ဗုံးခွဲ အပြစ်တင် ကစားနည်း

လွန်ခဲ့သော သုံးနှစ်ခန့်က ပဲခူးတိုင်း၊ တောင်ငူမြို့ အနီးရှိ မီးရထား လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်။ ဗုံးပေါက်ကွဲမှု အပြီး တပတ်ခန့် အကြာ ကျနော် နိုင်ငံခြား ခရီးစဉ်တခု ထွက်ခဲ့စဉ် မြန်မာစစ်တပ်မှ အရာရှိဟောင်း တဦးနှင့် ဆုံရသည်။ ထိုအရာရှိဟောင်းက အဆိုပါ ဗုံးပေါက်ကွဲမှုအတွက် တာဝန်ရှိသူ မည်သူ ဖြစ်ကြောင်း အတိအကျ သိသည်ဟု ကျနော့်ကို ပြောသည်။

“ကရင်သူပုန်တွေ လက်ချက်ပါပဲ”ဟု သူကယုံကြည်မှု အပြည့်ဖြင့် ပြောလာသည်။“ကေအန်ယူက ဒါမျိုးဆို သိပ်တော်တယ်၊ တောင်ငူ ဆိုတာကလည်း သူတို့ လှုပ်ရှားတဲ့ နယ်မြေကိုး”ဟု ဆိုသည်။

ထိုအရာရှိဟောင်းက ဗုံးပေါက်ကွဲမှုသတင်း ကြားကြားခြင်း သူ၏ သူငယ်ချင်းလည်းဖြစ်၊ အခင်းဖြစ်ပွားရာတွင် ကွင်းဆင်းစစ်ဆေးခဲ့သူလည်းဖြစ်သော တောင်ငူ စစ်ဒေသမှူးထံ ဖုန်းဆက်၍မေးခဲ့သည်ဟု ကျနော့်ကို ပြောပြ သည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာသော နိုင်ငံတခုတွင် နေထိုင်လျက်ရှိသော အရာရှိဟောင်း တဦးက ထိုဗုံးပေါက်ကွဲမှု၏ နောက်ကွယ်တွင် မည်သူမည်ဝါ ပါဝင်နေကြောင်း"တိတိကျကျ" ထောက်ပြ နိုင်ခြင်းကို သူငယ်ချင်းဖြစ်သူ စစ်ဒေသမှူးက အံ့သြသွားသည်ဟုလည်း အရာရှိဟောင်းက ဆိုပါသည်။

သူသည် တချိန်က တောင်ငူဒေသတွင် တာဝန်ထမ်းဆောင်ဖူး၍ ကရင်သူပုန်တို့ လုပ်လေ့လုပ်ထ ရှိသည်များ ကို အမြဲမှတ်မိနေသည်ဟုလည်း စစ်အရာရှိဟောင်းက ကျနော့်ကို ပြောပြသည်။

ထိုအရာရှိဟောင်း ပြောသည်များက မှန်ကောင်းလည်း မှန်နိုင်ပါသည်။ ကျနော့် အနေဖြင့်မူ ဘယ်ဟာက အမှန်ဟု ပြောနိုင်သည့် အထောက်အထား မရှိပါ။ သို့သော်လည်း သူက ထိုကဲ့သို့   ကရင်သူပုန်လက်ချက် ဟု ယုံယုံကြည်ကြည် ကောက်ချက်ချသည့် ကိစ္စကိုတော့ ကျနော် အံ့သြမိသည်။ တကယ်တော့ ထိုအရာရှိ ဟောင်းသည် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ခိုင်မာတိကျမှု၊ ကိုယ်တွေ့ စစ်ဆေးတွေ့ရှိချက် အထောက် အထား များ မရှိဘဲ ထိုသို့ကောက်ချက် ချခြင်းသာ ဖြစ်သည်။

