ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ န၀တ၊ နအဖ စစ်ခေါင်းဆောင်များ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ချေဖျက်ဖို့၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အသက်သွင်းဖို့ နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်မှာ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရတရပ်ဆိုတာကို ပုံဖော်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း ပြီးသွားပါပြီ။

ဒီရွေးကောက်ပွဲမှာ တကောင်တည်း ပြိုင်တဲ့မြင်းလို မဖြစ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပုဂ္ဂိုလ်တချို့ကို စည်းရုံးဖဲ့ထုတ်ပြီး ပါတီထောင်ခိုင်းတဲ့အပြင် ငွေကြေးအားဖြင့်လည်း ကူညီထောက်ပံ့တာတွေ လုပ်ခဲ့တယ်။ ထို့အတူ ပြည်နယ်တွေမှာ ရှိတဲ့ တိုင်းရင်းသားတွေကိုလည်း ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ငွေကြေးအထောက်အပံ့များ ပေးခဲ့တာကို တွေ့ရတယ်။

ရွေးကောက်ပွဲမှာလည်း နအဖ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပွားပါတီ အနိုင်ရဖို့အတွက် မဲခိုးမှု၊ မဲလိမ်မှု၊ မဲမသမာမှုတွေနဲ့ မလျော်သြဇာ သုံးမှုတွေအပါအ၀င် အနိုင်ရဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းချက်တွေဟာ ရွေးကောက်ပွဲကို အတော် အကျည်းတန် စေခဲ့ပါတယ်။ ဘယ်လိုပဲ အကျည်းတန်တန် နအဖ စစ်ခေါင်းဆောင်တွေ ပုံဖော်ချင်တဲ့ ရွေးကောက်ပွဲ (အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်တဲ့ ရွေးကောက်ပွဲ) အဖြစ် ပုံဖော်နိုင်ခဲ့သလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း သူတို့ဖြစ်စေချင်တဲ့ အခြေအနေအတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အများစုအနိုင်ရပြီး ကျန်တဲ့ပါတီတွေကလည်း အနည်းအပါးအနိုင်ရတဲ့အပြင် ပြည်နယ်များရှိ တိုင်းရင်းသားပါတီ အသီးသီးလည်း အတော်အသင့် အနိုင်ရတဲ့ ပုံစံအတိုင်း ဖြစ်ပေါ်အောင် ပုံဖော်လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

သို့တိုင်အောင် နအဖ စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှာ သူတို့ရဲ့ မတရား လိမ်ညာညစ်ပတ်မှုတွေ ဘယ်လိုပဲ ပွင့်ကျ ပွင့်ကျ ဘယ်သူတွေက ဘယ်လိုပဲ ထောက်ပြဝေဖန် ဝေဖန် လုံးဝဂရုမစိုက်ဘဲ အဲဒီ ရွေးကောက်ပွဲမှာ သူတို့ပဲ အပြတ်အသတ် အနိုင်ရကြောင်း ကြေညာခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအပြီးမှာ သက်ဆိုင်ရာ လွှတ်တော် အသီးသီးကိုလည်း ခေါ်ယူတော့မှာဖြစ်သလို အစိုးရ တရပ်ကိုလည်း ဘယ်လိုပဲဖြစ်ဖြစ် ပုံဖော်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလွှတ်တော်တွေနဲ့ ပေါ်ပေါက်လာမယ့် အစိုးရဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား လူမျိုးများ ပြဿနာ အပါအ၀င် နိုင်ငံရေးပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ဖွယ် ရှိလိမ့်မယ်လို့ ယုံကြည်နိုင်စရာမရှိပါ။

ဘာကြောင့်လဲ ဆိုတော့ နအဖ စစ်ခေါင်းဆောင်တွေက ပုံဖော်မယ့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်နဲ့တကွ တိုင်းရင်းသားလူမျိုးများ အရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား အထူးဒေသ၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဥပဒေပြုအာဏာ အုပ်ချုပ်ခွင့် အာဏာများပါ အပ်နှင်းထားတယ်ဆိုတဲ့ ပြည်နယ်များ ဆိုတာဟာ တကယ့်တကယ်တော့ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အနှစ်သာရ လုံးဝမရှိတဲ့ အပေါ်ယံရွှေမှုန်ကြဲ ရွှေရည်စိန် အတုအယောင် အခွင့်အရေးများသာ ဖြစ်ပါတယ်။

