အဖြေရှိပြီးသား ကစားပွဲ

Thursday, 15 July 2010 18:47 သူ့အတွေး သူ့အမြင်
Print
မြန်မာနိုင်ငံသား တွေက လောင်းကစားကို ခုံမင်တတ် ကြပါတယ်။ လောင်းကစား ဆိုတာကလည်း နိုင်ရင်ပျော် ရှုံးရင်မွဲ ဆိုပေမယ့် အနည်းဆုံးတော့ စိတ်အပန်း ဖြေစရာ ဖြစ်စေတာကိုး။ ဒါပေမယ့် ပြည်သူတွေ အတွက် စိတ်မသက် မသာ ဖြစ်ရတဲ့ ကစားပွဲ တခုလည်း မြန်မာပြည်မှာ ရှိနေပါသေးတယ်။ အဲဒီ ကစားပွဲမှာ စစ်အစိုးရကသာ အနိုင်ရမှာ ဖြစ်သလို ပွဲပြီးသွားရင်လည်း တိုင်းပြည်မှာ ရှိပြီးသား လူမှုရေးပြဿနာအများစု မလွဲမသွေ ဆက်ဖြစ်နေမှာပါ။ ဒါက လာမယ့် ရွေေးကာက်ပွဲပဲ ဖြစ်ပါတယ်။

မြန်မာပြည်ကို “ရွှေနိုင်ငံ” လို့ ကိုယ့်နိုင်ငံကိုယ် ခေါ်ကြပါတယ်။ တိုင်းပြည်ရဲ့ သဘာဝဓတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်စိမ်း နဲ့ တခြား သဘာဝအရင်းအမြစ်တွေကို ရောင်းစားပြီး ချမ်းသာနေကြတဲ့ အုပ်ချုပ်သူ လူတန်းစား စစ်ဗိုလ်ချုပ်ကြီးတွေ အတွက်တော့ မှန်နိုင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စီးပွားရေးကို ကသောင်းကနင်း စီမံခန့်ခွဲနေတာမို့ လူ့အဖွဲ့ အစည်း ရဲ့ အောက်ခြေလွှာ လူထုအဖို့ကတော့ တနေ့ ၀မ်းစာအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေနေကြရတာပါ။ ဒီလို နိစ္စဒူဝ ဆင်းရဲဒုက္ခကနေ လွတ်မြောက်ဖို့ စွဲစွဲမြဲမြဲ လုပ်ကြတာ တခုကတော့ လောင်းကစားပဲ။

နိုင်ငံတော်က ဖွင့်လှစ်တဲ့ အောင်ဘာလေ ထီအပြင် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ကစားနေကြတဲ့ တရားမ၀င် လောင်းကစားနည်း အဓိက ၃ မျိုး ရှိပါတယ်။ ထိုင်းနိုင်ငံ စတော့ဈေးကွက်ညွှန်းကိန်းရဲ့ နောက်ဆုံးနှစ်လုံးကို ယူပြီး ပေါက်ဂဏန်းတွက်တဲ့ ၂ လုံးထီ၊ ထိုင်းနိုင်ငံတော် ထီရဲ့ နောက်ဆုံး ၃ လုံးကိုယူတဲ့ ချဲထီနဲ့ ဘောလုံးပွဲ လောင်းတာတွေ ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ လုံးထီကစားနည်း တမျိုးတည်းအတွက် ငွေကြေးလှည့်ပတ်နေမှုက တနေ့ကို ကျပ်ငွေ ၅ ဘီလီယံက နေ ၁၀ ဘီလီယံအထိ (အမေရိကန်ဒေါ်လာ ၅ သန်း မှ ၁၀ သန်း) ရှိနိုင်တယ်လို့ ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင် တဦးက တွက်ပြခဲ့ပါတယ်။

