အဆိုးဆုံးရွေးကောက်ပွဲက ဘာကိုမျှော်လင့်လို့ရမလဲ

Friday, 05 November 2010 14:08 သူ့အတွေး သူ့အမြင်
Print
မြန်မာပြည်မှာ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲက ရက်ပိုင်းသာ လိုပါတော့တယ်။

ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “ဒီမိုကရေစီ နည်းမကျတာမို့ ကျင်းပစရာမလိုဘူး” လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းအများစုက ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၃၇ ပါတီကတော့ ဒါဟာ “တခုတည်း သော နိုင်ငံရေးအရ ရွေးချယ်စရာနည်းလမ်း” လို့ ပြောကြပါတယ်။ ပြည်သူအများအပြားကတော့ “ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာမဟုတ်လို့ စိတ်မဝင်စားဘူး” လို့ သိရပါတယ်။

ကျနော်တို့ ဧရာဝတီ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ရှိနေချိန်၊ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော် ထောင်သွင်း အကျဉ်းချခံထားရချိန်နဲ့ တိုင်းရင်းသားပါတီတချို့ကို ယှဉ်ပြိုင်ခွင့်မရအောင် ဖယ်ထုတ်ထားပြီးချိန်မှာ ရွေးကောက်ပွဲကို ကျင်းပတာလို့ မြင်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလို့ ကျနော်တို့မမြင်ပါဘူး။

စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(EC) က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေ ဟာ ဒီမိုကရေစီနဲ့တိုင်းရင်းသားပါတီတွေကို ဖိနှိပ်ထားပြီး စစ်အစိုးရလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ကို မျက်နှာသာပေးထားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ပါတီအားလုံးကို ဥပဒေအရတန်းတူ ကန့်သတ်ပိတ်ပင် ထားတဲ့ အခြေအနေတွေကိုလည်း ကြံ့ဖွံ့ပါတီက ဘာမှမဖြစ်သယောင် မျက်ကွယ်ပြုနေတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကျနော်တို့ မမြင်ပါဘူး။

စစ်အစိုးရက ရွေးကောက်ပွဲကျင်းပတာဟာ မြန်မာပြည်ဒီမိုကရေစီရေးအတွက် မဟုတ်ဘဲ တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေးမှာ ပါလီမန်အစိုးရပုံစံနဲ့ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင်လုပ်ဖို့ အဓိကဆိုတာကိုလည်း ကျနော်တို့ သိပါတယ်။ ၂၀၁၀ ရွေး ကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ဗိုလ်ချုပ်ကြီးတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခဲ့သူတွေပါ။

ဒါကြောင့် ဒီရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲလို့ ကျနော်တို့ မြင်ပါတယ်။

တချိန်တည်းမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) နဲ့ တိုင်းရင်းသား ပါတီတွေ အပါအဝင် ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံ နိုင်ငံရေးပါတီတွေရဲ့ရွေးကောက်ပွဲဝင်လိုတဲ့ အကြောင်းအရင်းကို ကျနော်တို့ နားလည်ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှု ပန်းတိုင်ဆီကို နောက်ဆုံးဦးတည်မယ့် ဖြစ်စဉ်ရဲ့အစပဲလို့ မျှော်လင့်ပြီး ပါလီမန်အမတ်နေရာမှာ နည်းနည်းပဲ ရရ သူတို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်ထားသလောက်ရပါ့မလား သူတို့အတွက် နေရာရော ရှိပါ့ မလား ဆိုတာကို ကျနော်တို့ သံသယရှိပါတယ်။ ပါလီမန်ကို လူနည်းစု အတိုက်အခံတွေနဲ့ အပေးအယူလုပ်မှာ မဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ဘောင်းဘီချွတ် နိုင်ငံရေးသမားတွေကသာ ချုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကနေ တိုင်းပြည်ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်၊ ရွေးကောက်ပွဲဟာ တခုတည်း သော ရွေးချယ်စရာလမ်းဖြစ်တယ်လို့ ရွေးကောက်ပွဲမှာယှဉ်ပြိုင်ကြမယ့် ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ယုံကြည်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကနေ တိုင်းပြည်ရဲ့ ဆယ်စုနှစ်ချီ နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ လိုအပ်တဲ့ စစ်တပ်၊ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအဖွဲ့တွေကြားက ကျယ်ပြန့်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ဦးတည်လိမ့်မယ် လို့ ကျနော်တို့ မယူဆပါဘူး။

တကယ်တမ်းဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတဲ့ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဆန့်ကျင်တာတွေ ဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ စစ်အစိုးရ က ဖိအားပေးတာမို့ စစ်အစိုးရနဲ့ အဲ့ဒီ အင်အားစုတွေကြားမှာ တင်းမာမှုတွေရှိခဲ့တာကို တွေ့ရပါတယ်။

