မြန်မာစစ်အစိုးရကို ချဉ်းကပ်ဆက်ဆံရန် ကြိုးစားခြင်း

ဖိနှိပ်အုပ်ချုပ် နေကြသည့် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ချဉ်းကပ်ဆက်ဆံခြင်း အားဖြင့် သူတို့၏ အမူအကျင့်များ ပြောင်းလဲ လာလိမ့်မည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်ထားသည် ဆိုလျှင်ဖြင့် "ကံကောင်းပါစေ၊ သို့သော်လည်း ကျားက ဥပုသ်စောင့်မည် မဟုတ်" ဟု ကျနော် ဆိုချင်ပါသည်။

အမှန်ဆိုရလျှင် ယခု မူဝါဒအသစ်က လွှတ်တော်အမတ် တွမ် လန်းတို့စ် (Tom Lantos) ကမကထပြု တင်သွင်းသည့် ၂၀၀၈ ခုနှစ်၊ မြန်မာ့ကျောက်စိမ်းများ တင်သွင်းမှု ပိတ်ဆို့ရေး ဥပဒေ (Tom Lantos Block Burmese JADE Act 2008) ချမှတ်ပြီး မရှေးမနှောင်းမှာပင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို ပို၍တင်းကျပ်စွာ ကိုင်တွယ်ရန် ရည်ရွယ် ချမှတ်ထားခဲ့သော ဥပဒေလည်း ဖြစ်သည်။  

၂၀၀၈ ခုနှစ်က ချမှတ်ခဲ့သည့် ဥပဒေတွင် ရည်ရွယ်ချက် ၃ ချက် ရှိသည်။ စစ်အစိုးရခေါင်းဆောင်များနှင့် အပေါင်းအပါများ အပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုနှင့် ခရီးသွားလာခွင့် ကန့်သတ်ရေး၊ ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့သည့် မြန်မာနိုင်ငံမှ ကျောက်မျက်သွင်းကုန်များ တင်သွင်းမှု ပိတ်ပင်ထားသည့် ဥပဒေကို အားဖြည့်ပေးရေး၊ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည့် အထူးသံကိုယ်စားလှယ် နေရာတခု ဖန်တီး ခန့်အပ်ရေးတို့ပင် ဖြစ်သည်။

အဆိုပြုထားသည့် အမေရိကန်ပြည်ထောင်စု၏ သံကိုယ်စားလှယ်အသစ်က မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ တခြား စိတ်ပါဝင်စားမှု ရှိသည့် နိုင်ငံများ ဥပမာအားဖြင့် ဥရောပ သမဂ္ဂမှ နိုင်ငံတချို့ နှင့် အာဆီယံ အဖွဲ့ဝင်များအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။

၎င်း၏ တာဝန်များတွင် မြန်မာနိုင်ငံ၏ ပြဿနာနှင့် ပတ်သက်၍ ဖိအားပေးခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာပြည်သူများ ထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးနေကြသည့် အဖွဲ့အစည်းများကို အထောက်အကူပေးခြင်း စသည်တို့  အပါအ၀င် ဘက်စုံ ချဉ်းကပ်ဆောင်ရွက်မှုများ ပါဝင်သည်။
 
သမ္မတအိုဘားမား အစိုးရက မြန်မာနိုင်ငံရေးရာများကို ဆောင်ရွက်ရေးအတွက် အထူးသံ ကိုယ်စားလှယ်တဦးကို များမကြာမီကာလတွင် ခန့်အပ်လိမ့်မည်ဟု ယူဆရသည်။

