ခလုတ်ကန်သင်းများတဲ့ ရွေးကောက်ပွဲ

မတ်လ ၈ ရက်နေ့က စပြီး ရေတွက်မယ် ဆိုရင် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခဲ့တာ ၃ လခွဲကျော် ရှိသွားပေမယ့် အခုချိန်အထိ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မကြေညာ သေးပါဘူး။ မှတ်ပုံတင်ထားတဲ့ တချို့ နိုင်ငံရေး ပါတီတွေလည်း ရွေးကောက်ပွဲ ကော်မရှင်က သူတို့ကို အတည်ပြုမပြု စောင့်နေဆဲပါပဲ။

နိုင်ငံရေးပါတီအဖြစ်နဲ့ အတည်ပြုခံရပြီးရင် အဲ့ဒီပါတီက ပါတီဝင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ဆီကို ရက်ပေါင်း ၉ဝ အတွင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ အခုအတိုင်းဆိုရင် နိုင်ငံရေးပါတီ အကုန်လုံးရဲ့ ပါတီဝင်စာရင်းတွေကို သတ်မှတ်ထားတဲ့ အချိန် အတွင်း မှာ စစ်ဆေး အတည်ပြုပြီးရင်တောင်မှပဲ စက်တင်ဘာလထဲကို ရောက်သွားတော့မှာပါ။ အဲ့ဒီအချိန်အထိ ဘယ်ပါတီကိုမှ မဲဆွယ် စည်းရုံးရေး လုပ်ခွင့် ပေးမှာ မဟုတ်ပါဘူး။

အဖွဲ့ဝင် ၁၈ ဦး ပါတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရက မတ်လ ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေကို ဗိုလ်ချုပ်ကြီးတွေ စိတ်ကြိုက် ရွေးချယ်ခဲ့တာဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌကတော့ ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အငြိမ်းစား ဗိုလ်ချုပ် သိန်းစိုး ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ ရွေးကောက်ပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန် အလုံအလောက် ရှိပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားကို ကြည့်မယ် ဆိုရင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို နိုဝင်ဘာလ မတိုင်ခင် သတ်မှတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ တစထက်တစ ထင်ရှားနေပါပြီ။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေးကို နောက်ဆုံး သတ်မှတ်ရက် မထားသေးဘဲ ဆက်လက် ခွင့်ပြု ထားဆဲပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လို တည်ဆဲ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ကို မေလ ၆ ရက်နေ့ လို့ သတ်မှတ် ခဲ့ပေမယ့် ပါတီအသစ်တွေကတော့ အခုထိ မှတ်ပုံတင်လို့ ရနေဆဲပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ရုံးစိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို မေးကြည့်တော့ “နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လို့ ရတုန်းပဲ။ နောက်ဆုံးရက် ဘယ်တော့လဲ ဆိုတာကိုတော့ တပတ် ကြိုတင် တရားဝင် ကြေညာပါ့မယ်” လို့ ကော်မရှင်ရုံး တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးတဲ့ ပါတီတွေတောင်မှပဲ ရုံးခန်းဖွင့်တာ၊ ဌာနချုပ်ဖွင့်တာ၊ ပါတီအလံတင်တာ၊ ပါတီဆိုင်းဘုတ် တင်တာတွေ အလွယ်တကူ လုပ်လို့ မရသေးပါဘူး။ အသစ်ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း မရည်ရွယ်ဘဲ တစုံတရာ အမှား လုပ်မိရင် အာဏာပိုင်တွေက နှောင့်ယှက်တာ ဒါမှမဟုတ်လည်း ပါတီကို အရေးယူတာမျိုးတွေ ဖြစ်လာနိုင်တာမို့ အဲ့ဒီလို မဖြစ်ရအောင် သတိထားနေကြပါတယ်။

