အဆိုးထဲက အကောင်းကို ရှာဖွေချင်သူများ

သိပ်မကြာခင် လပိုင်းက အပစ်ရပ်အဖွဲ့တွေ၊ တိုင်းရင်းသားဒေသ လူထုအခြေပြု အဖွဲ့ ခေါင်းဆောင်တွေဟာ လာမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ ပါတီတွေ ထောင်ကြပါတယ်။  ဒါကြောင့်ပဲ မေလကုန်လောက်မှာ မှတ်ပုံတင် လျှောက်ခဲ့ကြတဲ့ ပါတီ ၄၂ ခုထဲက သုံးပုံနှစ်ပုံလောက်ဟာ တိုင်းရင်းသား လူမျိုးစု အဝန်းအဝိုင်း ကိုယ်စားပြုနေပါတယ်။  ရွေးကောက်ပွဲက ယုံကြည်ရပါ့မလား ဆိုတာကတော့ တိုင်းရင်းသား ပါတီတွေ လွတ်လွတ် လပ်လပ် မဲဆွယ် စည်းရုံးခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲနေ့မှာ မဲကို မှန်မှန်ကန်ကန် ရေတွက်ပေးပါ့မလား ဆိုတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ကျနော် စကားပြောခဲ့သူတွေကတော့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေဟာ ချို့ယွင်း အားနည်းချက်တွေ ပြည့်နေတယ်၊ ရွေးကောက်ပွဲရလဒ်ဟာ စစ်တပ်က အားကောင်းကောင်းနဲ့ ထိန်းချုပ်ထားမယ့် သမ္မတ စနစ် အစိုးရ တရပ်ပဲ ဖြစ်မယ် ဆိုတာ နားလည်ထားကြသူတွေပါ။  နှစ်ပေါင်း ၆ဝ သက်တမ်း ရှိတဲ့ နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခဟာလည်း လူမျိုးစုတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လူသိရှင်ကြားဖြစ်အောင် နည်းနည်းပဲ လုပ်နိုင်ခဲ့ပုံ၊ စစ်တပ်နဲ့ အပေါင်းအပါတွေကပဲ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ် အများစုကို ထိန်းချုပ်ထားပုံ ဒါတွေကိုလည်း သိကြပါတယ်။  သူတို့ မျှော်လင့်တာက ရွေးကောက်ပွဲ နောက်ပိုင်းမှာ လှုပ်ရှား နိုင်မယ့် နယ်ပယ် အသင့်အတင့် ရလာဖို့ပါပဲ။

၁၉၉ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြည်ညို လေးစားလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် နိုင်ခဲ့ပါတယ်။  NLD ရဲ့ သြဇာ အဲဒီလို ကြီးခဲ့ပေမယ့် တိုင်းရင်းသား လူမျိုးစု ပါတီတွေက ကိုယ်စားလှယ် ၆၅ ယောက်လည်း ရွေးကောက်ခံရပါတယ်။  အဲဒီ ပါတီတွေက စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ (UNA) ဆိုတာကို ဖွဲ့ထားတာပါ။  ဒီအဖွဲ့ဟာ NLD နဲ့ နီးနီး ကပ်ကပ် ရှိခဲ့တာကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြုခံရရေး ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်ကြောင့် ပါပဲ။

NLD က အခု ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားတာပါ။  ဒီလို ဆုံးဖြတ်တာဟာ တိုင်းရင်းသား လူမျိုးစု နယ်မြေတွေမှာ ဒေသခံ ပါတီတွေအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတယ်လို့  လူမျိုးစု နိုင်ငံရေးသမားတွေက မြင်ကြပါတယ်။

ဒီဖြစ်ရပ်ဟာ ၁၉၉၅ မှာ စစ်အစိုးရရဲ့ အမျိုးသားညီလာခံကနေ NLD နုတ်ထွက်သွားတဲ့ အတွက် ညီလာခံမှာ စစ်အစိုးရ မထိန်းချုပ်နိုင်တဲ့ တခုတည်းသော အသံအဖြစ် အပစ်ရပ်အဖွဲ့တွေပဲ ကျန်ရစ်ခဲ့သလို အခြေ အနေမျိုးကို ပြန်ပြီး ထင်ဟပ်ပါတယ်။  ၂ဝဝ၈ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ လိုအင် ဆန္ဒတွေ ပါဝင်အောင် လုပ်ဆောင်ရေးက မအောင်မြင်ပေမယ့် ညီလာခံမှာ အပစ်ရပ် အဖွဲ့တွေ ပါဝင်နိုင်တဲ့ အတွက် တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေ၊ ဆန္ဒတွေကို ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါဟာ ၁၉၆ဝ နောက်ပိုင်း အမျိုးသား နိုင်ငံရေး စင်မြင့်မှာ ပထမဆုံး ရတဲ့ အခွင့်အရေးပါပဲ။