မကြာသေးခင်က ပြီးသွားတဲ့ ကမ္ဘာ့ဖလားပွဲတုန်းကဆိုရင် လောင်းကစားသမား အကုန်လုံးက ဘောလုံးပွဲတွေပေါ်မှာပဲ အာရုံရောက်နေကြတာပါ။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက်စာရင် အားကစားနဲ့ ပတ်သက်ပြီး လောင်းကစား လုပ်တာတွေကို ပိုအရသာ တွေ့ကြတဲ့ပုံ ပေါက်ပါတယ်။ ဘောလုံးပွဲလောင်းတာဟာ တရားမ၀င် ဖြစ်ပေမယ့် လူတွေ လွတ်လွတ်လပ်လပ် လောင်းနိုင်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ လောင်းကစားလုပ်သူဟာ ထောင်ဒဏ် ၃ လကနေ ၂ နှစ်အထိ ကျခံရနိုင်ပေမယ့် ရဲနဲ့ အာဏာပိုင်အရာရှိအများစုကို လောင်းကစားဒိုင်တွေက လာဘ်ထိုးပြီး ထိန်းထားနိုင်တာမို့ ဘာလင်အခြေစိုက် Transparency International က ၂၀၀၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာ့ တတိယ အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ မြန်မာပြည်မှာ လောင်းကစားကို နေရာမရှောင် တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေ လွယ်လင့်တကူ လောင်းကစားလုပ်နိုင်တာမို့ တခြားနိုင်ငံက လူတွေကပါ စိတ်ဝင်စား လာကြပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ တရုတ်နဲ့ ထိုင်း လောင်းကစားဒိုင်တွေဟာ မြန်မာနိုင်ငံထဲမှာ တရားမ၀င် လောင်းကစား ကွန်ရက်တွေ တည်ဆောက်ဖို့ နယ်စပ်မြို့တွေမှာ သူတို့ရဲ့ လောင်းကစားလုပ်ငန်းတွေ ထူထောင်ခဲ့ကြ တယ်လို့ သိရပါတယ်။

မြန်မာ့ လူ့ငမွဲတွေအဖို့ လောင်းကစားလုပ်ရင် တာလပတ်အမိုးနဲ့ ၀ါးတဲကလွဲလို့ တခြား ဆုံးရှုံးစရာမရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရားမ၀င်လောင်းကစားလုပ်ငန်းတွေ ရနေတဲ့ အကျိုးအမြတ်က အကြွေး လည်ပင်းခိုက်နေတဲ့ လူဆင်းရဲတွေအပါအ၀င် မကစားရရင် မနေနိုင်တဲ့ လောင်းကစားသမားတွေဆီကနေ ရနေတာပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာ လောင်းကစားကြောင့် ဖြစ်လာတဲ့ မမြင်နိုင်တဲ့ လူမှု ဘေးထွက်ဆိုးကျိုးတွေကလည်း မရေတွက်နိုင်အောင်ပါပဲ။

လောင်းကစားလုပ်တာဟာ အရက်နဲ့ မူးယစ်ဆေးလိုပဲ လူကို စွဲလမ်းစေတယ်။ ပြီးတော့ အကျင့်သီလ ပျက်စီးစေတယ် ဆိုတဲ့ သက်သေအထောက်အထားတွေ အခိုင်အလုံရှိပါတယ်။ အဆုံးမှာတော့ ရာဇ၀တ်မှုတွေ များလာတာ၊ အလုပ် လုပ်ချိန် မရှိတော့တာ၊ ဒေ၀ါလီခံရတာ၊ အိမ်တွင်းအကြမ်းဖက်တာ၊ ကလေးတွေကို နှိပ်စက်တာ၊ မိသားစုဝင်တွေကို ငွေကြေးအခက်အခဲဖြစ်စေတာ စတဲ့ လူမှု အသိုက်အ၀န်းအတွက် ဘေးထွက်ဆိုးကျိုးတွေဟာ စိတ်အချဉ်ပေါက်နေတဲ့ လောင်းကစားသမားတွေကနေ တဆင့် ဖြစ်ပေါ်လာနိုင်ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂရုံးရဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ IRIN (Integrated Regional Information Networks) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လောင်းကစားကြွေး ပေးချေရာမှာ မြန်မာကလေးငယ်တွေပါ ပါဝင်နေတယ်လို့ သိရပါ တယ်။ မိဘတွေက လောင်းကစားဒိုင်ရဲ့ အကြွေးကို ပြန်ဆပ်ဖို့အတွက် သူတို့ကလေးတွေကို ကျောင်းထုတ်ပြီး အလုပ် လုပ်ခိုင်းလေ့ရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ငွေမည်းတွေ တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေတာဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အလွှာတိုင်းမှာ ရှိနေတာမို့ လက်ရှိအခြေအနေမှာ တရားမ၀င် လောင်းကစား စီးပွားရေးလုပ်ငန်းကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီလိုပဲ လူထု ပညာပေးလှုပ်ရှားမှုတွေ ကလေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ ဒါမှမဟုတ် အသေးစား ငွေချေးလုပ်ငန်း စတဲ့ လူမှုဘ၀ လုံခြုံရေးအစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ အိပ်မက်တောင် မမက်နိုင်သေးတဲ့ အခြေအနေပါ။