“ကျနော်တို့ စစ်တပ်အုပ်ချုပ်မှု အောက်မှာ ရှိနေဆဲ ဆိုတာကို မမေ့ပါနဲ့” လို့     အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအုန်းလွင်က ပြောပါတယ်။ သူ့ရဲ့ပါတီဟာ ကော်မရှင်က အတည်ပြုပြီးတဲ့ ပါတီဖြစ်ပါတယ်။

“နိုင်ငံရေး လှုပ်ရှားမှုတွေကို ကျနော်တို့ သတိကြီးကြီးထားပြီး ဆောင်ရွက်နေရပါတယ်” လို့လည်း သူက ဆိုပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ ကာလကလို နိုင်ငံရေးပါတီတွေ ဒုနဲ့ဒေး မှတ်ပုံတင်တာမျိုး မဖြစ်ရအောင် စစ်အစိုးရက ဒီနှစ်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တင်းတင်း ကျပ်ကျပ် ရေးဆွဲ ပြဋ္ဌာန်းခဲ့တာပါ။ ဒါကြောင့် ကော်မရှင်က အတည်ပြုပြီးတဲ့ နိုင်ငံရေးပါတီတိုင်းဟာ အတည်ပြုခံရတဲ့နေ့ကနေ ရက်ပေါင်း ၉ဝ အတွင်းမှာ သူတို့ရဲ့ အနည်းဆုံး ပါတီဝင်အင်အား စာရင်း အသေးစိတ်ကို ကော်မရှင်ဆီ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းတဲ့ နေရာမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင် ဖို့ စီစဉ်ထားတဲ့ ပါတီဟာ ပါတီဝင်ဦးရေ အနည်းဆုံး ၁ဝဝဝ ရှိရမှာ ဖြစ်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် တခုအတွင်းမှာပဲ ဝင်ပြိုင်မယ့်ပါတီကတော့ ပါတီဝင် ၅ဝဝ ရှိရမှာ ဖြစ်ပါတယ်။ 

အဲ့ဒီလိုသတ်မှတ်ချက်နဲ့ နိုင်ငံရေးပါတီတွေက တင်သွင်းတဲ့ ပါတီဝင်အင်အား စာရင်း အသေးစိတ်ကို ကော်မရှင်က ပြန်ပြီး အသေအချာ စစ်ဆေးဦးမှာပါ။ တကယ်လို့ သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ မပြည့်ဘူး ဒါမှမဟုတ်လည်း ပါတီဝင်တွေက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတွေထဲက ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီဘူး ဆိုရင် ကော်မရှင်က ဘယ်ပါတီကို ဖြစ်ဖြစ် ဖျက်သိမ်းနိုင်တဲ့ အာဏာ ရှိပါတယ်။

နောက်တခုကတော့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို ကော်မရှင်က အတည်ပြုပေးတဲ့နေ့ မတူတဲ့ အချက်ပါ။ အဲ့ဒီလို မတူတဲ့အတွက် ပါတီတခုနဲ့ တခုကြားမှာ ပါတီဝင် စာရင်း နောက်ဆုံးထား တင်သွင်းရမယ့် ရက်ကလည်း မတူတော့ပါဘူး။  ဥပမာအနေနဲ့ ပြရရင် စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဇွန်လ ၈ ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် USDP က ပါတီဝင်စာရင်း နောက်ဆုံးထား တင်သွင်းရမယ့်ရက်က စင်တင်ဘာလ ၆ ရက်နေ့ ဖြစ်သွားပါတယ်။ အခုချိန်ထိ အတည်ပြု မခံရသေးတဲ့ ပါတီတွေဆိုရင်  ပါတီဝင် စာရင်း ပို့ရမယ့် အချိန်က အဲ့ဒီထက်ကို အများကြီး ပိုနောက်ကျသွားဖို့ပဲ ရှိပါတယ်။ 