ဒါကြောင့် တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်လိုကြတဲ့ NLD နဲ့တကွ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီများက ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက် ခဲ့ကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာလည်း ရှေ့ဆက်လုပ်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို ချမှတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကတော့ ဒုတိယပင်လုံညီလာခံ သို့မဟုတ် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုပါပဲ။

ဒီလိုကြိုးပမ်းအားထုတ်တဲ့ နေရာမှာ နအဖ စစ်ခေါင်းဆောင်တွေနဲ့ တကွ သူတို့နောက်လိုက် အလိုတော်ရိတွေက ဒါဟာ ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ ကြိုးစားတာဖြစ်တယ်၊ သူတို့ရဲ့ လုပ်ငန်းစဉ် ၇ ရပ်နဲ့ အပြိုင်လုပ်ဖို့ အားထုတ်တယ် စသဖြင့် ပြောဆိုတဲ့ လေသံတွေ ထွက်လာတာကို တွေ့ရပါတယ်။

စာရေးသူအမြင် ပြောရမယ်ဆိုရင် ဒီလုပ်ရပ်ဟာ ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ အပြိုင် ကြိုးပမ်းအားထုတ်မှု တရပ်လို့ မမြင်ပါဘူး။ ဒါဟာ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လိုအပ်ချက်အရ လုပ်တယ်လို့ပဲ ထင်မြင် သုံးသပ်မိပါတယ်။ အကယ်၍ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ဆိုရင် တပ်မတော်အင်အားစုတွေ ပါဝင်ဖို့ လိုသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မပါမဖြစ် ပါဝင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေး အင်အားစုအားလုံး ပါဝင်ဖို့လိုပါတယ်။ ဒီလို ပါဝင်ဆွေးနွေးကြတဲ့ နေရာမှာလည်း အခြေခံကျတဲ့ ဘုံသဘောတူညီချက်တွေကို ရနိုင်ဖို့ အားလုံးစိတ်ရှည်ဖို့ လိုသလို၊ သဘောထားကြီးပြီး အပြန်အလှန် လေးစားမှုရှိဖို့လည်း လိုပါတယ်။

ဒီလို သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ အပေးအယူ လုပ်ကြတဲ့နေရာမှာ နိုင်ငံရေး ပါတီများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ဘက်ကလည်း အလျှော့ ပေးရမှာတွေ ရှိသလို တပ်မတော် ခေါင်းဆောင်များ အနေနဲ့လည်း ပြုပြင်သင့်တာကို ပြုပြင်ဖို့လိုပါတယ်။ ဒါ့အပြင် နိုင်ငံရေး ပါတီများကိုလည်း ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ခွင့်တွေ ပေးရမှာဖြစ်သလို ပြည်သူတွေကိုလည်းပဲ ဒီမိုကရေစီအခြေခံ လွတ်လပ်ခွင့်တွေ အတော်အသင့် ပေးဖို့ လိုပါတယ်။ ဒီလို အခြေခံပေါ်မှာ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီလို ယုံကြည်မှုတွေရလာတဲ့ နောက်တဆင့်မှာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို လက်တွဲ ဆောင်ရွက်ခြင်း အားဖြင့်လည်း ပိုပြီးယုံကြည်မှုနဲ့ ညီညွတ်မှုကို တည်ဆောက်ကြရပါမယ်။ ဒီလို အခြေအနေမျိုးတွေ ဖြစ်ပေါ် လာပြီဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေနဲ့ မကိုက်ညီတဲ့ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အားလုံး ၀ိုင်းဝန်းဆွေးနွေးပြီး ပြန်လည်ပြုပြင် ကြရမှာ ဖြစ်ပါတယ်။

ဒီလိုပြင်တဲ့အခါမှာလည်းပဲ ဘယ်လို အခြေခံမျိုးနဲ့ ပြင်မှာလဲ။ အထူးသဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး စံတွေနဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးခြင်းဆိုတဲ့ အခြေခံတွေနဲ့ ပြင်ကြရမှာဖြစ်ပါတယ်။ ဒီလိုသာ ပြင်မယ် ဆိုရင် စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်သလို ပြည်တွင်းစစ် အန္တရာယ်ကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။ သို့မှသာ ဒီလိုညီညွတ်မှုအင်အားနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက် နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

စာရေးသူ အောင်ဇံ (ကလောင်အမည်) သည် ရန်ကုန်အခြေစိုက် ရခိုင်တိုင်းရင်းသား အတိုက်အခံ ခေါင်းဆောင် တဦးဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်