ဥပမာ အနေနဲ့ စစ်အစိုးရနဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ကြားက တင်းမာမှုတွေကို ကြည့်နိုင်ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆိုတာမို့ UWSA ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲ မကျင်းပဖို့ စစ်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင်လည်း စစ်အစိုးရကျောထောက်နောက်ခံ ကချင်ပါတီတခုကိုပဲ EC က နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး ရွေးကောက်ပွဲဝင်ခွင့်ပေးခဲ့တာပါ။ တခြားမှတ်ပုံတင်ထားတဲ့ ကချင်ပါတီ ၃ ခုကိုတော့ EC က ပယ်ချခဲ့တဲ့အပြင် အဲ့ဒီပါတီတွေနဲ့ နီးစပ်သူတွေ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရပိုင် သတင်းစာတစောင်မှာ KIO ကို “သောင်းကျန်းသူ” လို့ မကြာသေးခင်က သုံးစွဲခဲ့ပါသေး တယ်။ အပစ်အခတ် ရပ်စဲထားတဲ့ ၁၆ နှစ်တာ ကာလအတွင်းမှာ KIO ကို အခုလို သုံးစွဲခဲ့တာ ပထမဆုံး အကြိမ်ဖြစ်တာမို့ ဒါဟာ အပစ်အခတ် ရပ်စဲရေးသဘောတူချက် ပျက်တော့မယ်ဆိုတာကို အချက်ပြတာ ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသား နိုင်ငံရေး အဖွဲ့တွေကို ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေကနေ သူတို့ဒေသတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆီကို ဘယ်တော့မှ ဦးတည်စေမှာ မဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်တွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆယ်စုနှစ်ချီ ရပ်တန့်စေခဲ့ တဲ့ စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားက ပဋိပက္ခတွေ ပြန်လည် အရှိန်ရလာနိုင်ပါတယ်။

ဘာပဲဖြစ်နေနေ စစ်အစိုးရကတော့ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့မှာ မဖြစ်ဖြစ်အောင်ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဆိုင်ကလုန်း နာဂစ်ဒဏ်ခံနေရတဲ့ ကာလမှာတောင် ဆန္ဒခံယူပွဲကျင်းပပြီး အတင်းတွန်း အတည်ပြုခဲ့သေးတာ ကိုး။ ဒီတော့ ရွေးကောက်ပွဲကို ကျနော်တို့ ရှောင်ရှားလို့မရနိုင်ပါဘူး။

ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကို အတုအယောင်လို့ မြင်ပေမယ့် ရွေးကောက်ပွဲအပြီး မြန်မာပြည်နိုင်ငံရေးအခြေအနေတစုံတရာ တိုးတက်မှုရှိမရှိကို အောက်ပါ အချက်အလက်တွေနဲ့ အကဲဖြတ်သွားမှာပါ။

၁။ ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီ တွေ (ဥပမာ NDF ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) နဲ့ အခြား စစ်အစိုးရနဲ့ ပတ်သက် ခြင်းမရှိတဲ့ တိုင်းရင်းသားပါတီတွေ) သူတို့ ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မြေတွေမှာ အများစု အနိုင်ရသလား။
၂။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မလား။ (အဲ့ဒီနေ့ဟာ ၁၈ လကြာ နေအိမ်အကျယ်ချုပ်ကနေ သူလွတ်ရ မယ့်နေ့ဖြစ်တယ်)
၃။ နိုင်ငံရေးအကျဉ်းသားအားလုံး (၂၁၀၀ ကျော်) လွတ်မလား။

ဒီနေရာမှာ သူတို့ကိုယ်ကျိုးအတွက် အရာရာကို ကြိုးကိုင်ချယ်လှယ်နိုင်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ စွမ်းရည်ကို လျှော့မတွက်မိဖို့ လိုပါ တယ်။ ကျနော်တို့မှာ သမိုင်းသင်ခန်းစာတွေ ရှိပြီးသားပါ။ တကယ်လို့ အတိုက်အခံအင်အားစုတွေ ပါလီမန်မှာ နေရာရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာခဲ့ရင်တောင် အစိုးရအသစ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေနဲ့ ကြုံရဦးမှာ ပါ။ ဘာ ဖြစ်လို့လဲဆိုတော့ စစ်အစိုးရရဲ့ လက်ရှိဝန်ကြီးတွေနဲ့ စစ်ခေါင်းဆောင်တွေကပဲ ချုပ်ကိုင်သွားမယ်လို့ အများစုက ယူဆထားကြတဲ့ အစိုးရသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကအစ အလိုရှိသလို သုံးနိုင်တဲ့ နည်းလမ်းပေါင်းစုံကိုသုံးပြီး သူတို့ မပြောနိုင် မလှုပ်ရှားနိုင်
အောင် ကန့်သတ်ချုပ်ချယ်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။

“မြန်မာပြည်က ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ်စောင့်ကြည့်သွားမှာပါ၊ အစိုးရအသစ်အနေနဲ့ အရင်နဲ့မတူတဲ့ နည်းနာအသစ်ကို ကိုင်စွဲသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရှိသူ ပီ ဂျေ ခရော် လေ က မကြားသေးခင်ကပဲ ပြောသွားတာရှိပါတယ်။ ကျနော်တို့ကတော့ ဒီ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာမိသားစုအနေနဲ့ စစ်အစိုးရရဲ့ ထောင်ချောက်ထဲ ကျသွားမှာကို စိုးရိမ်မိပါတယ်။

ခရော်လေရဲ့“အရင်နဲ့ မတူတဲ့နည်းနာ” ဆိုတဲ့နေရာမှာ ပါလီမန်ထဲမှာ အတိုက်အခံက ပြောချင်တာကို ပြောခွင့်ရှိတာနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်တာတွေ ပါကို ပါရပါလိမ့်မယ်။ နိုင်ငံတကာမိသားစုအနေနဲ့ ဒီအရာတွေ မဖြစ်သေးခင် မြန်မာအစိုးရအသစ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမယ်ဆိုရင်တော့ ဒါဟာ ပြည်တွင်းက ၅၅ သန်းသော မြန်မာပြည်သူတွေကို သစ္စာဖောက်တာသာ ဖြစ်ပါလိမ့်မယ်။

Expecting the Worst, Hoping for Something by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆိုသည်။