အတည်ပြုခံရတဲ့ နိုင်ငံရေးပါတီတွေ အားလုံးက ပါတီဝင် စာရင်း တင်သွင်းတာတွေ ပြီးမှပဲ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီအရေအတွက် နဲ့ ပါတီနာမည်တွေကို ကော်မရှင်က ကြေညာမှာ ဖြစ်ပါတယ်။

အဲ့ဒါပြီးရင်တော့ ကိုယ်စားလှယ်လောင်း အမည် တင်သွင်းတဲ့ အဆင့်ပါ။ ၁၉၉ဝ ရွေးကောက်ပွဲမှာတုန်းက ကိုယ်စားလှယ်လောင်း အမည် တင်သွင်းနိုင်တဲ့ ကာလကို သတ်မှတ်ပေးပြီး မကြာခင်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကော်မရှင်က ကြေညာခဲ့ပါတယ်။ အခုတကြိမ်မှာလည်း ၁၉၉ဝ အတိုင်းပဲ ဖြစ်မယ် ဆိုရင်တောင် ကိုယ်စားလှယ်လောင်း အမည် တင်သွင်းရမယ့် ကာလနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ကြေညာမယ့် အချိန်ဟာ စက်တင်ဘာလလယ် မတိုင်ခင် မဖြစ်နိုင်ဘူးလို့ ယူဆနိုင်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပါတီ တွေ က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးရင် အဲ့ဒီစာရင်းကို ကော်မရှင်က အသေအချာ ထပ် စစ်ဆေးဦးမှာပါ။

နိုင်ငံရေး ရည်မှန်းချက်ကြီးသူတွေကို စောင့်ကြည့် အပြစ်ရှာတတ်တဲ့ စစ်အစိုးရရဲ့ စရိုက်နဲ့ ရုပ်ပျက်ဆင်းပျက် ဗျူရိုကရေစီ ယန္တရားကို ထည့်စဉ်းစားမယ်ဆိုရင် ပါတီ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စစ်ဆေးလို့ မပြီးခင်မှာဘဲ အောက်တိုဘာလထဲကို ရောက်သွားဖို့ များပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း သူတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က  စစ်ဆေး အတည်ပြုပြီးမှသာ မဲဆွယ်တဲ့ လုပ်ငန်းတွေကို စတင်နိုင်မှာ ဖြစ်ပါတယ်။

ကော်မရှင်ဟာ ဒီလုပ်ငန်းစဉ်တွေထဲက ဘယ်အဆင့်ကို ဘယ်ကာလအတွင်း အကောင် အထည် ဖော်မယ် ဆိုတာကို အချိန် အတိ အကျ ထားရှိ ဆောင်ရွက်တာမျိုး မရှိပါဘူး။ နိုင်ငံ အများစုမှာ ဒီလုပ်ငန်းတွေကို အချိန်တို အတွင်းမှာပဲ ပြီးအောင် ဆောင်ရွက်ကြတာပါ။ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဆောင်ရွက်ခဲ့ကြတာမျိုးတောင် ရှိပါတယ်။

ပိုဆိုးတာကတော့ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုတာကို ကော်မရှင်က လုပ်ငန်းစဉ်တခု အဖြစ်နဲ့ ချမှတ်ဆောင်ရွက်မှာ မဟုတ်တဲ့ အချက်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက သုံးခဲ့တဲ့ မဲဆန္ဒရှင်စာရင်း ရှိပြီးသားမို့ စာရင်း ထပ်မပြုစုတော့တာလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်အထိ နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မဲဆန္ဒရှင်တွေ ဘယ်လို မဲပေးနိုင်တယ် ဒါမှမဟုတ် စာတိုက်ကတဆင့် မဲပေးမယ်ဆိုရင် ဘယ်လို လုပ်ရမယ် စတာတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကို ကော်မရှင်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲတွေမှာ လုပ်ရိုး လုပ်စဉ် ဖြစ်တဲ့ ဒီအရာတွေကို ရွေးကောက်ပွဲတွေ မကျင်းပခင် ရက်သတ္တပတ် အတော်ကြာကတည်းက ဆောင်ရွက်ဖို့ လိုပါတယ်။

