြုမူခဲ့သည်။

လက်ရှိ အနေအထားတွင် မြန်မာအစိုးရသစ်က ၂၀၁၃ ခုနှစ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစား ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှု အနေနှင့် သန်းပေါင်းများစွာ အကုန်အကျခံကာ တရုတ်အကူအညီကို ယူ၍ နေပြည်တော် တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းကို အောင်မြင်ချောမောစွာ ကျင်းပနိုင်ပါက မြန်မာအစိုးရအတွက် အနည်းငယ်သော ဂုဏ်သိက္ခာ တက်စရာ ရှိသည်။ ပြီးသည်နှင့် တဆက်တည်း ၂၀၁၄  ၌ မြန်မာအစိုးရက အာဆီယံ ဥက္ကဋ္ဌ ရာထူးရရန် မျှော်လင့်နေသည်။ ထိုရာထူးကို မြန်မာအစိုးရ ရလိုက်သည်နှင့် နိုင်ငံတကာက အသိအမှတ်ပြုသော သိက္ခာရှိသည့် အစိုးရတရပ်အသွင် အနည်းငယ် အဖတ် ဆည်နိုင်မည်ဟု ယူဆသောကြောင့် အာဆီယံ ဥက္ကဋ္ဌနေရာကို အသည်းအသန် လိုချင်နေခြင်း ဖြစ်သည်။

သို့ရာတွင် အစိုးရ၏ တိုင်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ငြင်းဆန်နေ မှုများကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အာဆီယံ ဥက္ကဋ္ဌ ရာထူးနှင့် မထိုက်တန်သေးဟု အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော အာဆီယံ - အမေရိကန် ဝန်ကြီးအဆင်းဆွေးနွေးပွဲတွင် အရိပ်အမြွက် ဆိုခဲ့သည်။

ဘာလီကျွန်း ဆွေးနွေးပွဲ မတိုင်မီ ဇူလိုင်လ ၂၀ ရက်နေ့ကပင် မြန်မာနိုင်ငံအတွင်း ကလေးစစ်သားကိစ္စ၊ အဓမ္မ အလုပ်ခိုင်းစေမှု၊ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချခြင်းများ၊ စစ်တပ်က လက်နက်တခုသဖွယ် အမျိုးသမီးများအား မုဒိန်းပြုကျင့်သည့်ကိစ္စများ အပါအ၀င် ပြည်သူများ၏ အခွင့်အရေးများကို ကျူးလွန်ချိုးဖောက်နေခြင်းများအတွက် အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးခဲ့ခြင်းက မြန်မာ အစိုးရအတွက် ဂုဏ်သိက္ခာ ကင်းမဲ့စေခဲ့ပြန်သည်။

ပြီးခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာနှင့် အိုမန်အသင်းပွဲစဉ် အဖြစ်အပျက်ကြောင့် ကမ္ဘာ့ အားကစားအဖွဲ့ချုပ်နှင့် အာရှ အားကစား အဖွဲ့ချုပ်များက ပြစ်ဒဏ်များ ချမှတ်လာလျှင် မြန်မာအစိုးရအတွက် ထပ်မံ အရှက်ရစရာ ဖြစ်တော့မည်။

အရှုံးနှင့် အနိုင် နှစ်မျိုးသာရှိသည့် အားကစား စိတ်ဓာတ်ဆိုသည်ကို လက်မခံနိုင်သော ယမန်နေ့က စုန်းပြူးပရိသတ်ကို ကြည့်ခြင်းအားဖြင့် ၂၀၁၃ ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပွဲတော် အတွက်လည်း စိုးရိမ်စရာ ရှိသည်ဟု ဆိုချင်သည်။

ပထမ အဝေးကွင်းပွဲစဉ် ၂ ဂိုးအရှုံး အပါအဝင် မြန်မာအသင်းက အိုမန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့ပြီဖြစ်သည်။

ရှုံး၍ အရှက်ရခြင်းထက် အရှုံးကို လက်မခံနိုင်သဖြင့် တုန့်ပြန်ခဲ့မှုကြောင့် မြန်မာပြည်အနေဖြင့် ကမ္ဘာ့အလယ်တွင် အရှက်ရခြင်းက ပိုဆိုးမည် ထင်သည်။

စစ်အစိုးရလက်ထက်က တောက်လျှောက် ကြွေးကြော်ခဲ့သော “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည် ဖော်ရန် မဆိုထားနှင့် အားကစားကို အသုံးချကာ မြန်မာအစိုးရ ဂုဏ်သိက္ခာ အဖတ် ဆည်ရန်ပင် မဖြစ်နိုင်သေးဟု ဆိုချင်ပါသည်။