သူ၏ ထင်မြင်ချက်သည် မှန်ကောင်း မှန်နိုင်ပါလိမ့်မည်။ သို့သော် ထင်မြင်ချက်သည် ထင်မြင်ချက်သာ ဖြစ် သည်။ ထိုလုပ်ရပ်မျိုးသည် ကရင်သူပုန်ကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စစ်တပ်မှ အရာရှိ တဦးအနေဖြင့် အထက်အမိန့်ကို မဖြစ်မနေ နာခံရသော ဓလေ့ကြောင့် ကရင်သူပုန်ကို စွပ်စွဲခြင်းသာ ဖြစ် သည်။

စစ်တပ်က ရိုက်သွင်းထားသည့် အယူအဆများကြောင့် စစ်သားများသည် စစ်ရေးပဋိပက္ခ ဒေသပြင်ပတွင် ဖြစ်လာသမျှ ဗုံးပေါက်ကွဲမှုများအတွက် ကရင်သူပုန်များ၊ အခြားသော လက်နက်ကိုင် သူပုန်များနှင့် တိုင်းပြည်ကို နှောင့်ယှက်ဖျက်ဆီးသူများဟု သူတို့နာမည် တပ်ထားသော အုပ်စုများအပေါ် အပြစ်ပုံချလေ့ ရှိသည်မှာ မဆန်း။ ထိုသူများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေးကို ဖျက်ဆီးသူများဟု စွပ်စွဲလေ့ရှိသည်။

မြန်မာစစ်တပ်အတွင်းမှ အရာရှိများသာ ထိုကဲ့သို့ တပါးသူအပေါ် အပြစ်ပုံချလေ့ရှိသော တဖက်သတ် စိတ်နေ သဘောထား ရှိသူများဟု ဆိုနိုင်ပါသလား။ မဟုတ်ပါ။ စစ်ဗိုလ် မဟုတ်သူများလည်း ရှိနေပါသေး သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၏ သဘောသကန်ကို နားလည်သဘော ပေါက်ရန် အတွက် အချက်အလက်များ စုဆောင်း၍ နှစ်ပေါင်းအတော်ကြာကြာ ကျနော်လေ့လာခဲ့ပါသည်။
တွေ့ရှိရသည်မှာ ဗုံးပေါက်ကွဲမှုများအပေါ် အတိုက်ခံအဖွဲ့အစည်းများကိုလည်း စစ်တပ်က အပြစ်ပုံချလေ့ ရှိသည်ကို တွေ့ရပါသည်။ စစ်တပ်က အတိုက်ခံများကို တဖက်သတ် စွပ်စွဲလေ့ရှိသည်ကိုလည်း သာမန်ပြည်သူများက သဘော ပေါက်ထားသည်။

မြန်မာနှစ်သစ်ကူးတွင် ရန်ကုန်၌ ဗုံးများ ပေါက်ကွဲခဲ့သောကြောင့် ၁၀ ဦးသေဆုံး၍ ၁၇၀ ဒဏ်ရာရရှိခဲ့သည်။ ၂၀ဝ၅ ခုနှစ် မေလ ၇ ရက်နေ့ ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၃ ခု၌ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၁၇ ဦးရှိ၍ ၁၆၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။ သင်္ကြန်နှစ်သစ်ကူးတွင် ပေါက်ကွဲသော ဗုံးများသည် ၂၀ဝ၅ ခုနှစ်က ပေါက်ကွဲခဲ့သော ဗုံးကွဲမှုအပြီး ဒုတိယမြောက် အကြီးမားဆုံး၊ လူအသေအပျောက် အများဆုံး ပေါက်ကွဲမှုဟု ဆိုနိုင်သည်။

နှစ်သစ်ကူး ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်အစိုးရက နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ လက်ချက် ဖြစ်သည်ဟု အလျင်အမြန်စွဲချက် တင်ခဲ့သည်။ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူများ ဆိုသည့် အသုံးအနှုန်းသည် ပြည်ပ အခြေစိုက် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို ရည်ညွှန်း သည်။ တချိန်တည်းတွင် ပြည်ပအခြေစိုက် အဖွဲ့အစည်းများကလည်း သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပြီး စစ်အစိုးရကသာ ထိုဗုံးပေါက်ကွဲမှုများကို ဖန်တီးသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။ သာမန်ပြည်သူများ အနေဖြင့် စစ်တပ်မှ အာဏာဖြင့် အုပ်ချုပ်နေခြင်းကို စိတ်အပျက်ကြီး ပျက်သကဲ့သို့ ဗုံးခွဲသည့်လုပ်ရပ်သည် စစ်အစိုးရ လုပ်ရပ်သာဖြစ် ကြောင်း ခန့်မှန်း ပြောဆိုကြသည်။

