လွှတ်တော် နှစ်မျိုးနှင့် ၂၀၁၁ မြန်မာနိုင်ငံ

Thursday, 30 December 2010 18:50 သူ့အတွေး သူ့အမြင်
Print
၂၀၁၁ ဆိုသည့် နှစ်သစ်တခုကို စတင်ချဉ်းနင်း ၀င်ရောက် ပေတော့မည်။ မြန်မာလူထု တို့သည်လည်း နှစ်သစ်တွင် အခင်းအကျင်းသစ်များ ပေါ်ပေါက် လာလေမလားဟု မျှော်လင့်နေကြသည်။

နိုင်ငံသားများအနေဖြင့် နေ့စဉ် လူမှုဒုက္ခအဖုံဖုံနှင့် ရင်ဆိုင်နေကြရရာ သူဌေးလည်း သူဌေးအထွာနှင့်၊ ဆင်းရဲသားလည်း သူ့အထွာနှင့်၊ လူလတ်တန်းစားလည်း သူ့အထွာနှင့်သူတို့ ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြလျက် ရှိကြရာ ထိုဒုက္ခ၀န်းကျင်ကြီးမှ အားလုံးသော နိုင်ငံသားတိုင်းက လွတ်မြောက်လိုကြသည်။

နိုင်ငံသားတိုင်း လက်ရှိခံစားနေကြရသော စိတ်ဆင်းရဲဒုက္ခ၊ ကိုယ်ဆင်းရဲဒုက္ခ အပေါင်းတို့၏ မူလပြဿနာသည် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်နေသည် ဆိုသည်ကို သိရှိလက်ခံထားသူများ ရှိကြသကဲ့သို့ မသိသေးသော သူများစွာလည်း ရှိနေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများကို ဖြေရှင်းပြီးမှသာ အားလုံး လိုလားတောင့်တနေကြသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှု အဆောက်အအုံ မြင့်မားမှု၊ ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့မျက်နှာစာတွင် အဘက်ဘက်က ရင်ပေါင်တန်းနိုင်မှု၊ အေးချမ်းလုံခြုံစွာ နေထိုင်အသက်မွေးဝမ်းကြောင်းနိုင်သည့် တရားဥပဒေစိုးမိုးမှု စသည်တို့ကို တဆင့်ချင်း တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ လာမည့်နှစ်သစ် ၂၀၁၁ တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာများ ပြေလည်အောင် ဖြေရှင်း နိုင်ရန်အတွက် မည်သည့် အခင်းအကျင်းများက နှစ်သစ်မှာ ဆီးကြိုနေမည်ကို ပြန်ပြောင်း သုံးသပ်ကြည့်ကြမည်ဆိုလျှင် လက်ရှိတည်ရှိနေသော အဓိက နိုင်ငံရေး အခင်းအကျင်းက အစပြုရပေမည်။

နိုင်ငံတော်အဆင့် ပြန်တမ်း ထုတ်ထားသော တရားဝင်မှုဆိုင်ရာ

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န-၀-တ) မှ နိုင်ငံရေးပါတီများ တရားဝင် တည်ထောင်ခွင့်ပေးကာ ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ပါမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့၌ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နဝတ စစ်အစိုးရမှ ဦးစီးကျင်းပပေးခဲ့သည်။ နိုင်ငံရေး ပါတီပေါင်း ၉၃ ပါတီ တရားဝင် မှတ်ပုံတင်ခဲ့ကြပြီး မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၂၂၉၇ ဦးသည် န၀တ စစ်ကောင်စီ အစိုးရ ဦးစီးကျင်းပပေးခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နိုင်ငံရေးပါတီများအနက် တိုင်းရင်းသားပါတီ ၁၉ ပါတီ ပါဝင်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် ၈၇.၇ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြသည်။ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများစွာအနက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာအတွက် အမတ်နေရာ ၃၉၂ နေရာတွင် အောင်နိုင်ခဲ့သည်။ ထိုအချိန်က  စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က အမတ်နေရာ ၁၀ နေရာသာ အောင်နိုင်ခဲ့သည်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်သော ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) က အမတ်နေရာ ၂၃ နေရာ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အမတ်နေရာ ၁၁ နေရာ၊ မွန်အမျိုးသားတပ်ဦးက အမတ်နေရာ ၅ နေရာ စသည်ဖြင့် နိုင်ငံရေး ပါတီများနှင့် တစ်သီးပုဂ္ဂလ အမတ်များကို ထိုစဉ်က နဝတ အစိုးရအဖွဲ့က နိုင်ငံတော်အဆင့် ပြန်တမ်း ထုတ်ကာ တရားဝင် ကြေညာခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲကြီးသည် အာဏာသုံးရပ်ဖြစ်သော အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာ သုံးရပ်လုံးနှင့်ယှဉ်သော ရွေးကောက်ပွဲ ကြီးဖြစ်လင့်ကစား ထိုစဉ်က တည်ဆဲ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပပေးခင်တွင် ရွေးကောက်ပွဲ ရလဒ်ကိုလေးစားမည်ဖြစ်ပြီး စစ်အစိုးရအနေဖြင့် စစ်တန်းလျားပြန်ကာ တိုင်းပြည်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ န-၀-တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က အတိအလင်း ကြေညာခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတော်ပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း တရားဝင် ကြေညာခဲ့ပြီး နိုင်ငံတော် အဆင့် ပြန်တမ်းထုတ်ခြင်းများလုပ်ကာ တရားဝင် သတ်မှတ်ခဲ့ကြသည်။

