နေပြည်တော် မုန်တိုင်း အတိုက်ခံရခြင်း

“ကျုပ်တို့တော့ နောက်ထပ် ဆိုင်ကလုန်း အတိုက်ခံလိုက်ရပြီ” ဆိုတဲ့ စကားက နေပြည်တော်မှာရှိတဲ့ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားဖြစ်ပါတယ်။ မကြာသေးခင်က အစိုးရတာဝန်ရှိသူတွေ ရာထူးအပြောင်းအလဲအပေါ် တင်စား ပြောတဲ့ သဘောဖြစ်ပေမယ့် မြို့တော်အခြေစိုက် ၀န်ကြီးဌာနတွေရဲ့ လူရှင်းတဲ့ ထောင့်တွေမှာတော့ ဒါနဲ့ပတ်သက်ပြီး တိုးတိုးတိတ်တိတ် ဟာသလုပ်နေကြလေရဲ့။ ဒီတချိန် ရာထူးအပြောင်းအလဲက စစ်အစိုးရရဲ့ အသည်းနှလုံးကို လှုပ်ခတ်စေခဲ့တဲ့ ပထမဦးဆုံးအကြိမ်ဖြစ်လေတော့ အဓိက တာဝန်ရှိသူတွေအကြား သူတို့ အနာဂတ်အတွက် မရေမရာ ဖြစ်နေကြပါတယ်။

ဒီတခါ ကျရောက်မယ့် သဘာဝဘေးအန္တရာယ်ကြီးရဲ့ တရားခံကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်ပါပဲ။ လူမြင်ကွင်း ထွက်လေ့မရှိဘဲ တသီးတခြားနေတတ်ပြီး နာမကျန်းဖြစ်နေတဲ့ စစ်အာဏာရှင်ကြီးက ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ  ပုံမှန်အားဖြင့် အကြောက်တရားနဲ့ အယူသည်းမှုတွေကို အခြေခံ တတ်ပါတယ်။

အရေးကြီးတဲ့ နိုင်ငံတော်အထိမ်းအမှတ်ပွဲတွေ စီစဉ်ရာမှာ၊ မူဝါဒတွေ ပြဌာန်းတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးက ဝေဒပညာရှင် တွေ၊ အထက်လမ်းအောက်လမ်း ပညာရှင်တွေကို မကြာခဏခေါ်ယူပြီး အကူအညီတောင်းခံလေ့ ရှိပါတယ်။

ဒီတခါ လည်စင်းပေး ခံရသူတွေထဲမှာ ထိပ်တန်းစစ်တပ်ဗိုလ်ချုပ်ကြီးတွေ တော်တော်များများ ပါခဲ့ပါတယ်။ အထူးသဖြင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ မှူး) တွေ ဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်တို့ပါ။

လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ တပ်မတော်စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ တပ်မတော်စစ်ဆင်ရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်ရှိန် တို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နုတ်ထွက်စာတင်ခိုင်းတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရာထူးကနေ ဖယ်ရှားခံရတဲ့စာရင်းမှာ တခြား ကစထ မှူးတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့တော့ မပါဝင်ခဲ့ပါဘူး။ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေး၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်တို့လည်း ရာထူး အဖြုတ်ခံရတဲ့ဘေးက လွတ်သွားခဲ့တယ်လို့ နေပြည်တော် သတင်းတွေက ဆိုပါတယ်။