ကုလသမဂ္ဂ၊ သို့မဟုတ် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်တဦးဦးထက်စာလျှင် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်ကိုသာ မြန်မာ စစ်ဗိုလ်ချုပ်များက ပို၍ လက်ခံနိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံအရေး စောင့်ကြည့်နေကြသည့် အတိုက်အခံ အင်အားစုများနှင့် လေ့လာသူအများစုက သုံးသပ်ကြသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မည်မျှ လှိုက်လှဲစွာ ဧည့်ခံလိုက်သည်ကိုလည်း မြင်ခဲ့ကြရပြီး ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ၊ တွမ် လန်းတို့စ်၏ မြန်မာ့ကျောက်စိမ်းများ ပိတ်ဆို့ရေး ဥပဒေတွင် ပိတ်ဆို့အရေးယူမှုရော၊ ချဉ်းကပ် ဆက်ဆံရေး သဘောပါ ပူးပေါင်း ပါဝင်နေသည်။ အမေရိကန်ပြည်ထောင်စု၏ မြန်မာပြည်ဆိုင်ရာ မူဝါဒအသစ်တွင်လည်း မုန့်ရော၊ တုတ်ပါ ရောနေသည်မှာ အံ့သြဖွယ် မရှိပေ။

နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က “စေ့စပ်ဆွေးနွေးရေးလုပ်ပြီး ပိတ်ဆို့ဒဏ်ခတ်တာကို မလုပ်ဘူးဆိုရင်တော့ မှားမှာပဲလို့ ယူဆပါတယ်၊ ဒါကြောင့် ရှေ့ကို ဆက်သွားတဲ့အခါ ဒီနည်းလမ်း၂ခုစလုံးကို ကိုင်စွဲသွားမှာ ဖြစ်ပါတယ်” ဟု မကြာသေးမီက ပြောခဲ့သည်။

ပိတ်ဆို့ အရေးယူထားမှုများ ရုပ်သိမ်းလိမ့်မည်ဟု ယူဆနေသည်မှာလည်း မှားယွင်းသည့် အဓိပ္ပာယ်ဖော်ချက်သာ ဖြစ်ကြောင်း သူက ဆိုသည်။

အပြင်ပန်းကြည့်လျှင် မူဝါဒသစ်တွင် ပို၍ ယုံကြည် လက်ခံဖွယ်ရှိသည့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်း လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် အလေးအနက် တွေ့ဆုံ ဆွေးနွေးရေး စသည့်ကိစ္စများ တောင်းဆိုထားသည်ကို တွေ့ရသည်။  

ထိန်းသိမ်းခံထားရသူ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ ချဉ်းကပ် ဆက်ဆံရေး မူဝါဒကို လက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စု အစိုးရထံသို့ ပေးလိုသော သတင်းစကားမှာ ရှင်းလင်းလှသလို၊ ထင်သာမြင်သာလည်း ရှိသည်။

“သူပြောတာက သူ့အနေနဲ့ ချဉ်းကပ်ဆက်ဆံရေးကို အမြဲတမ်း လက်ခံထားပါတယ်၊ ဒါပေမယ့် ချဉ်းကပ် ဆက်ဆံရေး ဆိုတာမှာလည်း မျက်နှာစာ နှစ်ဘက်ရှိပါတယ်။ အစိုးရနဲ့ ဆက်ဆံသလို၊ ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း ဆက်ဆံဖို့ လိုအပ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ဤပြောဆိုချက်ကြောင့် အမေရိကန်အစိုးရက မြန်မာ့ ဒီမိုကရေစီအင်အားစုများ နှင့် လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်များကို လျစ်လျူရှုတော့မည် သို့မဟုတ် ကျောခိုင်းတော့မည်လောဟု အထင်ခံရဖွယ် ရှိကြောင်း ပြန်လည် သုံးသပ်မိမည် ဖြစ်သည်။

“အမေရိကန်ပြည်ထောင်စု၏ မူဝါဒသစ်” နှင့် ပတ်သက်၍ ပညာရှင်များ၊ လေ့လာနေသူများကလည်း သူတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ဝေဖန်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရလက်အောက်တွင် ဆက်လက် ရှင်သန်ကြရမည့် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် ပို၍ အရေးကြီးသည်ဟု ယူဆပါသည်။

ဖိနှိပ်ခံနေကြရသည့် မြန်မာနိုင်ငံသားများ၊ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအတိုက်အခံများနှင့် သံဃာတော်များက မူဝါဒအသစ်ကို အထူး ဝေဖန်ကြမည့်သူများ ဖြစ်ပေမည်။
 