ဒါတွေကြောင့်လည်း လက်ရှိမြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ တရားမ၀င် စစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကနေ တက်လာမယ့် အားကောင်းမောင်းသန် နိုင်ငံရေး ဦးဆောင်မှုအသစ်နဲ့ အစားထိုးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဆိုးတာကတော့ စစ်အစိုးရကလုပ်မယ့် ရွေးကောက်ပွဲက အန္တရာယ်အများဆုံး လောင်းကြေးကို ထပ်ရမယ့် အညစ်ပတ်ဆုံး ကစားပွဲဖြစ်နေတာပါပဲ။

ဝက်ဘ်စတာရဲ့ New World အဘိဓာန်မှာ “Gambling” ကို လောင်းကစားဆိုတာ ငွေကြေးအတွက် ဒါမှမဟုတ် တခြားအခွင့်အလမ်းတခုအတွက် ကြေးထပ်ခြင်း ဒါမှမဟုတ် တစုံတရာ အကျိုးအမြတ်အတွက် စွန့်စားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ “တရားမျှတတဲ့ ကစားပွဲ” ဆိုတာကတော့ အနိမ့်ဆုံးအဆင့် သရေကျနိုင်တဲ့ အနေအထား ရှိနေခြင်းပါပဲ။

ဒါပေမယ့် အတိုက်အခံ အလေးမသာပေမယ့်လည်း နိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်တဲ့နေရာက ဖြည်းဖြည်းချင်း စလုပ်နိုင်တယ်။ ရှေ့မှာ ကိုယ့်အတွက် ကစားကွင်း ပိုကျယ်လာတော့မှ နိုင်ငံရေးလမ်းကြောင်းကို ဦးတည်ရမယ်လို့ တချို့က စောဒက တက်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဆီကို ချက်ချင်းသွားဖို့ မမျှော်လင့်သင့်သေးဘူးလို့ သူတို့က မြင်ကြပါတယ်။

ဒါကြောင့်လည်း အတိုက်အခံတွေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ မဲဆန္ဒရှင်တွေအနေနဲ့ စစ်အစိုးရဲ့ လမ်းပြမြေပုံနဲ့ ရွေးကောက်ပွဲကို မကျေမနပ်ဖြစ်နေမယ့်အစား အနာဂတ်မှာ လောင်းကြေးကြီးကြီး ရနိုင်မယ့် မျှော်လင့်ချက်နဲ့ ယခုလက်ရှိ စစ်အစိုးရပေးသမျှကို လက်ခံပြီး ဒီကစားပွဲမှာ ၀င်ကစားသင့်တယ်လို့ သူတို့တွေက ပြောနေကြတာပါ။
ဒါပေမယ့် စစ်အစိုးရရဲ့ ကစားပွဲ စည်းကမ်းအရဆိုရင်တော့ လောင်းကြေးကြီးကြီးဆိုတာ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးလို့ အဖြေထွက်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ စည်းမျဉ်းစည်းကမ်းတွေ မပြောင်းလဲသရွေ့ ဒီမိုကရေစီရေး မျှော်လင့်ချက်လုံးဝမရှိတဲ့ စစ်အစိုးရရဲ့ ကလိန်စေ့ငြမ်းဆင် နိုင်ငံရေးကစားဝိုင်းမှာ အတိုက်အခံနိုင်ငံရေးသမားတွေ့ရဲ့ စွမ်းအားတွေ၊ အရင်းအမြစ်တွေ၊ ဂုဏ်သိက္ခာတွေအပြင် အသက်တွေကိုပါ စွန့်သွားရနိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီကစားပွဲဟာ ဘယ်လို တရားမျှတနိုင်မှာလဲ။

House Odds Stacked in Favor of the Junta by Yeni ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။