တရုတ်လက်ထဲက မြန်မာနိုင်ငံ

Wednesday, 23 June 2010 18:35 သူ့အတွေး သူ့အမြင်
Print
“အင်္ဂလိပ် အခက် ဗမာ့ အချက်”

ဒီကြွေးကြော်သံက ဗြိတိသျှတွေကို ကျနော်တို့ အမိမြေပေါ်ကနေ မောင်းထုတ်ဖို့ ကြိုးပမ်းစဉ် ကာလမှာ ထင်ရှားခဲ့တဲ့ ကြွေးကြော်သံပါ။

လွတ်လပ်ရေးရပြီး နောင် နှစ်ပေါင်း ၅၀ လောက် အကြာမှာတော့ မြန်မာပြည်ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ စစ်ရေးအရ သြဇာခံ ဖြစ်လာတာမို့ ကျနော်တို့ရဲ့ ကြွေးကြော်သံကို “ဗမာအခက် တရုတ်အချက်” လို့ ပြောင်းရမလို ဖြစ်နေပါပြီ။

အခုလ စောစောပိုင်းမှာ မြန်မာဗိုလ်ချုပ်ကြီးတွေက တရုတ်ဝန်ကြီးချုပ်ကို ကောဇောနီခင်း ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံရဲ့ ညီရင်းအစ်ကို ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်မြန်မာ နှစ် ၆၀ ဆက်ဆံရေး အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်မှာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား “မဟာဗျူဟာ ဆက်ဆံရေး” ထူထောင်ပြီးပြီလို့ အလေးအနက် ဆိုထားပါတယ်။ ဒီစကားစုကို “နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးရာ ဆိုင်ရာ နှစ်နိုင်ငံ ဗျူဟာမြောက် မဟာမိတ်အဖွဲ့” လို့ မှတ်ယူနိုင်ပါတယ်။

စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ဒီလိုမျိုး မဟာမိတ်ဖွဲ့တာတွေက သမားရိုးကျ ဖြစ်ပေမယ့် တရုတ်-မြန်မာ မဟာဗျူဟာ ဆက်ဆံရေးကတော့ ဒေသတွင်း လုံခြုံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းလဲစေနိုင်တာ ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အပြီး နောက်နေ့မှာပဲ စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာထဲမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းကတော့ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့မယ့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ နှစ်ကြောင်းပြိုင် ပိုက်လိုင်းကို တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) က စတင် ဖောက်လုပ်နေပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားကို သွယ်တန်းတဲ့ ဒုတိယ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဖြစ်ပါတယ်။ ပထမ တခုကတော့ သဘာဝဓာတ်ငွေ့တွေကို မြန်မာ့ကမ်းလွန်ကနေ ထိုင်းနိုင်ငံဆီ တင်ပို့တဲ့ စီမံကိန်းပါ။

တရုတ်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ သယ်ဆောင်လာမယ့် ရေနံစိမ်းတွေကိုလည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ  မြန်မာပြည်ကိုဖြတ်ပြီး ယူနန်ပြည်နယ်ထဲအရောက် အခုပိုက်လိုင်းတွေကနေ တဆင့် တင်ပို့ဦးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှု အကျိုးစီးပွားက ဘင်္ဂလားပင်လယ်အော်မှာ တစတစ ကြီးထွားလာနေတာပါ။ ဒါကြောင့် အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ရေနံတင် သင်္ဘောတွေ လုံခြုံစေဖို့အတွက် အိန္ဒိယ သမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ တရုတ်က သူ့ရဲ့ ရေတပ်အင်အားကို သေချာပေါက် တိုးချဲ့ပါလိမ့်မယ်။

ဒီလို တိုးချဲ့မှုက ပြိုင်ဖက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကို လုံခြုံရေးအရ အတော်လေး သိသိသာသာ စိုးရိမ်စရာ ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ဆိုတာတွေဟာ အစဉ်အလာအရ အိန္ဒိယနိုင်ငံရဲ့ သြဇာလွှမ်းမိုးရာ နယ်ပယ်တွေ ဖြစ်လို့ပါပဲ။

ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံသူဖြစ်တဲ့ CNPC ဟာ တရုတ်အစိုးရပိုင်  ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ အကြီးဆုံး ၃ ခုအနက် တခု ဖြစ်ပါတယ်။ တခြားကုမ္ပဏီ ၂ ခုဖြစ်တဲ့ တရုတ် ရေနံနဲ့ ဓာတု ကော်ပိုရေးရှင်း (China Petroleum & Chemical Corporation - Sinopec) နဲ့ တရုတ် အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း (China National Offshore Oil Corporation – CNOOC) တွေဟာလည်း မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေထဲမှာ အလုံးအရင်းနဲ့ ရင်းနှီး မြုပ်နှံထားကြတာပါ။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့ အခြေစိုက် EarthRights International အဖွဲ့က ၂၀၀၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီ ရင်ခံစာ “China in Burma” အရ မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ် ရေနံကုမ္ပဏီ ၁၆ ခု ရှိတယ်လို့ သိရပါ တယ်။

အနောက်နိုင်ငံတွေက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဖို့ တွန့်ဆုတ်နေပြီး အမေရိကန်ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရေး မူဝါဒနဲ့ တသားတည်းဖြစ်နေချိန်မှာ တရုတ်နိုင်ငံကတော့ မြန်မာပြည်က စွမ်းအင်တွေကို ထိန်းထားလိုက်နိုင်ပါပြီ။

မြန်မာပြည်က သဘာဝအရင်းအမြစ်တွေကို ရယူဖို့နဲ့ စစ်အစိုးရကို အိတ်ထောင်ထဲ ထည့်ထားဖို့က တရုတ်နိုင်ငံရဲ့ အခရာကျ တဲ့ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တခု ဖြစ်တယ်ဆိုတာကို သံသယဖြစ်စရာ မရှိပါဘူး။

“အမေရိကန်နဲ့ ဥရောပက ကုမ္ပဏီတွေ မရှိတဲ့ ဒါမှမဟုတ် သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားတဲ့ နိုင်ငံအများစုမှာ တရုတ်ကုမ္ပဏီတွေက အခြေချဖို့ ကြိုးစားကြတယ်” လို့ အင်ဒီယားနားတက္ကသိုလ်မှ အရှေ့အလယ်ပိုင်း လေ့လာရေးဌာန  ညွှန်ကြားရေးမှူး ဒေါက်တာ ဂေါ်ဒက် ဘာဂက် (Gawdat Bahgat) က သူ့ရဲ့ “China's Energy Policy: Strategic Implications” ဆိုတဲ့ ဆောင်းပါးမှာ  ရေးသားခဲ့ပါတယ်။ ဒီဆောင်းပါးကို Middle East Economic Survey က ၂၀၀၇ ခုနှစ်မှာ ပုံနှိပ်ဖော်ပြခဲ့တာပါ။

“တရုတ်က ပစ်မှတ်ထားတဲ့ နိုင်ငံတွေ (ဥပမာ အီရန်၊ ဆူဒန်၊ ဥဇဘက်ကစ္စတန် နဲ့ ဗင်နီဇွဲလား) ဟာ အများအားဖြင့် အနောက် အုပ်စုရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ချမှတ်ထားတဲ့ နိုင်ငံတွေဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဒေါက်တာ ဘာဂက်ရဲ့ သုံးသပ်ချက်က တရုတ်-မြန်မာ ဆက်ဆံရေးမှာလည်း သက်ဆိုင်မှုရှိနေတာကို တွေ့ရပါတယ်။ ဥပမာ အနေနဲ့ ပြရမယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒုနဲ့ဒေးရှိတဲ့အတွက် အနောက်နိုင်ငံတွေက ဒဏ်ခတ် အရေးယူထားတဲ့ လူဆိုးစာရင်းဝင် ဆူဒန်နဲ့ မြန်မာနိုင်ငံတွေပါ။ အာဏာရှင်အစိုးရတွေ အုပ်ချုပ်တဲ့ ဒီနိုင်ငံနှစ်ခုစလုံးဟာ ရေနံနဲ့ သဘောဝဓာတ်ငွေ့တွေ အလွန့်အလွန်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။

တရုတ်နိုင်ငံနဲ့ ပိုက်လိုင်းစီမံကိန်းက မြန်မာ ဗိုလ်ချုပ်ကြီးတွေအတွက် ငွေကြေးအမြောက်အမြား အကျိုးအမြတ်ရရုံ သက်သက်သာ မကဘဲ မဟာဗျူဟာမြောက် အကျိုးခံစားခွင့်ကိုပါ ရစေတာဖြစ်ပါတယ်။ သူတို့ရဲ့ ကမ်းကုန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာမိသားစုက ရှုတ်ချတာနဲ့ ဒဏ်ခတ်အရေးယူတာတွေ ခံနေရတဲ့ အခါမျိုးမှာ ဒီပိုက်လိုင်းကြောင့် စစ်အစိုးရကို တရုတ်နိုင်ငံက ဆက်လက် အကာအကွယ် ပေးသွားမယ့်အပြင် စစ်အစိုးရကို ဒဏ်ခတ် အရေးယူတာတွေကိုလည်း ဗီတိုအာဏာသုံးပြီး ပယ်ချသွားပါလိမ့်မယ်။