မြန်မာပြည်တွင် ဗုံးများဆက်တိုက်ဆိုသလို ပေါက်နေသည်။ ထို့ကြောင့် ဗုံးကွဲမှုများ ဖြစ်လေတိုင်း အားလုံးသော ဇတ်ကောင်များက သူတို့၏လက်ချက် မဟုတ်ဘဲ အခြားသူများ၏ လက်ချက်သာ ဖြစ်ကြောင်း ပုံချ၍ အမှတ်မဲ့ ပြောဆို ရေးသား စွပ်စွဲကြသည်။

မြန်မာပြည်သည် အာဖဂန်နစ္စတန်နိုင်ငံ မဟုတ်ပါ။ အီရတ်နိုင်ငံ မဟုတ်ပါ။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော အသေးစား ပဋိပက္ခများ မှတဆင့် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် နှိုင်းစာပါက မြန်မာပြည်က ဗုံးပေါက်ကွဲမှုများသည် မဆိုစလောက်သာ ရှိပါသေးသည်။ သို့သော်လည်း မအောင်မြင်ခဲ့သော ၁၉၈၈ အရေးတော်ပုံကြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်ကို မြင်တွေ့ရသည်။ ထိုဗုံးပေါက်ကွဲမှုများအတွင်း အနည်းဆုံး လူ ၃၀ဝ ခန့် သေဆုံးခဲ့ရ၍ စာရင်းအတိအကျ မသိရသော်လည်း လူအမြောက်အများ ဒဏ်ရာရရှိခဲ့ကြ သည်။

မြန်မာပြည်မှာ ပေါက်ကွဲခဲ့သော ဗုံးများသည် ဘာကြောင့်ဟု တိတိကျကျ သိရန်မလွယ်ကူ။ ၁၉၈၉ ခုနှစ်မှ စတင်၍ မြန်မာပြည်တွင် ဗုံးများ ပေါက်ကွဲလာခဲ့သည်။ သို့သော် ၂၀ဝ၇ ခုနှစ်က ပေါက်ကွဲမှုကြောင့် စာတိုက် စာရေး ဝန်ထမ်း တဦး ဒဏ်ရာရရှိခဲ့သည့် ကိစ္စတခုသာ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော် များလက်ချက်ဟု ထိုအဖွဲ့ အစည်းက သတင်းထုတ်ပြန်ခဲ့၍ သိရှိရသည်။ ကျန်သည့် ဗုံးပေါက်ကွဲမှုများမှာ မည်သူမည်ဝါ၏ လက်ချက်ဆိုသည်ကို ဗုံးခွဲသည့် ကာယကံရှင်များကလည်း ထုတ်ဖော်ပြောကြား ခြင်းမရှိခဲ့သည်ကို တွေ့ရသည်။

အတိုက်ခံအုပ်စုများက စစ်အစိုးရကိုယ်တိုင်သည် အတိုက်ခံများကို နှိမ်နင်းရာတွင် အကြောင်းပြရန်အတွက် ဗုံးပေါက် ကွဲမှုများကို ဖန်တီးခဲ့သည်ဟု ဆိုကြသည်။ ထို့အပြင် စစ်အစိုးရ အနေဖြင့် အာဏာကို ကြာရှည်စွာ ကိုင်စွဲထားရသည်မှာ တိုင်းပြည်အတွင်း မတည်မငြိမ်ဖြစ်နေသောကြောင့်ဟူသော အမြင်ကို ဖန်တီးရန်အတွက်လည်း ဖြစ်သည်ဟု အတိုက်ခံ အုပ်စုများက ဆိုသည်။

