ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် အမျိုးသားပြန်လည် သင့်မြတ်ရေး

Saturday, 11 December 2010 15:57 သူ့အတွေး သူ့အမြင်
Print
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို လူအများ အပြားက လက်မှတ်ထိုး ထောက်ခံသလို နှုတ်အားဖြင့် ထောက်ခံကြသူတွေ မီဒီယာ တွေကတဆင့် ထောက်ခံကြတဲ့ အဖွဲ့အစည်း တွေလည်း မနည်း မနောပါပဲ။ ဒါ့အပြင် သတိကြီးကြီးထားပြီး သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ကြဖို့ အကြံပေးကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ပုဂ္ဂိုလ်တွေကတော့ ဒါဟာ အန္တရာယ်ရှိတယ်၊ ရှေ့တန်း မတင်သင့်ဘူးဆိုပြီး ပြောတာတွေလည်း ကြားရပါတယ်။

စာရေးသူအမြင် ပြောရမယ်ဆိုရင် ဒီကိစ္စဟာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေအရ အလွန် အရေးကြီးပြီးတော့ အမြန်ဆုံး လုပ်ဆောင်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ  အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်လာခဲ့ပေမယ့် တိုင်းရင်းသားလူမျိုးများနဲ့ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ်  ပြည်တွင်းစစ်ဟာ လုံးဝချုပ် ငြိမ်းသွားခြင်း မရှိသေးပါဘူး။

လောလောလတ်လတ် အခြေအနေမှာ  ငြိမ်းချမ်းရေး ရယူထားပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်နေတာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA), “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA), ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S)  တပ်မဟာ (၇)၊ မွန်ပြည်သစ်ပါတီ အစရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့  နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ရှိလာနေတာတွေဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အဓိကပြဿနာလည်း ဖြစ်ပါတယ်။ ဒီပြဿနာကို သေသေချာချာ ဂဃနဏ ဆန်းစစ်ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်းတွေ ရှိပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး အကြိုကာလမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့  တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံမှာ ဆွေးနွေးညှိနှိုင်း သဘောတူခဲ့တဲ့ သဘောတူညီချက်တွေ ရှိပါတယ်။ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါင်းမယ်၊ ပြည်နယ်ကိစ္စတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်  ရှိရမယ်ဆိုတဲ့အချက်တွေကို သဘောတူခဲ့ကြတယ်။

ဒီသဘောတူညီချက်တွေကို ပင်လုံသဘောတူညီချက်လို့လည်း ခေါ်ပါတယ်။ ဒါပေမယ့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဒီသဘော တူညီချက်တွေ မှေးမှိန်သွားပြီးတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မယ့် အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားများနဲ့ လူများစုဖြစ်တဲ့ ဗမာများအကြားမှာ မယုံကြည်မှုတွေ၊ မကျေနပ်မှုတွေကနေ  ပဋိပက္ခအသွင်ကို ဆောင်လာခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားများအနေနဲ့ တောင်ကြီးညီလာခံ ခေါ်ယူပြီးတော့ ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ဖက်ဒရယ်မူကို တင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြမှုကို အကြောင်းပြုပြီး ဖက်ဒရယ်မူဟာ ခွဲထွက်ရေးမူဖြစ်တယ်၊ ပြည်ထောင်စု ပြိုကွဲနိုင်တယ်ဆိုပြီး စစ်တပ်က  အာဏာသိမ်းခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး  ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ဘယ်သူမှ မပြောရဲကြတော့ဘူး။ ဖက်ဒရယ် ပြည်ထောင်စုကိုပြောရင် ခွဲထွက်ရေးသမား၊ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်မယ့်လူဆိုပြီး စွပ်စွဲမှာ၊ ဖမ်းဆီးထောင်ချရမှာကို ကြောက်လို့ ဘယ်သူမှ မပြောရဲကြတော့ဘူး။

၈၈ အရေးအခင်းပြီးလို့ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ရတဲ့အခါ တိုင်းရင်းသားပါတီတွေ အတော်များများ ပေါ်လာတဲ့အခါမှာလည်း ဒီဖက်ဒရယ်ဆိုတဲ့စကားကို ရှောင်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊  ပြည်ထောင်စုစစ်စစ် စသည်ဖြင့် သွယ်ဝိုက်တဲ့ စကားတွေနဲ့သာ ရေးသားပြောဆိုကြပါတယ်။ တကယ်တော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် ဆိုတာဟာ အဓိပ္ပာယ်အားဖြင့်  ဖက်ဒရယ် ပြည်ထောင်စုကို ရည်ညွှန်းတာပါပဲ။

ဒီတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ ကြောက်စရာလား၊ ခွဲထွက်ရေးလားဆိုတော့ မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုတာ တကယ်တော့ အင်္ဂလိပ်စကားလုံး တလုံးသာဖြစ်ပြီး အဓိပ္ပာယ်က  “စုပေါင်းဖွဲ့စည်းထားသော” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း  ၁၉၉၀  ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ရုံးမှာ  ပြောကြားတဲ့မိန့်ခွန်းမှာ “ဖက်ဒရယ်ဆိုတာ  ခွဲထွက်ရေး မဟုတ်ပါဘူး၊ အင်္ဂလိပ်စကားလုံး တလုံးသာ  ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ အဓိကအားဖြင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ဘယ်လို အာဏာကို ခွဲဝေကြမလဲဆိုတာ အဓိက ဖြစ်ပါတယ်ရယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ ဒီစကားကို ရှင်းပြနေရတာက  အလုပ်တခုလိုဖြစ်နေတော့ ဗမာလိုပဲ ပြည်ထောင်စုလို့ သုံးကြရအောင်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး သမိုင်းကြောင်းအရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဟုတ်တိုင်းမှန်ရာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။ အခုအချိန်မှာတော့ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်နေပြီလို့ ကျနော်ယူဆပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုအကြောင်း အခုအချိန်မှာ ထုတ်ဖော်ပြောကြားလာကြသလို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံစိတ်ဓာတ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားလာတဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုတာကို အမှန်အတိုင်း မသိသေးတဲ့ ပြည်သူတွေ၊ ဖက်ဒရယ်ကို ကြောက်လန့်နေတဲ့ နိုင်ငံရေးသမားတွေကို အမှန်အတိုင်း သိလာစေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