ကော်မရှင်က လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ နေရာမှာလည်း ဘယ်အရာပဲ ဖြစ်ဖြစ် ရှင်းရှင်း လင်းလင်း မရှိပါဘူး။ ဒါကြောင့်မို့ ဘာတွေ ဖြစ်လာမယ် ဆိုတာကို လူထုက မသိသလို နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲ အတွက် အချိန်ကာလ အပိုင်းအခြားနဲ့ စီစဉ် ဆောင်ရွက်ရမယ့် ကိစ္စတွေကို မဆောင်ရွက်နိုင် ဖြစ်နေရပါတယ်။

ရွေးကောက်ပွဲကို အများက ခန့်မှန်းထားတဲ့ အတိုင်း စစ်အစိုးရက နိုဝင်ဘာလမှာ ကျင်းပမယ် ဆိုရင် မဲဆွယ် စည်းရုံးဖို့ အချိန် လုံလုံ လောက်လောက် ရှိတော့မှာ မဟုတ်ဘူးလို့ နိုင်ငံရေး ပါတီ တချို့က စိုးရိမ်နေကြပါတယ်။

“ရွေးကောက်ပွဲ နိုဝင်ဘာမှာ ကျင်းပမယ် ဆိုရင် ကျမတို့မှာ မဲဆွယ်ဖို့ အများဆုံး တလလောက်ပဲ အချိန်ရမယ် ထင်တယ်” လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီးဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောပြပါတယ်။

ကော်မရှင် အဖွဲ့ခွဲတွေ ဖွဲ့တာ၊ ကော်မရှင်အဖွဲ့ဝင်တွေ ခန့်တာ၊ နိုင်ငံတဝန်း မဲရုံမှူးတွေ ခန့်အပ်တာ စတဲ့ တာဝန်တွေကို မဆိုထားနဲ့ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်မှာတောင် ကော်မရှင်ရဲ့ လွတ်လပ်မှုနဲ့ သမာသမတ်ကျမှု အတိုင်းအတာကို သုံးသပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေက ဆိုပါတယ်။ လွတ်လပ်မှုနဲ့ သမာသမတ်ကျမှု  ဆိုတာဟာ နိုင်ငံတကာက လက်ခံထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုင်ရာ အဓိက စံချိန်စံညွှန်းတွေပဲ ဖြစ်ပါတယ်။

အခုတော့ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာ၊ ခရိုင်နဲ့ မြို့နယ် ကော်မရှင်ခွဲတွေ ဖွဲ့စည်းတာ၊ ဝန်ထမ်းတွေကို လေ့ကျင့်တာတွေနဲ့ အလုပ် များနေတယ်လို့ သိရပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ငံရေးပါတီတွေ မဲဆွယ်ဖို့ အချိန် ၃ လ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်တော့ အဲ့ဒီလို ရမှာ မဟုတ်တော့ပါဘူး။ စစ်အစိုးရက သူတို့ရဲ့ မဟာဗျူဟာ အတိုင်း ဒီမိုကရေစီပါတီတွေရဲ့ လှုပ်ရှားမှုကို ကန့်သတ် လျှော့ချမှာ ဖြစ်ပြီး USDP ကိုတော့ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေတွေကို အလွဲသုံးစားလုပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာလည်း မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တာ၊ လိမ်လည် လှည့်ဖျားတာနဲ့ မဲလိမ်တာတွေ ထပ်ဖြစ်လာပါဦးမယ်။

စစ်အစိုးရကတော့ လာမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ လွှတ်တော် ၃ ခု စလုံးမှာ USDP က တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ပွဲ ခံလိမ့်မယ်လို့ သေချာပေါက် တွက်ထားလောက်ပါပြီ။

ထက်အောင် ရေးသားသည့် Stumbling Toward the Election ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်