အမှောင်ထဲက ရွေးကောက်ပွဲ

Thursday, 04 November 2010 19:03 သူ့အတွေး သူ့အမြင်
Print
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကနေ အနာဂတ် နိုင်ငံရေး အပြောင်းအလဲကို သယ်ဆောင် လာလိမ့်မယ်လို့ ပြောလာခဲ့ရင် အိန္ဒိယနိုင်ငံသား နိုဗဲလ်ဆုရ စီးပွားရေးပညာရှင် အမတြာဆင်းရဲ့ စကားကို ကိုးကားပြီး ချက်ချင်းတုံ့ပြန်လိုပါ တယ်။

“အတုအယောင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက် နီးကပ်လာတာနဲ့အမျှ ကြုံလာရမယ့် ရွေးကောက်ပွဲလိမ်ညာမှု သဘော သဘာဝ တွေကို ကမ္ဘာနဲ့အ၀န်း လူသိရှင်ကြား ဆွေးနွေးကြတာထက် တခြားအရေးကြီးတာ ဒီအချိန်မှာ မရှိပါဘူး။ ရွေးကောက်ပွဲအပြီးမှာ အခြေအနေတွေ ပြောင်းလဲလာနိုင်မလားဆိုတဲ့ အလားအလာမရှိတဲ့ မျှော်လင့်ချက်ဟာ အခုလက်ရှိ မြန်မာပြည်မှာ  ဖြစ်နေတာတွေအပေါ် မှန်ကန်တဲ့သုံးသပ်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်”လို့ ဒေါက်တာ အမတြာဆင်းက မှတ်ချက်ပေးပါတယ်။

“အရပ်ဘက်အုပ်ချုပ်ရေးဆီသို့ တကျော့ပြန်မည်လော။ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလားအလာများ” အမည်ရှိ ဆွေးနွေးပွဲမှာ ဒေါက်တာ အမတြာဆင်းက အဲဒီလိုပြောခဲ့တာပါ။ အဲဒီ ဆွေးနွေးပွဲကို လူ့ အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)နဲ့ ဂျွန်ဟော့ပ်ကင်း ပေါလ်နစ်ဇ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးကျောင်းတို့က ပူးတွဲကျင်းပခဲ့တာပါ။

ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်အစိုးရနဲ့ လက်ဝေခံပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)တို့ ကျူးလွန်မယ့် ရွေးကောက်ပွဲ မသမာမှုတွေ အလွန်ကိုများလိမ့်မယ်လို့ လေ့လာသူအများအပြားက တင်ကြို ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အခုလက်ရှိ ရွေးကောက်ပွဲကျင်းပခါနီး အခြေအနေတွေကလည်း ဒေါက်တာ အမတြာဆင်းရဲ့အဖိုးထိုက်တန်တဲ့ ကောက်ချက် မှန်ကန်တယ်ဆိုတာ ပြသနေပါတယ်။

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ အင်တာနက်ဆက်သွယ်မှု နှေးကွေးနေတာ၊ တခါတရံ လုံးဝဆက်သွယ်မရ ဖြစ်နေတာ တွေကြောင့် သတင်းပို့ဆောင်မှုမှာ အခက်အခဲဖြစ်နေရတယ်လို့ အရပ်သား သတင်းသမား(Citizen journalist) များက ဆိုပါ
တယ်။

“အင်တာနက် ဆက်သွယ်မှု နှေးကွေးသွားတယ်” ဆိုတာက ရွေးကောက်ပွဲမတိုင်ခင်နဲ့ အလွန်ကာလ သတင်းစီးဆင်းမှုတွေကို ထိန်းချုပ်လိုတဲ့ စစ်အစိုးရရဲ့ မဟာဗျူဟာ တစိတ်တပိုင်းဆိုတာ ရှင်းနေပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ထောင်သောင်းချီတဲ့ ရဟန်းသံဃာတွေ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့စဉ် စစ်အစိုးရ ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးတွေက ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲတာကို ကမ္ဘာက သိသွားပြီးနောက် အင်တာနက်ကို စစ်အစိုးရက ဖြတ်တောက်ပစ်ခဲ့ပါတယ်။

ဒီတကြိမ်မှာလည်း ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့အဓိပ္ပာယ်နဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ အင်တာနက်ကဖေးဆိုင်တွေရဲ့ အင်တာနက်ဆက်သွယ်မှုကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန(MPT) က ထိန်းချုပ်ထားလိုက်ပါပြီ။

