စောင့်ရဦးမည့် ဒီမိုကရေစီ ရေကြည်တပေါက်

ယနေ့အချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စိတ်ထဲ၌ မည်သည့် အရာများ စဉ်းစားနေသည်ကို သိရှိလိုလျှင် သူ၏ နောက်ဆုံး မိန့်ခွန်းကို ပြန်ဖတ်ကြည့်ဖို့ အကြံပြုလိုသည်။

သူ၏ နှစ်ပတ်လည် မိန့်ခွန်းထဲ၌ မည်သည့် အသစ်အဆန်းတခုမှ မပါသော်ငြားလည်း တိုင်းပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး နှေးကွေးမည် ဆိုသည့်အချက်ကိုတော့ အဓိကထား ပြောကြားသွားတာ တွေ့ရသည်။

သူ့မိန့်ခွန်း အစိတ်အပိုင်းတချို့ကို ပြန်လည် ဖတ်ကြည့်မည်ဆိုလျှင် -

“ယနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ပျိုးထောင်ဆဲအဆင့်သာ ရှိသေးပြီး စိတ်ရှည်ရှည်နဲ့ ဆက်လက် ပြုစု စောင့်ရှောက်ဖို့ လိုဦးမှာဖြစ်ပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရနိုင်တာကို နားလည်ပြီး တဖြည်းဖြည်း ရင့်ကျက်လာအောင် အေးချမ်း တည်ငြိမ်စွာ ဝိုင်းဝန်းတည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်” ဟူ၍ တွေ့ရပေလိမ့်မည်။

အလွန်စိတ်ပျက်စရာ ကောင်းလှပေသည်။ ခုလို အဓိပ္ပာယ်ကင်းမဲ့လှသော စကားလုံးများကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဘယ်နှကြိမ် ဘယ်နှခါ ကြားပြီးပြီလဲဟု မေးခွန်းထုတ်စရာရှိသည်။

သူ့ မိန့်ခွန်းကို ကြားပြီးချိန်တွင် မြန်မာတချို့က “ဗိုလ်ချုပ်မှူးကြီးက ဘယ်လိုမြေမျိုးမှာ ရေတွင်းကို သွားတူးနေလို့ ဒီလောက်ကြာနေပါလိမ့်” ဟူ၍ လှောင်ပြောင် ပြောဆိုနေကြသည်။

သေချာသည်ကတော့ ဒီမိုကရေစီလိုလားသည့် မြန်မာလူမျိုးများအနေနှင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် လူ့အဖွဲ့အစည်းဆီကို ပြန်သွားဖို့ အသင့်ဖြစ်နေပြီ ဆိုသည်ကို ကြိမ်ဖန်များစွာ ပြခဲ့ပြီး ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဒီမိုကရေစီစနစ်အတွက် အသင့်မဖြစ်သေးဘူး ဆိုသည်ကို ပြနေသည်နှင့် တူသည်။

တချိန်တည်းတွင် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပအတိုက်အခံများက တောင်းဆိုနေသည့် သူ၏ လမ်းပြမြေပုံတွင် အားလုံးခြုံငုံ ပါဝင်နိုင်စေရေးအတွက် ပြုပြင်ရန် စိတ်မဝင်စားသကဲ့သို့ အခြေခံ ဥပဒေသစ်ကို ပြန်လည် ဖြည့်စွက် ရေးသားရေးဆိုသည့် အချက်ကိုလည်း အနည်းငယ်မျှ စိတ်ကူးထဲ ထည့်ပုံမရပေ။

(၆၄) နှစ်ပြည့် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးက လူထု ဆန္ဒ  ခံယူပွဲနှင့် အတည်ပြုခဲ့သည့် အခြေခံ ဥပဒေကို ဖျက်လိုဖျက်ဆီး မလုပ်ကြရန်နှင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင်ပါဝင်မည့် သူများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ မလုပ်ကြရန် ပြောကြားခဲ့ကြောင်း တွေ့ရသည်။

