ရှေ့တလှမ်းတိုး၊ နောက်နှစ်လှမ်းဆုတ်

ဒေါ်အောင်ဆန်း စုကြည်ကို အမှုဆင် တရားစွဲဆိုသည့် ကိစ္စသည် စစ်အစိုးရ၏ အဆင့် ၇ ခုပါ လမ်းပြမြေပုံတွင် တရားဝင် ဖော်ပြမထားသည့် အဆင့်တခုပင် ဖြစ်သည်။ နောက်ထပ် ပဉ္စမအဆင့် ဖြစ်သည့် လာမည့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဆိုလျှင် ၎င်းအဆင့်က မြန်မာစစ်ဗိုလ်ချုပ်များအတွက် အထူးအရေးကြီးသည့် အဆင့်လည်းဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ခြင်းဖြင့် ထွက်ပေါ်လာသည့် ရလဒ်ကို မြန်မာ စစ်ဗိုလ်ချုပ်များ မြင်တွေ့နေကြရပြီ ဖြစ်သည်။ ရှေ့တလှမ်းတိုးမည် ပြုပြီးခါမှ၊ နောက်ထပ် နှစ်လှမ်း ဆုတ်ရပြန်တော့မည်။

စစ်အစိုးရက လာမည့်နှစ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်တော့မည် ဆိုပါက အခြားရွေးချယ်စရာ လမ်းလည်း မရှိပါ။ လာမည့် ရွေးကောက်ပွဲက သူတို့၏ အာဏာ တရားဝင်လာစေရေးအတွက် အဆင့်တခု ဖြစ်ရုံသာမက၊ မြန်မာပြည် နိုင်ငံရေး စနစ်အတွင်း၌ စစ်တပ်၏ အခန်းကဏ္ဍကို အခိုင်အမာ ကျောက်ချပြီး၊ တရားဝင် ထည့်သွင်းထားနိုင်ရန် ကြံဆထားသည့် နည်းလမ်း တခုလည်း ဖြစ်သည်။

စစ်အစိုးရ၏ လမ်းပြမြေပုံတွင် အဆင့် ၃ ခု ကျန်ရှိနေသေးသည်။ ရွေးကောက်ပွဲ ကျင်းပခြင်း၊ လွှတ်တော်ခေါ်ယူခြင်း နှင့် "ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး" တည်ဆောက်ခြင်း ဟူသည့် အဆင့်များ ဖြစ်သည်။ ဤသည်မှာ စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေး ရည်မှန်းချက် ဖြစ်သည်။

ဤလုပ်ငန်းစဉ် တခုလုံး ပြီးဆုံးရေးအတွက်ဆိုလျှင် စစ်အစိုးရအဖို့ ပြဿနာကြီးတခု တစ်ဆို့နေသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရတော့မည် ဆိုပါက၊ ရွေးကောက်ပွဲ မတိုင်မီကာလတွင် ဒေါ်အောင်ဆန်းစုကြည်က လှုပ်ရှားမှုများ ပြုလုပ်ရန် အနည်းဆုံး ၇ လ သို့မဟုတ် ထိုထက်ပို၍ အချိန် ရသွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြဿနာရှာမည့်သူဟု မြန်မာစစ်ဗိုလ်ချုပ်များက သတ်မှတ်ထားကြသည့် အလျောက်၊ လွှတ်ပေး မည်ဆိုလျှင်လည်း နောက်ဆုံးမှ လွှတ်ပေးရန် အကြောင်းရှိနေပါသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လှုပ်ရှားလာပါက သူတို့၏ နိုင်ငံရေးထွက်ပေါက်ဗျူဟာ ပိတ်ဆို့သွားနိုင်ခြင်းကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင် တရားစွဲဆိုပြီးနောက်၊ စစ်အစိုးရက ကြုံလာရမည့် အန္တရာယ်များ အားလုံးကို နောက်သို့ ရွှေ့ဆိုင်းထားလေသည်။ ယခုအထိတော့ ဤနည်းနာက အလုပ် ဖြစ်နေသေးသည် ဟုလည်း ဆိုရမည်။ ဤသို့ ဆောင်ရွက်ရသည်မှာ တန်ဖိုးကြီးကြီးပေး၍ လုပ်ရသော လုပ်ငန်းဖြစ်သည်။ နိုင်ငံတကာမှ ပြစ်တင် ဝေဖန်သံများ ဆူညံလာခဲ့ပြီး၊ ဤတုံ့ပြန်မှုများ အပေါ်တွင်လည်း စစ်အစိုးရက အံ့အားသင့်နေပြန်သည်။