ဒီနှစ် ရွေးကောက်ပွဲမှာတော့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ် အတွက် တိုင်းရင်းသား လူနည်းစု ပါတီ တချို့ ဝင်ပြိုင်ကြပါလိမ့်မယ်။  ဒါပေမယ့် အများစုကတော့ ပြည်နယ် ၁၄ ခု နဲ့ တိုင်း လွှတ်တော်တွေမှာ အနိုင်ရဖို့ အဓိက အလေးထားကြပါလိမ့်မယ်  (ပြည်နယ်နဲ့တိုင်း တို့ကို အခြေခံ ဥပဒေသစ် အရ “ဒေသ” လို့ အမည် ပြောင်းထားပါတယ်)။ သူတို့ မျှော်လင့်တာက အဲဒီ ပြည်နယ် လွှတ်တော်တွေမှာ နေရာ အတော်အတန် ရထားမယ် ဆိုရင် အစိုးရ ချမှတ်ပေးမယ့် အခွန်ငွေ (သဘာဝ သယံဇာတ ထုတ်လုပ်မှု အပါအဝင်)တွေကို ထိန်းချုပ်တဲ့ နေရာမှာ ညီညီမျှမျှ ဖြစ်အောင် လုပ်နိုင်ဖို့၊ ကျောင်းတွေ၊ လူထု အုပ်ချုပ်ရေးနဲ့ တရားရုံး စနစ်တွေမှာ အသုံးပြုတဲ့ ဘာသာစကား မူဝါဒကိစ္စတွေ အခွင့်အရေး ညီမျှ လာစေဖို့ ဖြစ်ပါတယ်။  အစိုးရအာဏာကို ထိန်းညှိရေးအတွက် ဝန်ကြီးတွေ ခန့်ထားရာမှာလည်း မျှမျှတတ လုပ်ဆောင်နိုင်ဖို့လည်း သူတို့က မျှော်လင့်ပါတယ်။

ပါတီ အတော်များများ အထူးသဖြင့် လူမျိုးစုငယ် ကိုယ်စားပြု ပါတီတွေက ရွေးကောက်ပွဲဟာ သူတို့ရဲ့ နိုင်ငံရေး အရ အရေးပါမှုကို ပြသနိုင်ရေးအတွက် အခွင့်အလမ်း ဖြစ်တယ်လို့ သဘောထားကြပါတယ်။ သူတို့ရဲ့ လူမျိုးရေး ဖော်ဆောင် သတ်မှတ်မှု ပိုပြီး ခိုင်မာ အားကောင်းလာအောင် လုပ်ချင်ကြတာပါ။ ပုန်ကန်မှု သက်တမ်းရှည်နေတဲ့ ကရင်တိုင်းရင်းသားတွေလို အဝန်းအဝိုင်းနဲ့ ဆက်စပ်မှုရှိတဲ့ ပါတီ တချို့ အဖို့တော့ လက်နက် မကိုင်တဲ့ နိုင်ငံရေးအဖွဲ့ ဖွဲ့တာဟာ နယ်စပ် အခြေစိုက် တော်လှန်ရေးကနေ လွတ်လပ်ရေး ကြေညာလိုက်တဲ့ သဘောပါပဲ။

လောလောဆယ် ပါတီတွေက မှတ်ပုံတင်တဲ့အဆင့် လုပ်နေကြပြီး နောက်ပိုင်းမှာ စည်းရုံးရေး ဆင်းကြတော့မှာပါ။ အဲဒီအခါ လူမျိုးစုမဲတွေ ပြန့်မထွက်သွားရအောင် အကောင်းဆုံး ဘယ်လို လုပ်ကြမယ် ဆိုတာကို သူတို့ အချင်းချင်း စပြီး ဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ တချို့ ပြည်နယ်တွေမှာ ပါတီ တခုတည်းကနေ ဒေသခံတွေကို စုစည်းနိုင်ပုံ ရပါတယ်။  ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP)ကို နိုင်ငံရေး ပါတီ အဖြစ် အစိုးရက မှတ်ပုံတင် ချမပေးသေးတာ အဲဒီအကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ KSPP နဲ့ တခြား အမှီအခိုကင်းတဲ့ ပါတီတွေ ရွေးကောက်ပွဲ မဝင်နိုင်ဘူး ဆိုရင် ရွေးကောက်ပွဲကို ယုံကြည်မှု အကြီးအကျယ် နည်းသွားကြမှာပါ။