တပ်မတော်ထဲမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်ကို လျာထားတယ်လို့လည်း သိရပါတယ်။ အခုချိန်ထိတော့ ရာထူးအပြောင်းအလဲ အသေးစိပ်နဲ့ပတ်သက်လို့ စစ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မြန်မာစစ်အစိုးရဟာ အလွန်တရာ ခန့်မှန်းရခက်တဲ့ အစိုးရပါ။ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာနိုင်ပြီး ကာကွယ်ရေးဦးစီးချုပ် ဒါမှမဟုတ် အနာဂတ်မြန်မာပြည်ရဲ့ သမ္မတ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးထားတဲ့ စစ်အစိုးရ ခေါင်းဆောင် နံပါတ် ၃ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ လက်ရှိရာထူးဖြစ်တဲ့ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေရာမှာ ဆက်ရှိမယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ လည်း ထွက်နေပါတယ်။ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဆိုတဲ့ရာထူးဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ် ဦးစီးမှူးတွေကို ကြီးကြပ်ကွပ်ကဲနိုင်တဲ့ သြဇာအာဏာကြီးတဲ့ ရာထူးဖြစ်ပါတယ်။

ရာထူးအပြောင်းအလဲလုပ်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို အခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရာထူးက အနားပေးလိုက်တဲ့ အရာရှိတွေဟာ ရွေးကောက်ပွဲအလွန် အစိုးရမှာ တာဝန်ယူဖို့ ရွေးချယ်ထားပြီးသား ဖြစ်တဲ့အတွက် တကယ်တမ်းကျတော့ အခုလို ရာထူးက နုတ်ထွက်ပေးလိုက်တာဟာ အဖွဲ့အစည်းအတွင်း အပြောင်းအလဲ လုပ်တာ သက်သက်ပါပဲ ဆိုတာမျိုး ပြောနေတာတွေလည်း ကြားရပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းစိန်လိုပါပဲ အခု ရာထူးက နုတ်ထွက်လိုက်တဲ့ အရာရှိတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို ၀င်ပြီး ပါလီမန်အသစ်မှာ အမတ်နေရာ ၀င်ယူဖို့ ပြင်ဆင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ အစီအစဉ်အတိုင်းပဲ ဖြစ်လာမယ်ဆိုပါစို့၊ ဉာဏ်များတဲ့ ဗိုလ်ချုပ်မှူးကြီးက ကျောက်ခဲတလုံးနဲ့ ငှက်နှစ်ကောင်ကို တပြိုင်တည်းပစ်ချမယ့် ပုံစံပါ။ တချို့ဗိုလ်ချုပ်တွေကို အမတ်နေရာတွေ၊ ၀န်ကြီးနေရာတွေအတွက် မျှော်လင့်ချက် ပေးထားချိန်မှာ သူနဲ့နီးစပ်တဲ့ လူငယ်မျိုးဆက် အရာရှိတွေ ရှေ့ဆက်တက်နိုင်ဖို့ လမ်းကြောင်းအတွက် ရှင်းထုတ်တာလည်း ဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ စစ်တပ်အတွင်းက အယူအဆပြင်းထန်တဲ့ အရာရှိတွေနဲ့ ခပ်ကင်းကင်းနေဖို့ စဉ်းစားတာ ဖြစ်နိုင်တယ်လို့ လူတိုင်းက မှန်းဆနိုင်ပေမယ့် အခုလို ရာထူးအပြောင်းအလဲ လုပ်တာဟာ မြန်မာပြည်ဆိုင်ရာ စစ်ရာဇ၀တ်မှု စုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းဖို့ အမေရိကန်နိုင်ငံက ဦးဆောင်ပြီး တောင်းဆိုလာတဲ့အပေါ် တက်သုတ်ရိုက် လုပ်လိုက်ရတဲ့ တုန့်ပြန်ချက်လို့လည်း တချို့လေ့လာသူတွေက သုံးသပ်ကြတာ တွေ့ရပါတယ်။