ဤသို့ ခုံရုံးတင်တရားစွဲဆိုပြီး အမှု ဆက်လက် စစ်ဆေးနေသော်လည်း နောက်ဆုံး ထွက်ပေါ်လာမည့် ဆုံးဖြတ် စီရင်ချက်ကို ကြိုတင်မြင်နေကြရပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ဖွယ် ရှိနေပြီး ဤလုပ်ရပ်ကြောင့် စစ်အစိုးရကလည်း နောက်နှစ်လှမ်း ပြန်ဆုတ်ရဖွယ် ရှိနေသည်။

ယခုအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချပါက ယခင် ထိန်းသိမ်းထားစဉ်ကကဲ့သို့ "အခြေအနေ ပုံမှန်" ပြန်ဖြစ်လာလိမ့်မည်ဟု စစ်အစိုးရက တွေးထား၍ မရနိုင်တော့ပါ။
ဤတရားစွဲဆိုမှုကြောင့် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများ မြောက်များစွာ ထွက်ပေါ်လာခဲ့ရာ ယခင်က စစ်အစိုးရ၏ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုခဲ့ကြသော နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများထံမှပင် ဝေဖန်သံများ ထွက်ပေါ်လာသည်။ မြန်မာပြည်အရေးအတွက် စိုးရိမ်ပူပန်ကြသံများကို ယခုအခါတွင် အနောက်နိုင်ငံများမှသာ မဟုတ်၊ အခြားနေရာများမှလည်း ကြားနေကြရပြီ ဖြစ်သည်။
အစဉ်အလာအရ မြန်မာစစ်အစိုးရကို ကာကွယ်မှု ပေးခဲ့သည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) သည်ပင်လျှင် မကြာသေးမီက တရားစွဲဆိုမှုနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်သည့် ထုတ်ပြန်ကြေညာမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုတို့ကို မလုပ်စဖူး တိုးတက်လုပ်ဆောင်ခဲ့သည်။ ဤကြေညာချက်ကို အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက တရားဝင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ ယခင် ထိုင်းအစိုးရများသည် မြန်မာစစ် အစိုးရဘက်မှ အခိုင်မာဆုံး ထောက်ခံလေ့ရှိသည်။

ဇွန်လဆန်းပိုင်းက စင်္ကာပူနိုင်ငံ၏ အဆင့်မြင့် ဝန်ကြီး တဦး ဖြစ်သူ ဂိုချုပ်တောင်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ရာတွင်လည်း ဒီမိုကရေစီ ခေါင်းဆောင်ကို ဆက်လက် ခုံရုံးတင်ခြင်း မပြုသင့်တော့ကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်နိုင်ဖွယ်ရှိကြောင်း စစ်အစိုးရကို ပြောကြားခဲ့သည်။ ထိုမျှမက လာမည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး၊ တရားမျှတစွာ ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။

စင်္ကာပူဝန်ကြီးက ရွေးကောက်ပွဲတွင် အင်အားစုအားလုံး ပါဝင်ရန် လိုအပ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်စေသင့်ကြောင်း တိုက်တွန်းခဲ့သည်။

ဂိုချုပ်တောင်က စင်္ကာပူမှ ရင်းနှီး မြှုပ်နှံသူများသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးစီးအောင် စောင့်ဆိုင်းနေကြကြောင်း၊ ဤကာလမတိုင်မီတွင် မြန်မာနိုင်ငံအတွင်း ငွေကြေးများ ဝင်လာရန် မရှိကြောင်းကိုပင် အလေးပေး၍ ပြောနိုင်ပါသေးသည်။

အာဆီယံအဖွဲ့၏ ထုတ်ပြန် ကြေညာချက်နှင့် ဝန်ကြီး ဂိုချုပ်တောင်၏ လူသိရှင်ကြား ပြောဆိုချက်များသည် ဒေသဆိုင်ရာ အဖွဲ့အစည်းက သည်းခံ စောင့်ဆိုင်းလိုစိတ် ကုန်ဆုံးလုနီး ဖြစ်နေကြောင်း၊ လမ်းချော် နေသော သူတို့၏ အပေါင်းအသင်း မြန်မာ စစ်အစိုးရကိုလည်း စိတ်ကုန်နေကြပြီ ဖြစ်ကြောင်း ဖော်ပြနေကြသည်။