ဒါ့အပြင် ဒီနေ့အချိန်အခါနဲ့ အခြေအနေဟာ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ပွင့်ပွင့်လင်းလင်း ပြောရုံသာမက အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက ဘာလဲ။ ပြည်ထောင်တွေ၊ ပြည်နယ်တွေဟာ စိတ်တူသဘောတူ အကျိုးတူ ပူပေါင်းခဲ့ကြတယ်၊ ဒီလိုပေါင်းခြင်းအားဖြင့် အင်အားတောင့်တင်းတဲ့ ပြည်ထောင်စု နိုင်ငံတနိုင်ငံကို ထူထောင်နိုင်ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိပါတယ်။ ဒီအကျိုးကျေးဇူးကိုလည်း ပြည်ထောင်တွေ ပြည်နယ်တွေ အကျိုးတူခံစားခွင့်ရှိတယ်။ ဒါဟာ ပြည်ထောင်စုစိတ်ဓာတ်ပဲ။

ပင်လုံစိတ်ဓာတ်ဆိုတာလည်းပဲ လွတ်လပ်ရေး အကြိုကာလမှာ တောင်တန်းဒေသနဲ့ ပြည်မကို ပူပေါင်းဖို့ ဆွေးနွေးတဲ့အခါ ပူးပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို အမြန်ရမယ်၊ အားလုံး အတူတကွ လွတ်လပ်ကြမယ်၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ အကျိုးစီးပွားကိုလည်း အကျိုးတူခံစားခွင့်ရှိမယ်၊ ဒါတွေဟာ ပင်လုံစိတ်ဓာတ်ပဲ။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီ ပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေဟာ မှေးမှိန်ပျောက်ကွယ်တော့မယ့် အခြေအနေမျိုး ဆိုက်ရောက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေပြီး ပြည်တွင်းစစ်ကလည်း အနှစ် ၆၀ ကျော်တိုင်အောင် မချုပ်ငြိမ်းနိုင်တာဖြစ်ပါတယ်။ အခုဆိုရင်  ငြိမ်းချမ်းရေးအဖွဲ့များနဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာစေနိုင်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်ရမယ့် အခြေအနေမှာရှိနေပါတယ်။

ဒီလိုဖြစ်ရတာဟာ အကြောင်း နှစ်ချက်ရှိနေပါတယ်။ နအဖစစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံနိုင်တာရယ်၊ နအဖအပေါ် သူတို့ရဲ့ အနာဂတ်အတွက် အပြည့်အ၀ ယုံကြည်မှု မရှိတာကြောင့်ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းရေးယူစဉ်တုန်းက တချို့အဖွဲ့အစည်းတွေနဲ့ စာချုပ်စာတမ်း သဘောတူညီချက်တွေ ရှိသလို တချို့အဖွဲ့အစည်းတွေနဲ့ နှုတ်ကတိ သဘောတူညီချက်တွေ ရှိကြတယ်လို့ သိရပါတယ်။

ဒီသဘောတူညီချက်တွေမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုတာ မပါပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ တောင်းတဲ့အခါမှာလည်း ကျနော်တို့က တပ်မတော်အစိုးရသာဖြစ်တယ်၊ အခုလောလောဆယ် အပစ်အခတ်ရပ်၊ ယာယီငြိမ်းချမ်းရေးရယူပြီး နယ်မြေဒေသ ဖွံ့ဖြိုးရေးကို လုပ်ဖို့ပါ၊ ရေရှည်နိုင်ငံရေး ပြဿနာတွေကိုတော့ နောက်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးကြပါလို့ ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ ညီလာခံကိုတက်ပြီး ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ ညီလာခံကိုတက်ပြီး ငြိမ်းချမ်းရေးအဖွဲ့ ၁၃ ဖွဲ့ပေါင်းပြီး တင်ပြပြန်တော့လည်း ဒီအချက်တွေကို မှတ်တမ်းတင်ရုံ တင်ထားပါ့မယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ် မသေချာမရေရာဘဲနဲ့ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာပဲဖြစ်ဖြစ် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဆိုတာကိုပဲဖြစ်ဖြစ် လက်ခံဖို့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ KIA အဖွဲ့ကတင်ပြတဲ့ အဆိုတခုကို မီဒီယာတွေက ကြားရပါတယ်။ အဲဒါက ဘာလဲဆိုရင် အကယ်၍ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ပြည်ထောင်စု ဖွဲ့စည်းမယ်ဆိုရင် ကချင်တွေဟာ လက်နက်ကိုင်ဖို့တောင် မလိုပါဘူးလို့ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုရင်၊ စစ်မှန်တဲ့ တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုရင် ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့လိုပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲ၊ တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆွေးနွေးပွဲ။ အဲဒီဆွေးနွေးပွဲဟာ ဒုတိယပင်လုံ ညီလာခံပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ဒုတိယပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် သို့တည်းမဟုတ် ဒုတိယ ပင်လုံသဘောတူညီချက် ရရှိရေးအတွက် အားလုံးပါဝင်ကြိုးပမ်းကြပါလို့ တိုက်တွန်း အပ်ပါတယ်။

အောင်ဇံသည် ရန်ကုန်အခြေစိုက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်သည်။