တချို့ ဒေသတွေမှာ (ဥပမာ ကရင် အသိုင်းအဝန်းမှာ) ပါတီ တခုမက ပေါ်လာပါတယ်။ နိုင်ငံရေး အတွေ့အကြုံ မရှိကြတဲ့ ခေါင်းဆောင်တွေ ကြားမှာ အကောင်းဆုံး လက်တွဲကြရေး သဘောတူညီမှု ရ၊ မရ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဒီခေါင်းဆောင်တွေက ဆက်ဆံရေး ပြေပြစ် ချေမွေ့တာကို သဘော တွေ့သူတွေ မဟုတ်ပါဘူး။

ဒေသဆိုင်ရာ အခြေအနေတွေပေါ် မူတည်ပြီး တချို့ ဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ မဲတွေ ပြန့်ကွဲ မသွားရအောင် ပါတီ ကိုယ်စားလှယ် အချင်းချင်း အပြန်အလှန် ကူညီရေး သဘောတူပြီး အောင်နိုင်ရေး အတွက် ညွန့်ပေါင်း ဖွဲ့ကြပါလိမ့်မယ်။

ပါတီမှတ်ပုံတင်တာတွေကို လက်ခံလိုက်ပြီ ဆိုတာနဲ့ (ဒါမှမဟုတ် တရားဝင် ပယ်လိုက်ပြီ ဆိုတာနဲ့) ၁၉၉ဝ တုန်းက လိုမျိုး မဟာမိတ် ဖွဲ့တာတွေ ပိုပြီး ပေါ်ထွက်လာနိုင်ပါတယ်။ တချို့ တိုင်းရင်းသား နိုင်ငံရေး သမားတွေက စစ်အစိုးရဘက်တော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖို့ လိုအပ်မယ် ဆိုတာ သိနေကြပါတယ်။
စစ်အစိုးရ ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီကို ကိုယ်စားပြု ရပ်တည်ဖို့ ဆုံးဖြတ်ထားကြတဲ့ ကရင်၊ ကချင် ဒါမှမဟုတ် မွန်ဒေသခံတွေနဲ့ပါ။

ကျနော် စကားပြောခဲ့တဲ့ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမယ်လို့ ယူဆကြတယ်။ သူတို့ ပါတီတွေ ကောင်းကောင်း ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြပုံပါပဲ။ အစိုးရ ထောက်ခံတဲ့ပါတီတွေက နိုင်ငံရေးအရရော၊ ရံပုံငွေနဲ့ ပတ်သက်ပြီးတော့ရော အခွင့်ထူးတွေ ရနေတယ် ဆိုတာကတော့ ရှင်းပါတယ်။  သူတို့က အစိုးရ ထိန်းချုပ်တဲ့ သတင်းစာတွေ၊ တခြား မီဒီယာတွေကို အသုံးချခွင့် ရှိနေတာပါ။

၁၉၉ဝ ရွေးကောက်ပွဲမှာ မဲတွေကို မျှမျှ တတ ရေတွက်ခဲ့ပါတယ်။ စစ်အစိုးရက အဲဒီလို ရလဒ်မျိုး ရွေးကောက်ပွဲမှာ နောက်ထပ် မဖြစ်ရအောင် ရှင်းရှင်း လင်းလင်း ပိုင်းဖြတ်ထားပုံပါပဲ။ ဒီနှစ် ရွေးကောက်ပွဲမှာ သူတို့ ကလိမ်ကျမယ် မကျဘူး ဆိုတာကို စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။

ဒီလို မရေရာတာတွေ ရှိနေတဲ့ အတွက် တိုင်းရင်းသား လူနည်းစု ပါတီဝင်တွေဟာ  ကိုယ်စားလှယ်တွေ အဖြစ် ပါဝင် အရွေးခံရင် သူတို့ဟာ သူတို့ အသိုင်းအဝန်းမှာ ရပ်တည်ရေး ခက်ခဲလာရုံမက အန္တရာယ်လည်း အတော် ကြီးနေပါတယ်။ အဲဒါကြောင့်ပဲ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကိုယ်စားပြု ဆောင်ရွက်ခွင့်ပြုတဲ့ ရွေးကောက်ပွဲလို့ သဘောထားကြတာပါ။ အကြောင်းကတော့ အရည်အချင်း ရှိတဲ့သူ အများစုဟာ သူတို့ကိုယ်တိုင် ဝင်အရွေးခံဖို့ စိတ်မပါလှဘဲ တခြားသူတွေကို စုစည်းဖို့ ကြိုးစားနေတာကြောင့်ပါပဲ။