နိုင်ငံတကာ ဖိအား တိုးတက် များပြားလာသည်နှင့်အမျှ စစ်အစိုးရ၏ နံပါတ် ၂ ခေါင်းဆောင် ဒု- ဗိုလ်ချုပ်မှူးကြီး မောင်အေးက မြန်မာနှင့် အနီးစပ်ဆုံး မိတ်ဆွေ တရုတ် ခေါင်းဆောင်များထံ ပြေး၍ အပူကပ်ရပြန်သည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကပင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ပြန်ပြောခဲ့သည်ဟု သိရသည်။
ဤသို့ အသည်းအသန် ဖြစ်နေရချိန်များတွင် သူတို့ကို ထောက်ခံပေးနေသော အစိုးရများထံ အပူကပ်ကြရသည်မှာ ပုံမှန်လိုလို ဖြစ်နေပြီး၊ အထူးသဖြင့် ကုလသမဂ္ဂတွင် အရေးကြုံရတော့မည့် အချိန်မျိုးတွင် ပြေး၍ တိုင်ပင်တတ်ကြသည်။ သို့သော်လည်း မြန်မာ့ပြည်တွင်းရေးတွင်မူ တရုတ်နိုင်ငံ အပါအဝင် မည်သည့် အစိုးရမျိုးကမှ လာ၍ အမိန့်ပေး ညွှန်ကြားသည်ကို မည်သည့်အခါကမျှ လက်ခံနာယူလေ့ မရှိပေ။
 
ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည်လည်း ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားမည်ဖြစ်သည်။ ကုလသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေးရန်၊ လာမည့်နှစ် ရွေးကောက်ပွဲတွင် အင်အားစုအားလုံး ပါဝင်နိုင်ရန် တိုက်တွန်းမှုများ ပြုခဲ့ပြီးနောက် ယခုခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရသည် ကုလသမဂ္ဂဖြစ်စေ၊ နိုင်ငံတကာမှ မည်သည့် အဖွဲ့အစည်းဖြစ်စေ ဤသို့မေတ္တာရပ်ခံ တောင်းဆိုလာပါက နားထောင် လိုက်လျောခြင်း အလျဉ်း မရှိခဲ့ဖူးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားလျှင် NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး သူ့ဘာသာသူ ခြေတလှမ်း ပြန်ဆုတ်သွားလိမ့်မည်ဟု ယူဆရသဖြင့် ရွေးကောက်ပွဲတွင် အင်အားစုအားလုံး ပါဝင်ခွင့် ရရေးမှာ မျှော်လင့်ချက် အနည်းငယ်သာ ရှိနေပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းမပြုခဲ့လျှင် NLD ပါတီက ရွေးကောက်ပွဲတွင် ပါဝင်ကောင်း ပါဝင်လာနိုင်သည်။

စစ်အစိုးရ ကိုယ်တိုင် သဘောထား ပြောင်းလဲလာရေး ဆိုသည်မှာ ဖြစ်နိုင်ချေ အလွန်တရာ နည်းပါသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်မှ ဘေးဖယ်ထားရန် ဆုံးဖြတ်ပြီး လုပ်ကိုင်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ထပ်  ၃ နှစ် အကျဉ်းချခံရဖွယ် ရှိနေသည်။ သို့မဟုတ် အနည်းဆုံး နေအိမ်သို့ ပြန်ပို့ခံရပြီး လွတ်လပ်ခွင့်များလည်း ဆက်လက်ဆုံးရှုံးနေဦးမည် ဖြစ်သည်။

သို့သော်လည်း စစ်အစိုးရ၏ ခေါင်းကိုက်စရာ ကိစ္စများ အဆုံးမသတ်သေးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင် တရားစွဲဆိုပြီး ဆက်လက် ချုပ်နှောင်ခြင်းအားဖြင့် အုပ်ချုပ်လာခဲ့သည့် နှစ် ၂ဝ ကာလအတွင်း ကိုင်တွယ် ဖြေရှင်းရ အခက်ခဲဆုံး ပြဿနာကို စစ်အစိုးရ ကြုံတွေ့နေရပြီ ဖြစ်လေသည်။

ကျော်စွာမိုး ရေးသားသည့် One Step Forward, Two Steps Back ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်