အင်တာနက်ကဖေးဆိုင်ဆိုတာက နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်သူ မြန်မာနိုင်ငံသားတွေ G-Talk မှာ စကားပြောတာတို့၊ Facebook လို အွန်လိုင်း လူမှုကွန်ရက်တွေထဲ ၀င်ကြည့်တာတို့၊ ပြင်ပအတိုက်အခံတွေရဲ့ ၀က်ဘ်ဆိုက်၊ ဘလော့ဂ်တို့မှာ အချက်အလက် ရှာကြတာတို့အပြင် စစ်အစိုးရရဲ့ အင်တာနက် ထိန်းချုပ်မှုကို Proxy တွေသုံးပြီး ဘယ်လိုမျိုး ကျော်ကြည့်ရ တယ်စတဲ့ သတင်းအချက်အလက်တွေ မျှဝေကြတဲ့ နေရာဆိုလည်း မမှားပါဘူး။

အဲဒီအတွက်ကြောင့်ပဲ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အင်တာနက်ဆိုင် တော်တော်များများ ပိတ်ထားရတယ်လို့ နေ့စဉ် အင်တာနက် အသုံးပြုသူတွေက ပြောပါတယ်။

အင်တာနက်လုပ်ငန်းနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေရဲ့ အဆိုအရ MPT ကနေ အစိုးရနဲ့ စစ်တပ်ဌာနဆိုင်ရာအားလုံးကို ပေးနေတဲ့ အင်တာနက်က ပုံမှန် သုံးလို့ ရနေတယ်လို့ သိရပါတယ်။ အင်တာနက်ဆိုင် တော်တော်များများကို အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ မြန်မာ တယ်လီပို့(ယခင် ပုဂံ ဆိုက်ဘာတက်)က အခုလောလောဆယ် အင်တာနက်ဆိုင်တွေကိုပဲ သီးသန့်ထား၊ ပစ်မှတ်ထားပြီး ဆက်သွယ်မှုလမ်းကြောင်း ပမာဏကို လျှော့ချပစ်တာလို့ သူတို့က ဆိုပါတယ်။

ရွေးကောက်ပွဲဖြစ်တာနဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေ၊ ဓာတ်ပုံရိုက်နိုင်တဲ့ လက်ကိုင်ဖုန်းတွေကို သုံးပြီး ရွေးကောက်ပွဲကို စောင့် ကြည့်၊ အင်တာနက်ကနေတဆင့် တင်ပြကြမယ့် နည်းပညာကျွမ်းကျင်သူ မျိုးဆက်သစ်ကို ဦးတည်တိုက်တဲ့ စစ်ဆင်ရေးတခု လို့ သတ်မှတ်နိုင်ပါတယ်။

ဒါ့အပြင် အင်တာနက်တွေ နှေးသွားပြီဆိုတဲ့သတင်းက အောက်တိုဘာ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုး တန်းကို အဆင့် ၄ ရှိတဲ့ ဂီရိ ဆိုင်ကလုန်းမုန်တိုင်း ၀င်တိုက်အပြီး စစ်အစိုးရက သတင်းတွေ ပြင်ပမထွက်အောင် ထိန်းချုပ် လိုက်ပြီးနောက်မှ ပေါ်ထွက်လာတာပါ။

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ အဆိုအရ မုန်တိုင်းကြောင့် ပြည်သူပေါင်း ၁၇၅၀၀၀ ကျော် ဒုက္ခရောက်ခဲ့ရပြီး ပြည်သူ ၇၀၇၅၉ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ လမ်း၊ တံတား၊ လျှပ်စစ်မီးနဲ့  သောက်သုံးရေတွေ ပြတ်လပ်မှု အပါအဝင် စာသင်ကျောင်း၊ အစိုးရ အဆောက်အအုံတွေနဲ့ ဒေသတွင်း အခြေခံ အဆောက် အအုံတွေပါ ပျက်စီးခဲ့ပါတယ်။ မြေပြိုမှုကြောင့် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲကုန်ပြီး ဒေသတော်တော်များများမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးတွေ ခက်ခဲကုန်ပါတယ်။

ဒါပေမယ့် စစ်အစိုးရက လူအသေအပျောက်နှုန်းနဲ့ ပျက်စီးမှုပမာဏကို လျှော့ပေါ့ပြောတဲ့အပြင် အင်တာနက် ဆက်သွယ်မှုတွေ ကိုပါနှေးအောင် လုပ်ခဲ့ပါတယ်။ စာပေစိစစ်ရေးကလည်း ပြည်တွင်း မီဒီယာတွေမှာ မုန်တိုင်းသတင်းကို ရွေးကောက်ပွဲ သတင်း ထက်တောင် ပိုပြီး တင်းကျပ်ခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေဖြစ်ကြတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်အပြင် အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို အသိအမှတ်မပြု ငြင်းပယ်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်က နိုဝင်ဘာ ၇ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာမရှိဘူးလို့ ပြောဖို့အချက်တချက် ပိုရစေပါတယ်။