ထိုတရားဝင်မှုနှင့် ပတ်သက်ပြီး ယနေ့အချိန်အထိ တရားဝင်တည်ရှိနေသည်မှာ မှန်ကန်ကြောင်း ဥပဒေပညာရှင်များကလည်း  သက်သေပြုကြသည်။ ထို့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည်ကား ယနေ့တိုင် တရားဝင်တည်ရှိနေဆဲလည်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကြီးသည် ဦးစီးကျင်းပပေးခဲ့သော စစ်အစိုးရ၊ ၀င်ရောက်ယှဉ်ပြိုင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးပါတီများ၊ ဆန္ဒမဲ ပေးခဲ့ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၊ ၀ိုင်းဝန်းအသိအမှတ်ပြု ထောက်ခံခဲ့ကြသော ကုလသမဂ္ဂ အစရှိသော နိုင်ငံတကာ မိသားစုကြီး ယင်းအားလုံးတို့၏ ဂုဏ်သိက္ခာနှင့်ယှဉ်တွဲ တည်ရှိနေသော အရှိတရားဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်တာဝန်ကို နဝတ စစ်အစိုးရမှ စတင်ပျက်ကွက်ခဲ့သည်။

အမှန်စင်စစ် ၁၉၉၀ ရွေးကောက်ပွဲကြီးသည် အာဏာသုံးရပ်လုံးနှင့် သက်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိဘဲနှင့် အာဏာလွှဲပြောင်းပေးရန် မဖြစ်နိုင်ကြောင်းနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ချေဖျက်သည့် အမိန့်အမှတ် (၁/၉၀) ထုတ်ပြန်ကာ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးသာ တာဝန်ရှိသည်ဟု တစ်ဖက်သတ် ပြောင်းလဲသတ်မှတ်လိုက်သည်။

တဖန် စစ်အစိုးရက အမိန့်အမှတ် (၁၁/၉၂) ထုတ်ပြန်ပြီး လွှတ်တော် ကိုယ်စားလှယ်များကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရန် ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ စတင်ကာ အမျိုးသားညီလာခံ ခေါ်ယူကျင်းပရာတွင် ပါဝင်စေခဲ့သည်။

သို့ရာတွင် နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်တက်ရောက်ခွင့် မပြုဘဲ ရာခိုင်နှုန်းဖြင့်သာ တက်ရောက်စေခဲ့သည်။ ထို့ကြောင့် အနိုင်ရ NLD ပါတီသည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ရှေးရှုကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အထင်ကရ ပါတီခေါင်းဆောင်များ နေအိမ်အကျယ်ချုပ် ကျနေရခြင်း၊ အကျဉ်းကျနေရခြင်းများ ရှိနေခဲ့သော်လည်း အမျိုးသားညီလာခံတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

စစ်အစိုးရမှ အမျိုးသားညီလာခံတွင် အဓိက အခြေခံရမည့် မူကြီး ၆ ရပ်နှင့် အခြေခံမူ ၁၀၄ ချက်တို့ကို အခြေခံရေးဆွဲခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကိုမူ ထည့်သွင်း ရေးဆွဲရန် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြသည်။

ထိုမှတဖန် အမျိုးသားညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တဘက်သတ်ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။ ဆန္ဒခံ ယူပွဲတွင်လည်း မသမာသောနည်းလမ်းများကို စစ်အစိုးရက အဓမ္မလုပ် ဆောင်ခဲ့သည်။ အတိုက်အခံ နိုင်ငံရေးအင်အားစုများ၏ မဲမပေးရေး (No Vote) နှင့် ကန့်ကွက်မဲပေးရေး (Vote No) ဟူသည့် နည်းဗျူဟာ အကွဲအပြားကို အခွင့်ကောင်းယူကာ စစ်အစိုးရက မသမာမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြသည်မှာ အထင်အရှားဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲကြီးတွင် တရားဝင် နိုင်ငံတော်ပြန်တမ်းထုတ်ကာ အနိုင်ရခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့ထက်တိုင် တရားဝင်တည်ရှိနေသော အရှိတရားဖြစ်သည်နှင့်အညီ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီသည်လည်း ၁၉၉၀ ခုနှစ် ရလဒ်အရ တရားဝင်တည်ရှိနေဆဲပင်ဖြစ်သည်။