စစ်အစိုးရအနေဖြင့် ပြည်ပရောက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်ချက်ဟု အကွက်ချ၍ စွပ်စွဲနေသော်လည်း ခိုင်လုံသော သက်သေ အထောက်အထား မပြသနိုင်ခဲ့။ ထို့အတူ နိုင်ငံခြား တိုင်းပြည်များက မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူများကို စေလွှတ်၍ အကူအညီ ပေးမည်ဆိုသည်ကိုလည်း စစ်အစိုးရက လက်မခံခဲ့ပေ။

နိုင်ငံတကာမှ ကမ်းလှမ်းလာသည့် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများကို စစ်အစိုးရက လက်ခံရန် ငြင်းဆန် နေသည့် တချိန်တည်းတွင် ၄င်းတို့ ဖြစ်စေလိုသည့်အတိုင်း ဝါဒဖြန့်ကြေညာမှုများကို စက်နှင့်လှည့် ထုတ်သလို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ စစ်အစိုးရက ဖြစ်စေချင်သည့်၊ ယုံကြည်စေချင်သည့် ဖြစ်ရပ်များအတွက် ပြည်သူများအား ဇွတ် အတင်း ယုံကြည်စေရန်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်နေဆဲ ဖြစ်သည်။

လက်သည်တရားခံ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထား ကင်းမဲ့စွာဖြင့် စွပ်စွဲခြင်းများ၏ အကျိုး ဆက်ကြောင့် ပြည်သူများက စစ်အစိုးရကို ယုံကြည်မှုပို၍ ကင်းမဲ့လာခဲ့သည်။

ပြောရလျှင် နယ်စပ်အခြေစိုက် အုပ်စုများအနေဖြင့် ဗုံးခွဲရန် အကြံရှိသည့်တိုင် ပြည်တွင်းတွင် ဗုံးခွဲနိုင်သည့် နည်းနာနှင့် အင်အားမရှိသည်ကို လူတိုင်း သိကြသည်။ ကျနော့်တဦးတည်း အမြင်အရ ပြောရပါလျှင် နယ်စပ် အခြေစိုက် အဖွဲ့ အစည်းများအနေဖြင့် ပြည်တွင်းတွင် ဗုံးခွဲရန် အကြံအစည်မရှိသလို ထိုသို့ဆောင်ရွက်ရန်လည်း သူတို့တွင် စွမ်းရည် မရှိပါ။

သို့သော်လည်း အပြစ်မဲ့ပြည်သူများကို သတ်သော လက်သည်တရားခံသည် စစ်အစိုးရက ခိုင်းစေသောသူ ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) အတိုက်အခံ အဖွဲ့အစည်းများက အဖွဲ့ဝင်များဖြစ်စေ ထိုသူများအနေဖြင့် ဗုံးခွဲမှုများကို ဆက်လက် လုပ်ဆောင်သွားပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရက လုပ်တာမဟုတ်ကြောင်းကို မည်သူမျှ မယုံကြည်သောကြောင့် ဖြစ်သည်။

သင်္ကြန်တွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု နောက်ကွယ်တွင် မည်သူမည်ဝါရှိကြောင်း မည်သူမှ မသိပါ။ သို့သော် နှစ်သစ်ကူးသည် ဗုံးပေါက်ကွဲမှုနှင့် စတင်ခဲ့ရသည်ကိုတော့ မမေ့သင့်ပါ။

တိုင်းပြည်အတွင်းတွင် လာမည့်ရွေးကောက်ပွဲနှင့်အတူ တင်းမာမှုများ ပေါ်ပေါက်လာနေသည်။ စစ်အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုကလည်း အခြေအနေများကို မီးလောင်ရာလေပင့် ဖြစ်စေသည်။ ထိုကဲ့သို့သော အခြေအနေတွင် နိုင်ငံတဝန်း ဗုံးပေါက်ကွဲမှုများ ပိုမိုများပြား လာနိုင်သည်ကတော့ အမှန်ပင် ဖြစ်သည်။