စစ်အစိုးရဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ စစ်တပ်ကို တရုတ်နိုင်ငံ အကူအညီနဲ့ သိသိသာသာ အဆင့်မြှင့်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း တရုတ်နိုင်ငံထုတ် K-8 Karakorum တိုက်ခိုက်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို ၀ယ်ယူပြီး မြန်မာ့
လေတပ်ကို အားဖြည့်ခဲ့ပါသေးတယ်။

တကယ်တမ်းပြောရရင် ပြင်ပက ခြိမ်းခြောက်မှုတွေကို စိုးရိမ်လို့ စစ်အစိုးရက တရုတ်နိုင်ငံရဲ့ အကာအကွယ်ကို မှီခို အားထား နေတာ မဟုတ်ပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းပြည်ရဲ့ ပြဿနာကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်တွင်း အတိုက်အခံ အင်အားစုတွေနဲ့အတူ  ငြိမ်းငြိမ်းချမ်းချမ်း အဖြေမရှာလိုတဲ့ သူတို့ရဲ့ မူဝါဒကြောင့်သာ အခုလို တရုတ်ကို မှီခိုနေတာ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အ၀န်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာ ကိစ္စတွေကို မြှင့်တင်ဖို့ တရုတ်နိုင်ငံက စိတ်မ၀င်စားပါဘူး။ မြန်မာ့အရေး အပေါ် စိတ်ဝင်စားမှုက ပိုလို့တောင် နည်းပါသေးတယ်။ တရုတ်ခေါင်းဆောင်တွေက “အခြားနိုင်ငံများ၏ ပြည်တွင်းရေး၌ ၀င်ရောက် မစွက်ဖက်ရေး” ဆိုတဲ့ အခြေခံသဘောထားကို အသုံးချပြီး မြောက်ကိုရီးယား၊ ဆူဒန်၊ မြန်မာ စတဲ့ နိုင်ငံတွေနဲ့ အဆင်ပြေ ချောမွေ့တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ရည်ရွယ်တာပါ။

မကြာသေးခင်က အယ်လ်ဂျာဇီးယား သတင်းဌာနကနေ ထုတ်လွှင့်သွားတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ မြန်မာစစ်အစိုးရက နျူကလီးယား အစီအစဉ်တခုကို လျှို့ဝှက်အကောင်အထည် ဖော်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒီအပေါ်မှာ တရုတ်အစိုးရ ခေါင်းဆောင်တွေက ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ သူတို့အနားမှာ နျူကလီးယားအင်အားရှိတဲ့ နိုင်ငံ နောက်တခု ပေါ်ပေါက်လာမယ့်အပေါ် ပူပန်မှု မရှိတာကတော့ အသေအချာပါပဲ။ မြန်မာပြည်ရဲ့ နျူကလီးယားရည်မှန်းချက်ကို လျော့နည်း ပပျောက်အောင် လုပ်တာထက်စာရင် မြန်မာနိုင်ငံက တောင်ပုံရာပုံ သဘာဝဓာတ်ငွေ့တွေကို ရအောင်ယူဖို့က တရုတ်နိုင်ငံရဲ့ လတ်တလော အကျိုးစီးပွားပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်သူလူထုအတွက်တော့ အခုအချိန်က ကိုယ့်တိုင်းပြည် ကိုလိုနီလက်ထဲ နောက်တကြိမ် ရောက်နေပြီလား ဆိုတာကို ပြန်ပြီး အကဲဖြတ်သင့်တဲ့ အချိန်ပါ။

တကယ်လို့များ ရောက်နေပြီလို့ ယူဆရင် မြန်မာနိုင်ငံကို တရုတ်ပြည်မကြီးရဲ့လက်အောက်ခံနိုင်ငံ ဒါမှမဟုတ်လည်း သြဇာခံနိုင်ငံ မဖြစ်ရလေအောင် ညီညီညွတ်ညွတ်နဲ့ ကာကွယ်ဖို့က မြန်မာပြည်သားအားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတော့တယ်။

Falling into China's Hands By Htet Aungကို ဆီလျော်အောင် ပြန်ဆိုသည်။