ဤခရီး မဝေးတော့

မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များ အပေါ် အမေရိကန်အစိုးရ ဘက်မှ အကောင်းမြင်သည့် သုံးသပ်ချက်များ ယနေ့ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

မြန်မာအစိုးရအဖွဲ့ အတွင်း အကောင်းမြင်၍ ပြုပြင်ပြောင်းလဲလိုသူများ ပါရှိကြောင်း၊ ၎င်းတို့နှင့် လက်တွဲလုပ်ဆောင် နိုင်သည့် အလားအလာ မြင်ကြောင်းကို အမေရိကန် နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
 
ထိုပြောဆိုချက်များကို ထောက်ချင့်၍ အမေရိကန် အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ဆက်လက်ထိန်းထား နိုင်သော်လည်း မကြာမီ ငွေကြေး ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး မြန်မာပြည်သို့ လာရောက်မည့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော ကမ္ဘာ့ငွေကြေးအဖွဲ့များ၏ အကူအညီ ပေးမှုကို ဝင်ရောက် ဟန့်တားလိမ့်မည် မဟုတ်ဟု ယူဆရသည်။

အမေရိကန် နိုင်ငံ၏ ပြောဆိုမှုသည် မြန်မာပြည်အပေါ် အတိုင်းအတာတခုအထိ အကျိုးသက်ရောက်မှု ရှိနိုင်ပြီး ပထမဆုံး အကြိမ်အဖြစ် ဒီမိုကရက်တစ် ကမ္ဘာက မြန်မာအပေါ် အပြုသဘောဆောင် ဆက်ဆံလာခြင်း ဖြစ်သည်။

သို့သော် မြန်မာအစိုးရအနေဖြင့် လုပ်ဆောင်ရန် အဆင့်များ ကျန်ရှိနေသေးသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများ အနေဖြင့်လည်း ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ တရားဝင်ရုတ်သိမ်းပေးရန် မြန်မာ အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော် ကြိုးစား ရဦးမည်ဟု သတိပေးထားသည်။

မြန်မာအစိုးရ ဆက်လက်လုပ်ဆောင်ရမည့် အဆင့်များထဲတွင် အရေးအကြီးဆုံး အဆင့်မှာ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဖြစ်သည်။

မြစ်ဆုံဆည် ရပ်တံ့လိုက်သည့် ကိစ္စက အစိုးရနှင့် ပြည်သူအကြား ပထမဆုံးသော နားလည်မှု ပြန်လည် ရရှိလာသည့် ခြေလှမ်းဟု ဆိုလျှင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် ဒုတိယခြေလှမ်းကို တက်လှမ်းနိုင်မည်ဖြစ်သည်။

ယုံကြည်မှုကြောင့် အကျဉ်းကျနေသူများ လွတ်မြောက်လာရေးကို ၎င်းတို့ မိသားစုများအပါအဝင် မြန်မာပြည်သူ တရပ်လုံးက မျှော်လင့်နေကြသည်။ မျှော်လင့်သည့်အတိုင်းလည်း မကြာခင် အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အာဆီယံ ဥက္ကဋ္ဌ ရာထူးရရှိထားသည့် အင်ဒိုနီးရှားနိုင်ငံသည် ယခုလအတွင်း မြန်မာပြည်သို့ သွားရောက်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် မြန်မာပြည် အိမ်ရှင် ဖြစ်ရေး၊ မဖြစ်ရေးအဖြေသည်လည်း ၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း ထွက်ပေါ်လာလိမ့်မည်ဟု ယူဆရသည်။

သို့ဆိုလျှင် လက်ရှိအခြေအနေ အရ အလားအလာ ကောင်းများမြင်နေရသော မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား များအား အင်ဒိုနီးရှားဝန်ကြီး မလာမီ လွှတ်ပေးသင့်သည်။ သို့မှသာ အာဆီယံနိုင်ငံများနှင့် အမေရိကန်အပါအဝင် နိုင်ငံ တကာ၏ ထောက်ခံမှုကို ပိုမိုရရှိနိုင်မည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးအတွက်လည်း ဂုဏ်သိက္ခာ ရှိသော ခြေလှမ်း လှမ်းရာ ရောက်ပေလိမ့်မည်။

လက်ရှိအာဆီယံ ဥက္ကဋ္ဌ ရာထူးရရှိထားသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ရာထူး ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အသံကို နားထောင်မည်ဟု ဆိုခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စကို အစိုးရက ထည့်သွင်း စဉ်းစားနေသည်ဟု ယူဆရသည်။

အောက်တိုဘာ ၅ ရက်နေ့က ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးအတွင်း အခြေခံဥပဒေပါ အချက်အလက်တချို့ ပြင်ဆင်ရန် အဆိုတင်သွင်းခြင်းအား လက်ခံလိုက်ခြင်းက သက်သေဖြစ်သည်။ အခြေခံဥပဒေပါ အချက်များအား အတည်မပြုရ သေးသော်လည်း လွှတ်တော်အတွင်း ဆွေးနွေးရန် လက်ခံလိုက်ခြင်းက တိုးတက်မှု တရပ်ဖြစ်သည့်အတွက် ကြိုဆိုရမည် ဖြစ်သည်။

နောက်ထပ် အရေးကြီးသော အချက်မှာ ယခုလက်ရှိတွင် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင် တချို့တို့ ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ရာ တိုင်းရင်းသား အားလုံး လိုလားသည့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် အမှန်တကယ် ငြိမ်းချမ်းရေးရရှိရန် ပိုမို ထိရောက်သော ပြေလည်နိုင်မည့် နည်းလမ်းများ အသုံးပြုနိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီးနောက် တိုင်းရင်းသား အရေးကိစ္စများအား ငြိမ်းချမ်းစွာ အဖြေရှာနိုင်ပြီဆိုလျှင် NLD အနေဖြင့်လည်း အစိုးရ၏ အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ပါတီ မှတ်ပုံ တင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အထက်ပါအချက်များ အားလုံး ပြီးစီးချိန်တွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းပေါ် လူစုံတက်စုံ ရောက်ရှိပြီဖြစ်ပြီး အာဆီယံ နိုင်ငံများနှင့် နိုင်ငံတကာက ယုံကြည်လေးစားသော အစိုးရတရပ် ဖြစ်လာပေမည်။ ဤခရီး မဝေးတော့ဟု ဆိုရန်သာ ရှိတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်