ခမောက် နိုင်ငံရေး

မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြသူတွေ စစ်အစိုးရ သဘောကျအောင် လုပ်နေကြပြန်ပါပြီ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မကြာသေးခင်က တည်ထောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကြားမှာ ခမောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြလေရဲ့။

ဒီ ၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ လအနည်းငယ်အထိ NLD ဌာနချုပ်မှာ အတူရှိနေခဲ့ကြတာပါ။ သူတို့တွေ ဒီမိုကရေစီ အတွက် အတူ လှုပ်ရှားခဲ့ကြတယ်။ သူတို့ထဲက ထင်ရှားသူတွေ စစ်အစိုးရရဲ့ ထောင်သွင်းအကျဉ်းချမှုကို ခါးခါးသီးသီး ခံခဲ့ကြရတယ်။ သူတို့ဟာ ဒီမိုကရေစီတံခွန် စိုက်ခဲ့ကြသူတွေ ဖြစ်တယ်။

ခမောက်လို့ ပြောလိုက်ရင် ခမောက်ဆောင်းပြီး ပြုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြေးမြင်ကြမှာပါ။ ဒေါ်စုနဲ့ ခမောက်၊ ခမောက်နဲ့ NLD ၊ NLD နဲ့ မဲပြားပေါ်က ခမောက်ဘေးမှာ ကြက်ခြေခတ် ခြစ်ခဲ့ကြတဲ့ မဲဆန္ဒရှင်တွေ၊ ဒီပုံရိပ်တွေက မြန်မာ့ သမိုင်းကနေ ဘယ်သောအခါမှ ဖျောက်ဖျက်ပစ်လို့မရတဲ့ အရာတွေ ဖြစ်ပါတယ်။

“ခမောက်ဘေးမှာ ကြက်ခြေခတ်၊ အဲဒါ အောင်ပွဲမှတ်” ဆိုတာ မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ရွေးကောက်ပွဲ ကာလက ကြွေးကြော်သံ ဖြစ်ပါတယ်။ ဒီခမောက် သင်္ကေတနဲ့ပဲ NLD က ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ပွဲခံခဲ့တာ မို့ ခမောက်က သမိုင်းဝင် အမှတ်အသားပါ။ NLD က ခမောက်ကို ပိုင်ပါတယ်။

NDF က ဇွန်လမှာ ခမောက်သင်္ကေတ အမှတ်တံဆိပ်နဲ့ ပါတီကို မှတ်ပုံတင်တယ်။ ခမောက်ဆိုပေမယ့် NLD ခမောက်နဲ့ ချွတ်စွပ်တူတာတော့ မဟုတ်ပါဘူး။

ဒါကို NLD ထိပ်ပိုင်း ခေါင်းဆောင်တွေက NDF ဟာ သူတို့ရဲ့ အမှတ်သင်္ကေတကို “ခိုးယူတယ်” လို့ ပြောပါတယ်။

NLD နဲ့ NDF ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တဦးနဲ့တဦး အပြန်အလှန် ပြောကြတာတွေကို ကြည့်ရအောင်ပါ။

ဦးဉာဏ်ဝင်း (NLD ပြောရေးဆိုခွင့်ရှိသူ) ။    ။ သူတို့ပါတီ အမှတ်သင်္ကေတက ကျနော်တို့ဟာကို တုထားတာ။

ဦးခင်မောင်ဆွေ (NDF ကို ဦးဆောင် တည်ထောင်သူ) ။    ။ ခမောက်က NLD ရဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်သလို NLD အတွက် မူပိုင် လုပ်ထားတာလည်း မဟုတ်ပါဘူး။

ဦးဉာဏ်ဝင်း ။    ။ ခမောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ သင်္ကေတ၊ ဒါကို ယူသုံးတာ၊ ထင်ယောင် ထင်မှား ပြုလုပ်တာဟာ အတုအပ ပြုလုပ်တာပဲ၊ ဥပဒေအရကို ငြိစွန်းတယ် ၊ ဒါ့ကြောင့် တရားဝင် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေ ။    ။ NLD ကို တုပခြင်း မပြုသလို ဂုဏ်ဆောင်ခြင်းလည်း မပြုလုပ်ရပါ။ သီးခြား အမှတ် တံဆိပ်ဖြစ်ပါတယ်။ အခု တံဆိပ်ရဲ့ ခမောက်ပေါ်မှာလည်း ကြယ် ၂ လုံးပါပြီး ၁၉၉၀ ခုနှစ်မှာ အသုံးပြုခဲ့သော ခမောက်တံဆိပ်မှာ ကြယ်မပါပါဘူး။