တကယ်တမ်းလည်း ဒီရွေးကောက်ပွဲဟာ သိက္ခာမဲ့ပြီးသားပါ။

ငြိမ်းချမ်းရေး နိုလ်ဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တခြား ဒီမိုကရေစီခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါ အ၀င် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ခန့် အကျဉ်းကျနေဆဲဖြစ်သလို လက်ရှိဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေအပြင် မကြာသေးခင်က စစ်ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီဟာ ပါတီမဲဆွယ်ပွဲအတွက် နိုင်ငံတော်အာဏာနဲ့ ဘဏ္ဍာငွေ တွေကို အလွဲသုံးစားလုပ်နေကြတယ်။ အဲဒီအပြင် ကလိန်ကကျစ်နည်းလမ်းတွေ၊ တရားမ၀င်နည်းလမ်းတွေကို သုံးပြီး အရှက် သိက္ခာမရှိ လုပ်နေကြတယ်ဆိုတာ မဲဆန္ဒရှင်တွေအားလုံးက သိကြပါတယ်။

စစ်အစိုးရရဲ့ ဘောင်းတော်ညိတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုတာလည်း ရှိပါသေးတယ်။ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ကြိုက်သလို ခြယ်လှယ်နိုင်ဖို့အတွက် စိတ်ကြိုက် ရွေးကောက်ပွဲ ရလဒ် ဖြစ်ရေးအတွက် စစ်အစိုးရနဲ့ ကြံ့ဖွံ့ပါတီ ပူးပေါင်းပြီး ထင်ရာစိုင်းနေတာတွေကို ရွေးကောက်ပွဲ ကော်မရှင်က တမင်တကာ မသိကျိုးကျွံ ပြုနေပါတယ်။ မဲမပေးသူများ စာရင်း၊ ကြိုတင်မဲ စာရင်းနဲ့ မဲရေတွက်ခြင်းဆိုင်ရာ လုပ်ငန်းများမှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ ထင်သာမြင်သာမရှိဘူးလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ထောက်ပြထားပြီးဖြစ်ပါတယ်။

အထူးသဖြင့် မဲလိမ်မှုတွေကို ကာကွယ်ဟန့်တားဖို့ မဲဆန္ဒရှင်ဦးရေစာရင်း မှန်မမှန်စစ်ဆေးတဲ့ လုပ်ငန်းစဉ် မရှိခြင်းနဲ့ ပြည်တွင်း စောင့်ကြည့်လေ့လာသူများအပေါ် ကန့်သတ်ချုပ်ချယ်ခြင်းများကိုလည်း အဲဒီအဖွဲ့တွေက ထောက်ပြကြပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့အတွက် နိုင်ငံတကာ သတင်းထောက်တွေ မလိုဘူး၊ လေ့လာသူတွေလည်း မလိုဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒေသခံ သတင်းထောက်တွေ၊ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမန်တွေကို မဲရုံစုစုပေါင်း ၄၆၀၀၀ ရှိတဲ့အနက် ၄၆ ရုံကိုသာ သွားရောက်လည်ပတ်ခွင့် ပြုထားပါတယ်။

အခုလိုမျိုး ဒီမိုကရေစီမကျတဲ့ ဖြစ်ထွန်းမှုတွေအားလုံးက ၂၀၀၈ ခုနှစ်ကို အမှတ်ရစေပါတယ်။ လူပေါင်း ၁ သန်းကျော် ဒုက္ခ ရောက်၊ သိန်းချီ အသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတိုက်အပြီး အခြေခံ ဥပဒေသစ်ကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲအတွက် စစ်အစိုးရက အတင်းအဓမ္မ လုပ်ခဲ့တဲ့ နှစ်တနှစ်ပါ။

ဒါပေမယ့် ဒီကနေ့ ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကထက် ပိုဆိုးပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်း စဉ်ကို နှောင့်ယှက်ရင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ၊ စာပေစိစစ်ရေးကတဆင့် နိုင်ငံရေးပြိုင်ဖက်တွေကို ဖိနှိပ်တာ၊ နိုင်ငံရေးအစည်းအဝေးတွေကို တားမြစ်တာ စသဖြင့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် အကြောက်တရားကို စစ်အစိုးရ စနစ်တကျ ဖန်တီးနေပါတယ်။ ဒါ့အပြင် မဲပေးတာကို စောင့်ကြည့်ဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်(သို့မဟုတ်) တရားရုံးဆိုတာလည်း မရှိပါ။

ချုပ်ရရင် ရွေးကောက်ပွဲကို လူမမြင်သူမမြင် အမှောင်ထဲမှာ ကျင်းပတော့မှာပါ။ ဒါကြောင့် လက်ရှိဖြစ်နေတဲ့ အရာတွေကို ကြည့်ပြီး စိတ်မကောင်းစွာ ကောက်ချက်ချနိုင်တဲ့ အရာတခုကတော့ အကယ်၍များ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ  ဖြစ်လာပြီဆိုရင် အဲဒီအပြောင်းအလဲတွေက အကောင်းဘက်ထက် အဆိုးဘက်ပဲ ဖြစ်လိမ့်မယ် ဆိုတာပါပဲ။

ရဲနည်၏ Dark Election Means a Dark Future ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။