“ပါတီစည်းရုံးရေးကို ဆောင်ရွက်ရာမှာ ဆူပူမှုကို လှုံ့ဆော်ဖန်တီးခြင်း မပြုဖို့၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ပါတီခြင်း ပုတ်ခတ်မှုတွေကိုရှောင်ရှားပြီး အချင်းချင်း သီးခံခွင့်လွှတ် နားလည်ပေးခြင်းအားဖြင့် ကွဲပြားခြားနားမှုများ အကြားမှာ စည်းလုံးညီညွတ်ကြဖို့ သင့်ကြောင်း အလျဉ်းသင့်လို့ မေတ္တာရပ်ခံလိုပါတယ်။ ယခုလို ရင့်ကျက်တဲ့ ပါတီစည်းရုံးမှုတွေကို လိုက်နာကျင့်သုံး ထိန်းသိမ်းဆောင်ရွက်မယ့်သူ မှန်သမျှကို အစိုးရက စောင့်ရှောက် သွားမှာ ဖြစ်တယ်” ဟု သူက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ သူ့ လမ်းပြမြေပုံအတိုင်း ဖြစ်မြောက်အောင် ဆက်သွားပေလိမ့်မည်။ မြန်မာ ပြည်သူများနှင့် စစ်တပ်တွင်းက တပ်မတော်သားတချို့အပါအဝင် အများစုက သူ့လမ်းပြမြေပုံကို လက်မခံ သည့်တိုင်အောင် ဆက်လက်ပြီး အကောင်အထည်ဖော်သွားမည် ဆိုသည်ကို မြင်တွေ့နေရသည်။

နေပြည်တော်က စစ်အစိုးရသတင်းရပ်ကွက်၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထိပ်ပိုင်းခေါင်းဆောင်များ သည် ဤလမ်းပြမြေပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စကို တပ်မတော်တွင်း လက်ခံယုံကြည်အောင် နားချရာ၌ တခါတရံ အခက်အခဲများ တွေ့ကြုံရသည်ဟု ကြားသိရသည်။

တချို့ ဝါရင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် စကားပြောဆို ဆွေးနွေး စေချင်ကြသည်ဟု သိရသည်။ ထို့အပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အတွင်း သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟုလည်း ကြားရသည်။

သို့သော်လည်း ခေါင်းမာသည့် ဗိုလ်ချုပ်မှူးကြီးကတော့ သူ့လမ်းကိုသာ သူ ဆက်လျှောက်ရန် အားသန်နေပုံ ရသည်။

အမှန်တကယ်ဆိုရလျှင် လမ်းပြမြေပုံ ဆိုသည်မှာ ဗိုလ်ချုပ်မှူးကြီး၏ ပုဂ္ဂိုလ်ရေး ထွက်ပေါက် တခုသာ ဖြစ်သည်။

သူ၏ နောက်ဆုံးနေဝင်ချိန်ကို စိတ်အေးသက်သာစွာဖြင့် စစ်တပ်ထဲမှ သူ့အရိုက်အရာ ဆက်ခံမည့်သူ၊ နောက်တက်မည့် အစိုးရ အစရှိသူတို့၏ တန်ပြန်လက်စားခြေမှုမပါဘဲ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားစေရန် သူက လမ်းပြ မြေပုံကို ထွက်ပေါက်အဖြစ် အသုံးချနေခြင်းသာ ဖြစ်သည်။

နေပြည်တော် အစိုးရဝန်ထမ်းများ၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီးနှင့် သူ့မိသားစုသည် မြန်မာပြည်တွင် လူမုန်းအများ ဆုံး၊ လူကြိုက်အနည်းဆုံး ဆိုသည်ကို သူကိုယ်တိုင် သိနေသည်ဟုသိရ၏။ ထို့အပြင် ပြည်ပအခြေစိုက် နိုင်ငံရေး အဖွဲ့ အစည်းများကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရသည် ဖိနှိပ်မှုများ၏ ထိပ်ခေါင်၊ စံနမူနာ တင်ထိုက် သူများဖြစ်ကြောင်းကို အောင်အောင်မြင်မြင် ပုံဖော်ပေးခဲ့ကြသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်တွင်းပြည်ပမှ သူနှင့် ပတ်သက်သမျှ သတင်းများ၊ သူ့အပေါ် ဝေဖန်ချက်များကို အမြဲတမ်းစောင့်ကြည့် နားထောင်လေ့ရှိသည်။

ထို့ကြောင့် ယခုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးအနေနှင့် မှန်ရှေ့၌ ရပ်ကြည့်လိုက်မည်ဆိုပါက အလွန်ထိတ်လန့် တုန်လှုပ် သွားပေလိမ့်မည်။ ဇာတ်တူသားစားသော စစ်အာဏာရှင်များ၏ လမ်းအတိုင်း နောက်ဆုံးတွင် အကျဉ်း သမားဘဝ နှင့် နိဂုံးချုပ်တော့မည် ဆိုသည်ကို သူမသိဘဲ နေမည်မဟုတ်။