ဦးအုန်းကြိုင် (NLD ဗဟိုအလုပ်အမှုဆောင်) ။    ။ NDF တံဆိပ်က ကြယ် ၂ လုံးအောက်မှာ ခမောက်ပါတဲ့ တံဆိပ်ပါ။ ဒါပေမယ့် ခမောက်က ခမောက်ပဲလေ။ ပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ခမောက်က အားလုံးအသိအမှတ်ပြုခဲ့ကြတဲ့ NLD ရဲ့ ကိုယ်ပိုင် အမှတ်အသား ဖြစ်ပါတယ်။

ဒေါက်တာ သန်းငြိမ်း (NDF ခေါင်းဆောင်) ။    ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ ခမောက်ကို ပါတီ အမှတ်သင်္ကေတ အဖြစ် ရွေးဖို့ ဦးခင်မောင်ဆွေက အကြံပြုခဲ့တာပါ။

ဦးဉာဏ်ဝင်း ။    ။ NDF ကို ခမောက်တံဆိပ် သုံးခွင့် မပေးဖို့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ရုံးကို စာတင်ထားပါတယ်။

ဒေါက်တာ သန်းငြိမ်း ။    ။ ကျနော်တို့ ကတော့ ကော်မရှင်ဥပဒေအရ တင်ခွင့်ရှိတယ်လို့ ယူဆလို့ တင်တာပဲ ၊ သူတို့က လည်းပဲ သူတို့ ကန့်ကွက်လို့ရတယ် ထင်လို့ ကန့်ကွက်တာပဲလေ ၊ ဒါကို ဆုံးဖြတ်မှာက ကော်မရှင်က ဆုံးဖြတ်ရမှာပါ။

မိတ်ဆွေဟောင်းတွေက အချင်းချင်း တိုက်ပွဲဆင်နေကြပြီး ဘုံရန်သူကတော့ တရားသူကြီးနဲ့ ခုံသမာဓိအဖွဲ့ ဖြစ်နေပါပြီ။

ခမောက်နဲ့ပတ်သက်ပြီး စကားများနေကြပေမယ့် တကယ်က ခမောက်ကိစ္စ မဟုတ်ပါဘူး။ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေးဆိုတဲ့ အပေါ်မှာ ရှုမြင်ပုံနဲ့ ဒီအပေါ်မှာထားတဲ့ နိုင်ငံရေးသဘောထားက ခမောက်ပြဿနာရဲ့ အရင်းခံပါ။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဟာ NLD က ရွေးကောက်ပွဲမ၀င်ဘူး၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူးလို့ မဲခွဲ မဆုံးဖြတ်ခင် ပါတီတွင်းမှာ ဂိုဏ်းဂဏကွဲစေခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

ရွေးကောက်ပွဲ မ၀င်ရေးအုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေက ဖိနှိပ်ချုပ်ချယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရွေးကောက်ပွဲကနေ ဖယ်ထုတ်ထားတာမို့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီနည်းမကျဘူး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရမယ် စတဲ့ သဘောထားတွေကို ကိုင်စွဲကြတယ်။

အခြားတဘက်ကတော့ ရွေးကောက်ပွဲဟာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်မှာမဟုတ်ဘူးဆိုတာကို နားလည်ပေမယ့် ရွေးကောက်ပွဲကို အနာဂတ်လွှတ်တော်မှာ ဒီမိုကရေစီ အခင်းအကျင်း ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတခုအနေနဲ့ မြင်ကြတယ်။ NDF အဖွဲ့ဝင်တွေက အဲဒီလို မြင်တဲ့သူတွေထဲမှာ ပါတယ်။

ရလဒ်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ကွဲတယ်။ တခြား ဒီမိုကရေစီအင်အားစုတွေလည်း ကွဲကြတယ်။ ကြည့်ရတာ အတိုက်အခံအတွက် အဆိုးဆုံး ရန်သူက အတိုက်အခံထဲက သူတို့နဲ့ သဘောထားချင်းမတူတဲ့ အင်အားစုတွေလို ဖြစ်နေတယ်။ စစ်အစိုးရကတော့ အခုလို အတိုက်အခံရဲ့ ရုပ်ပျက်ဆင်းပျက်အဖြစ်ကို အရသာ တွေ့နေတော့မှာပဲ။

ပြည်သူတွေ တကယ်မြင်လိုတာက စစ်အစိုးကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ့် စုစည်းတဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုပါ။

ဒါပေမယ့် ခမောက်ပြဿနာက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အတိုက်အခံအင်အားစုရဲ့ မညီညွတ်မှုကိုပြတဲ့ လက္ခဏာပါပဲ။

A Fight over a Bamboo Hat by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်