နိုင်ငံတကာ ဆက်ဆံရေးမျက်နှာစာတွင်မူ မြန်မာစစ်ဗိုလ်ချုပ်များ၏ အဓိကမဟာမိတ် ဖြစ်နေသူ တရုတ်၊ အိန္ဒိယ၊ ရုရှား နိုင်ငံတို့ကလည်း အမေရိကန်ပြည်ထောင်စု၏ ခြေလှမ်းသစ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြပေလိမ့်မည်။

ပြန်လည်ချဉ်းကပ် ဆက်ဆံရေး မူဝါဒအသစ်တွင် အခြားကဏ္ဍတခု မှာ တရုတ်နိုင်ငံ၏ ပြဿနာ ဖြစ်ပေလိမ့်မည်။ တရုတ်နိုင်ငံက မြန်မာစစ်အစိုးရအတွက် အဓိက လက်နက် ထောက်ပံ့သူ ဖြစ်ပြီး၊ အဓိက ကုန်သွယ်ဘက်လည်း ဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ စစ်အစိုးရကို အကာအကွယ် ပေးထားသလို၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ဖွံ့ဖြိုးရေး အကူအညီပေးမှု စသဖြင့် ပတ်သက်ဆက်စပ်မှု များစွာ ရှိနေသည်။

သို့သော်လည်း တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ် အခြေအနေများအပေါ် စိတ်မသက်မသာ ဖြစ်နေသည်။ မြန်မာအစိုးရစစ်တပ်များက မကြာသေးမီက ကိုးကန့်တပ်ဖွဲ့များကို တိုက်ခိုက်ရင်း တရုတ်နှင့် ကိုးကန့်လူမျိုးများကို အနိုင်ကျင့်၊ ဖိနှိပ်မှုများ ပြုခဲ့ကြသည်။

ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် အကြံပြုခဲ့သော်လည်း မြန်မာစစ်အစိုးရက လျစ်လျူရှုခဲ့သည်။ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ချိုးဖောက်သည်ဟု တရုတ်အစိုးရက ယူဆနိုင်သလို၊ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကိုလည်း ပြန်လည်သုံးသပ်လာနိုင်သည်။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း “ပြည်တွင်း ပြဿနာများကို လျော်ကန်သောနည်းဖြင့် ဖြေရှင်းရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်” နှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများ၏ “လုံခြုံရေးနှင့် ဥပဒေကြောင်းအရ အခွင့်အရေးများကို ကာကွယ်ပေးရန်” ရှားရှားပါးပါး ပြောဆိုလာသည်။  

“ကိုယ့်ဘာသာ အထီးကျန် ပိတ်ဆို့နေထိုင်တဲ့ အမျိုးသားရေးဝါဒီ မြန်မာဗိုလ်ချုပ်တွေ အနေနဲ့တော့ ဘယ်သူက အမိန့်လာပေးပေး နာခံမှာ မဟုတ်ဘူး၊ တရုတ် အစိုးရ ပြောလာလည်း နာခံမှာ မဟုတ်ဘူး” ဟု အပြည်ပြည် ဆိုင်ရာ ပဋိပက္ခများ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (International Crisis Group) ၏ အာရှဒေသ ညွှန်ကြားရေးမှူး ရောဘတ် တမ်ပလာ (Robert Templer) က ဝေဖန်လိုက်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ တမ်ပလာက သတိပေး ပြောကြားခဲ့ရာတွင် “မြန်မာနိုင်ငံ ပြဿနာ ဖြေရှင်းဖို့ တရုတ်နိုင်ငံက ဦးဆောင်လာစေဖို့ ဆက်လက် မျှော်လင့်နေမယ် ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အလုပ် ဖြစ်နိုင်တဲ့ နိုင်ငံတကာ ချဉ်းကပ်မှုတွေက မထိမရောက် ဖြစ်နေဦးမှာပဲ” ဟု ဆိုခဲ့သည်။