ယခုအခါ စစ်အစိုးရ ထပ်မံကျင်းပသော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက် မဲမသမာမှု ပြဿနာများမှာ အလွန်ထင်ရှားစွာပင် ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကျင်းပခြင်း ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအင်အားစုများ ပူးပေါင်းပါဝင်ခွင့်ပြုခြင်း စသည်တို့ ပါဝင်သည့် ရွှေဂုံတိုင် ကြေညာချက်ထုတ်ကာ စစ်အစိုးရကို ကမ်းလှမ်းခဲ့သည်။

စစ်အစိုးရက မည်သည့် ကမ်းလှမ်းချက်ကိုမျှ လက်ခံစဉ်းစားခြင်းမရှိဘဲ တလျှောက်လုံး တို့တာဝန် အရေးသုံးပါးကိုသာ အကြောင်းပြပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် မဲအပြတ်အသတ်နှင့် အောင်နိုင်ရေးကိုသာ စနစ်တကျ အကွက်ဆင်လုပ်ဆောင်ခဲ့သည်။

စစ်အစိုးရသည် လွှတ်တော်အသစ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသကဲ့သို့ အရပ်သားအစိုးရ အမည်ခံ အစိုးရသစ်တရပ် ပေါ်ပေါက်ရေးအတွက်လည်း လုပ်ဆောင်နေသည်။ ထို့ကြောင့် လာမည့်နှစ်သစ်တွင် တရားဝင်ထုတ်ပြန်ထားသော နိုင်ငံတော်အဆင့် ပြန်တမ်းများအရ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအရ လွှတ်တော်နှင့် ၂၀၁၀ ရွေးကောက်ပွဲအရ လွှတ်တော် ဟူ၍ ယှဉ်လျှက်တည်ရှိနေပေသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် အများက လက်ခံယုံကြည် လေးစားခံထားရသော ရလဒ်ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် မဲမသမာမှုများ၊ မတရားမှုများဖြင့်ရသော ရလဒ်ဖြစ်သည်။

လက်တွေ့သဘောအရ ထိုလွှတ်တော်နှစ်မျိုးကြားတွင် ဆုံမှတ်ရှာနိုင်ခြင်းရှိမည့် နိုင်ငံရေး ၀န်းကျင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများက ဒုတိယ ပင်လုံညီလာခံခေါ်ယူကာ အားလုံးသော တိုင်းရင်းသားများနှင့် စစ်အစိုးရပါ ပါဝင်ပြီး တကယ့်နိုင်ငံရေး ပြဿနာကို အဖြေရှာရေးလမ်းပေါ်သို့ ဖိတ်ခေါ်နေပါသည်။

အမှန်စင်စစ် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်းကြားမှ ပြဿနာမဟုတ်ဘဲ စစ်တပ်လူတန်းစားနှင့် နိုင်ငံသားများအကြားမှာသာ တည်ရှိနေသည့် မသင့်မြတ်မှုဖြစ်သည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်းကြားတွင် ကြီးမားကျယ်ပြန့်သော မသင့်မြတ်မှုမှာ မရှိသလောက်ပင်ဖြစ်သည်ဟု ဆိုရပေမည်။

အသက်မ၀င်သေးသော လွှတ်တော် နှစ်မျိုးအကြား မည်သို့သော နိုင်ငံရေး အပြောင်းအလဲကို မြန်မာနိုင်ငံသားများ ဖော်ဆောင်ကြမည်ဆိုသည်ကို ကမ္ဘာနှင့် နိုင်ငံသူနိုင်ငံသားများကပါ စောင့်ကြည့်နေကြသည်။ လာမည့် ဇန်န၀ါရီလကုန်တွင် ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ပြီးနောက် ၇ ရက်ကြာလျှင် အမျိုးသားလွှတ်တော်ကို ခေါ်ရမည် ဖြစ်ပေသည်။ တဖန် နောက်ထပ် ၇ ရက် ထပ်ကြာပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုခေါ်မည်ဖြစ်သည်။

တဘက်တွင်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများက တရားဥပဒေအရ တရားဝင် တည်ရှိနေဆဲပင်ဖြစ်ရာ မည်ကဲ့သို့သော ချဉ်းကပ်မှုများနှင့် အပြောင်းအလဲသစ်များက နှစ်သစ်တွင် ဖော်ဆောင်ပေးမည်နည်း ဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်။ မြန်မာနိုင်ငံသားများကမူ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် လုံခြုံမှုရှိရှိ အေးချမ်းသော ဘ၀များကို လိုလားတောင့်တနေသည်ကတော့ အမှန်ပင်ဖြစ်ပေတော့သည်။