အသက်အရွယ်ကြီးမြင့်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လုပ်ရပ်တွေက ပိုပိုပြီး အူကြောင်ကြောင်ဖြစ်လာသလို လက်တွေ့နဲ့လည်း ကင်းကွာလာနေတယ်လို့ စစ်အစိုးရနဲ့ နီးစပ်တဲ့ တချို့ စစ်ရေးလေ့လာ အကဲခတ်သူတွေက ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးတယောက် သူ့အတွက် လုံခြုံရေး၊ သူ့သားသမီးတွေ၊ သူ့မြေးတွေရဲ့ အနာဂတ်အတွက် စိတ်နှလုံးမအေး ဖြစ်နေရတယ်လို့ အဲဒီအကဲခတ်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လ နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ လုပ်ကြံခံရမှုကနေ  သူ သီသီကလေး လွတ်သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကြောက်စိတ်နဲ့ မယုံကြည်စိတ်တွေဟာ လုံးဝ သိသာလာခဲ့ပါတယ်။

ကြောက်လန့်တကြား တက်သုတ်ရိုက် လုပ်ခဲ့ရသည်ဖြစ်စေ၊ ဒါမှမဟုတ် စစ်တုရင်ကစားသလို အကွက်ချ တွက်ချက်ပြီး လုပ်ခဲ့တာ ဖြစ်စေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရာထူးအပြောင်းအလဲ လုပ်ရပ်က အာဏာပိုင်အစိုးရအတွင်း ရုန်းရင်းဆံခတ်တော့ ဖြစ်သွားနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တော်တော်များများက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးက သူယုံကြည်စိတ်အချရဆုံး အရာရှိတွေကို တပ်မတော်နဲ့ စစ်ကောင်စီအတွင်း အဓိက တာဝန်တွေမှာ တစစ ထည့်သွင်းနေပေမယ့်လည်း သူ့အရိုက်အရာကို ခံဖို့အတွက်တော့ အခုအထိ သူ့မှာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ အဲဒီပညာရှင်တွေက ပြောပါတယ်။

စစ်အစိုးရမှာ သူ့ကိုယ်သူ ပြန်ပြီး ကယ်တင်နိုင်မယ့် အသက်ကယ် မဟာဗျူဟာ၊ ဒါမှမဟုတ် ပထမအစီအစဉ် (Plan A) အတိုင်းဖြစ်မလာရင် ပြောင်းလုပ်မယ့် ဒုတိယအစီအစဉ် (Plan B) ရှင်းရှင်းလင်းလင်း ရှိပုံမရပါဘူး။ တကယ်လို့များ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတယောက် မနက်ဖြန် နှလုံးရောဂါနဲ့ ဇီဝိန်ချုပ်သွားခဲ့မယ်ဆိုပါစို့။ အာဏာလုပွဲတွေ၊ အတွင်းပဋိပက္ခတွေနဲ့ စစ်အစိုးရ အသာလေး ပြိုလဲသွားနိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုဝင်တွေအကြား စီးပွားရေးရန်ဘက်တွေ၊ တပ်အာဏာရှိတဲ့ စစ်တပ်ဗိုလ်ချုပ်တွေနဲ့ နိုင်ငံရေးသမားအဖြစ်ပြောင်းသွားတဲ့ အရာရှိတွေအကြား အကျိုးစီးပွားလွန်ဆွဲမှုတွေ၊ အဖွဲ့အစည်းအတွင်း တိုက်ခိုက်မှုတွေက စစ်အစိုးရတည်ငြိမ်မှုကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နိုင်တယ်လို့ စစ်အစိုးရကို လေ့လာနေသူတွေက ဆိုပါတယ်။
မြန်မာပြည်သူပြည်သားတွေက အပြောင်းအလဲလေပြေတခု တိုက်ပါစေလို့ ဆုတောင်းနေချိန်မှာ နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ မုန်တိုင်းဒဏ်ကိုခံနိုင်ဖို့ အားမွေးပြင်ဆင်နေကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒေါသလေပွေ ဘယ်လောက်ပြင်းမယ်ဆိုတာကို ဘယ်သူမှ လောင်းကြေးမထပ်ရဲကြပါဘူး။

အောင်ဇော်၏ Cyclone Than Shwe Hits Naypyidaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်