အစိုးရနဲ့ မပတ်သက်တဲ့ ပါတီတွေကတော့ ရွေးကောက်ပွဲဝင်ဖို့ လုပ်နေချိန်မှာ အကန့်အသတ် အတော်များများနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့ပါတီတွေမှာ ပညာတတ် ခေါင်းဆောင်တွေ ရှိကြပေမယ့် တချို့မှာတော့ အတွေ့အကြုံ နည်းပါးတဲ့ ပါတီဝင်တွေပဲ ရှိကြတာပါ။ ဥပမာအားဖြင့် ကရင် ပါတီ တခု ဆိုရင်  ဗုဒ္ဓဘာသာ လွှမ်းမိုးတဲ့ ပိုးကရင်နဲ့ ခရစ်ယာန် အများစု ဖြစ်တဲ့ စကောကရင် အသိုင်းအဝန်း နှစ်ခုစလုံး ရှိနေပေမယ့် သူတို့မှာ တတ်သိပညာရှင်တွေ၊ အားကိုးရတဲ့ ဒေသခံ ကိုယ်စားလှယ်တွေ မရှိပါဘူး။

တိုင်းရင်းသား လူနည်းစု ပါတီတွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တခုကတော့ ရံပုံငွေ မရှိတာပါပဲ။ ပါတီ ကိုယ်စားလှယ်တွေကို မှတ်ပုံတင်ဖို့၊ မဲဆွယ် စည်းရုံးဖို့ ငွေ လိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲက တရားမျှတမယ်ဆိုရင် မဲ အလုံအလောက် ရမယ်လို့ သူတို့ ယုံကြည်နေကြပါတယ်။ သူတို့က မဲဆွယ်တဲ့နေရာမှာ ငွေသိပ်မကုန်ဖို့ကိုပဲ မျှော်လင့်ထားကြတာပါ။

ရွေးကောက်ပွဲပြီးပြီးချင်းတော့ ဒီရွေးကောက်ပွဲက မြန်မာပြည်အပေါ် ဘယ်လို သက်ရောက်မှု ရှိတယ် ဆိုတာ အဆုံးအဖြတ် ပေးနိုင်မှာ မဟုတ်ပါဘူး။  ရွေးကောက်ပွဲကြောင့် အရေးပါတဲ့ အပြောင်းအလဲ ဖြစ်သလား မဖြစ်ဘူးလား ဆိုတာ အကဲဖြတ်မှု မလုပ်ခင် ကျနော်တို့ တနှစ်ကျော်ကျော် စောင့်ဖို့ လိုပါလိမ့်မယ်။ ခုအချိန်မှာတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အပြစ်ပြောဖို့ ချို့ယွင်းချက်တွေကို ထောက်ပြဖို့ ကြိုးစားနေကြသူတွေအဖို့ အထောက် အထားတွေ အများကြီး ရှိနေမှာပါ။ ဒါပေမယ်လို့ ဝေဖန် ပြစ်တင်သူတွေမှာလည်း  တခြား ရွေးချယ်စရာ နည်းလမ်းကောင်းတွေ ရှိမနေပါဘူး။

ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေကြသူ အတော်များများဟာ မြန်မာပြည် အခြေအနေ အကောင်းဘက်ကို ပြောင်းလဲအောင် လုပ်နေကြသူတွေ ဖြစ်တယ် ဆိုတာကိုတော့ အသိအမှတ် ပြုသင့်တာပေါ့။ သူတို့က ရွေးကောက်ပွဲကို ရှိသင့် ရှိအပ်တဲ့ မကောင်းဆိုးဝါး လို့ သဘောထားနေကြသူတွေ ဖြစ်ပါတယ်။

(Asley South ရေးသားသည့် Making the Best of a Bad Election ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။  စာရေးဆရာ Asley South သည် မြန်မာနှင့် အရှေ့တောင်အာရှဒေသတွင်းရှိ လူသားချင်း စာနာမှုဆိုင်ရာ နှင့် နိုင်ငံရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်။ )
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်