အားလုံးသော ဇတ်ကောင်များကလည်း သူ့ကြောင့် ကိုယ့်ကြောင့်ဟု လက်ညှိုးထိုး အပြစ်တင်ကြမည်ကိုလည်း မြင်နေရ သည်။ မသိနိုင်သော လက်သည်တရားခံသည် ဗုံးများ ဆက်လက် ဖောက်ခွဲ၍ အပြစ်မဲ့သော ပြည်သူများကို သေကြေ စေလိမ့်ဦးမည်။

ဗုံးခွဲမှုများ လျော့ပါးစေလိုပါက လူတကာအား ချက်ခြင်းလက်ညှိုးထိုး စွပ်စွဲသည်ထက် ဗုံးပေါက်ကွဲမှုများကို စစ်အစိုးရ အနေဖြင့် မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် လိုသည်။

ဗုံးခွဲသူကို ဖော်ထုတ်ရန်ဆိုသည်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပါ။ ထို့အတွက် စစ်အစိုးရအနေဖြင့် ခိုင်လုံသော သက် သေအထောက်အထားများ ရရှိစေရန်ရှိပြီး မှုခင်းအဖွဲ့အစည်းများကို ခေတ်မီ နည်းစနစ်များဖြင့် လေ့ကျင့် တပ်ဆင်ပေး ရန်လိုသည်။

စစ်အစိုးရကို ယုံကြည်မှု ကင်းမဲ့နေသည့် အကျိုးဆက်ကြောင့် ထိုကဲ့သို့ အလုပ်မျိုးကို အောင်မြင်စွာ လုပ်ကိုင်နိုင်ရန် စင်္ကာပူ(သို့မဟုတ်)အမေရိကန်ကဲ့သို့သော နိုင်ငံမျိုးမှ မှုခင်း ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အထောက်အထားများ ရရှိရေးအတွက် လိုအပ်သည့် အကူအညီများ ရရှိနိုင်သည်။

စင်္ကာပူ(သို့မဟုတ်) ဒီမိုကရေစီ အခြေခိုင်နေသည့် နိုင်ငံတခုခုမှ မှုခင်းကျွမ်းကျင်သူများကို ငှားရမ်းအသုံးပြုခြင်းဖြင့် ဗုံးကွဲမှုများကို ရပ်တန့်စေနိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါ။ သို့သော်လည်း ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်အစိုးရအနေဖြင့် လူအများ၏ ယုံကြည်မှုနှင့် နိုင်ငံတကာ၏ ယုံကြည်မှုကို အရင်ကထက် ပိုမိုရရှိလာနိုင်သည်။

စစ်အစိုးရက ဗုံးခွဲသည့် တရားခံများဟု စွပ်စွဲထားသော အုပ်စုများသည် လက်ရှိတွင် အနောက်နိုင်ငံများ၏ ထောက်ခံမှု ကို ရရှိထားသော ဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းများဖြစ်သည်။ အကယ်၍ ထိုအုပ်စုများသည် ဗုံးခွဲသည့် လက်သည် အစစ်အမှန်ဟု ခိုင်ခိုင်လုံလုံ ထောက်ပြနိုင်ပါက အနောက်တိုင်း အစိုးရများအနေဖြင့် ထိုအုပ်စု အဖွဲ့အစည်း များကို လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။

အကယ်၍ ဗုံးဖောက်ခွဲသူများသည် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တဦးဦးနှင့် ဆက်နွှယ်နေသည်ဟုဆိုပါက ထိုသူများကို အရေးယူ အပြစ်ပေးရမည်သာ ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာ စစ်အစိုးရအနေဖြင့် အများ၏ ယုံကြည်မှုကို တဖြည်းဖြည်းခြင်း ပြန်လည်ရရှိလာမည်ဖြစ်သည်။

စစ်အစိုးရသည် အထက်က တင်ပြသကဲ့သို့ ဆောင်ရွက်ရန် ပျက်ကွက်နေဦးမည်ဆိုပါက ဆက်လက် ဖြစ်ပွားလာမည့် ဗုံးပေါက်ကွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ ဆက်လက် သေကြေနေဦးမည်သာ ဖြစ်သည်။

The Bomb-blame Game By Aung Naing Oo ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်