၂၀၀၂ ခုနှစ်က နေအိမ်အကျဉ်းကျ ခံခဲ့ရသော ဗိုလ်ချုပ်ကြီးနေဝင်းကဲ့သို့ နိဂုံးချုပ် ကံကြမ္မာမျိုးကို သူ ရင်ဆိုင် နိုင်လိမ့်မည် မဟုတ် ဆိုသည်ကတော့ သေချာလှပေသည်။ ထိုကဲ့သို့သော ဘေးအန္တရာယ်ဆိုးများကို ရှောင်ရှား ချင်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတကာနှင့် အတိုက်အခံများကို အလျှော့ပေး လေမလား ဟူ၍ မေးခွန်းထုတ်စရာ ရှိနေပြန်သည်။

ထိုအချက်သည်လည်း မဖြစ်နိုင်လှပါ။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အာရှဒေသသို့ မကြာသေးမီက လာရောက်စဉ် ဗိုလ်ချုပ်မှူးကြီးက သူ့ကိုမြန်မာပြည်သို့ ဝင်ရန် ကြိုဆိုခြင်း မပြုနိုင်ခဲ့ခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ထိုအချက်က ဗိုလ်ချုပ်မှူးကြီးအနေနှင့် အပေးအယူလုပ်ရမည်ကို စိတ်မဝင်စားသူ တဦးဖြစ်ကြောင်း ပြညွှန်နေ၏။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည့် နေပြည်တော်အရာရှိ အသိုင်းအဝန်းတို့ကမူ သူ့အနေနှင့် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးရန် စဉ်းစား နေသော်လည်း လောလောဆယ် လွှတ်ပေးလိုက်ပါက သူ့တည်မြဲရေးအတွက် အန္တရာယ်ရှိကြောင်းကို သိရှိ၍ တွက်ဆနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ရန်သူ့ခြေလှမ်းကို အမြဲတွက်ဆနေသည့် စိတ်ဓာတ်စစ်ဆင်ရေး အရာရှိဟောင်း တဦးဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ခြင်းဖြင့် နိုင်ငံတကာ၏ ချီးကျူးမှုကို ရယူကာ သူ့အတွက် ဘေးမကင်းနိုင်သည့် အလုပ်ကို လုပ်လိမ့်မည် မဟုတ်ကြောင်း လောင်းကြေးထပ် ပြောနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ စီးပွားရေးပိတ်ဆို့ ထားသည့် ကိစ္စရပ်များအား ဆွေးနွေးရန် အသင့် ဖြစ်နေသည်ကို ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် ပြောခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် စဉ်းစားရသည်ကပင် ဗိုလ်ချုပ်မှူးကြီးအတွက် ကြမ္မာဆိုးများ၊ အကုသိုလ်များနှင့် နောက်ဆုံးနေဝင်ချိန်အကြောင်း ပြောဆိုရသကဲ့သို့ ဖြစ်နေသောကြောင့် ခြောက်ခြားစရာ ကောင်းမည်မှာ ဧကန်မလွဲပင်။

သူနှင့် သူ၏ နောက်လိုက်အစေအပါးတစုကတော့ ဘယ်တော့မှ မပြီးစီးနိုင်သည့် တွင်းကြီးကို ရေကြည်မရသေး ဟု ဆိုကာတသက်လုံး တူးပြနေပါလိမ့်မည်။ ထိုသို့ လုပ်ဆောင်နေမှသာ သူ့လုံခြုံရေးအတွက် စိတ်ချရသည့် အနေအထား ရှိနေမည် မဟုတ်ပါလား။

သို့သော်လည်း မြန်မာပြည်သူလူထုကတော့ ရေကြည်တပေါက် သောက်သုံးရဖို့ ဆာလောင်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ပြင် စစ်တပ်ထဲမှ တပ်မတော်သားများသည်လည်း လူထု အော့နှလုံးနာလှပြီဖြစ်သော ထို စစ်အစိုးရကို ထမ်းပိုးထားရသည်မှာ ပင်ပန်းနေကြပြီဖြစ်သည်။

ပြည်သူလူထုကို အချိန်အကန့်အသတ်မရှိ စောင့်ဆိုင်းခိုင်း၍ မဖြစ်နိုင်ကြောင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် အနှေးနှင့် အမြန်ဆိုသလို သိရှိလာပါလိမ့်မည်။

အောင်ဇော် ရေးသားသော Than Shwe’s Empty Well ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်