၎င်း၏ ICG အဖွဲ့၏ သတိပေးချက်တွင်လည်း အနောက်နိုင်ငံများ အနေနှင့် တရုတ်နိုင်ငံ၏ ရေရှည် ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်သည့် (မြန်မာပြည်ဆိုင်ရာ) လက်ရှိ မူဝါဒကို အလေးထား ပြောဆိုသင့်ကြောင်း၊ ကုလ လုံခြုံရေးကောင်စီ အပါအ၀င် တခြားနိုင်ငံ တကာ စင်မြင့်များမှလည်း ဆက်လက်၍ ဖိအားပေးနေသင့်ကြောင်း အကြံပြုခဲ့သည်။  

မြန်မာ အတိုက်အခံတချို့ကလည်း ရယ်စရာဟာသတခုကို ပြောဆိုနေကြသည်။ ယခု ၀ါရှင်တန်က ချဉ်းကပ်လာသည့် အချိန်တွင် ဘေဂျင်းက အသည်းကွဲ ကျန်နေရပြီဟု ဆိုကြသည်။

သေချာသည်မှာ တရုတ်နိုင်ငံက ဤအရေးတွင် ကျန်ရစ်၍ မနေလိုပါ။ သို့သော်လည်း တချိန်တည်းမှာပင် သူတို့ အောင်မြင်မှု တစုံတရာ ရရှိသည်ဟုလည်း ယူဆနေနိုင်သည်။ အကြောင်းမှာ မြန်မာစစ်အစိုးရကို အထီးကျန်ဖြစ်စေရန် သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု မပြုကြရန် အမေရိကန် နှင့် အနောက်နိုင်ငံများအား နှစ်ပေါင်းများစွာ တိုက်တွန်းနေခဲ့သည့် သူတို့စကား မှန်ကန်သည်ဟု ယူဆနိုင်သောကြောင့်ပင်။

၂၀၁၀ ရွေးကောက်ပွဲအပေါ် ချဉ်းကပ်သည့် နည်းနာများကို အခြေတည်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အကြား တူညီသော ရပ်တည်ချက် တစုံတရာလည်း ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသည်။   

“မြန်မာနိုင်ငံက ရွေးကောက်ပွဲကို အခုအချိန်မှာ လုံးဝ ပစ်ပယ်လိုက်ဖို့ မသင့်သေးဘူး” ဟု နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန်က နယူးယောက်တွင် ပြောဆိုခဲ့သည်။ “တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ အပြုသဘောဆောင်တဲ့ အဆင့်တဆင့် အနေနဲ့ မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေအားလုံး အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ခွင့် ပေးမှသာ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံကြလိမ့်မယ် ဆိုတာကို တိုက်တွန်းဖို့အတွက် ကျမတို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးဖို့ လိုတယ်” ဟု မစ္စ ကလင်တန်က ပြောသည်။

ချုပ်၍ ဆိုရလျှင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အမေရိကန် နှင့် တရုတ်အစိုးရတို့က သူတို့၏ မူဝါဒ အသစ်များကို ပြန်လည် ချိန်ညှိကြလိမ့်မည် ဖြစ်သည်။ နှစ်နိုင်ငံစလုံးကလည်း သူတို့ အရှုံးပေး၍ မဖြစ်နိုင်ကြောင်း သိနေကြသလို၊ အပေးအယူ လုပ်ကြရမည်ဟုလည်း သေချာ သိမြင်ထားကြပါလိမ့်မည်။

ခက်တော့ ခက်သေးသည်။ အသိအမြင်နည်း၊ ခေါင်းမာလွန်းပြီး ရက်စက်ကြမ်းကြုတ်လှသည့် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများကမူ ၎င်းတို့ အာဏာတည်မြဲရေးကို ဆက်လက် လုပ်ဆောင်နေကြဦးမည်သာ ဖြစ်ပြီး၊ မည်သူတဦးနှင့်မျှ အပေးအယူလုပ်စရာ မလိုဟု ယူဆထားသောကြောင့် ဖြစ်ပါသည်။

အောင်ဇော်ရေးသားသည့် Engaging Naypyidaw ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်