အစိုးရသစ် ဘတ်ဂျက် လူမှုဖူလုံရေးကို လျစ်လျူရှု

Thursday, 10 March 2011 16:25 သူ့အတွေး သူ့အမြင်
Print
စစ်ဘက်အရပ်ဘက် ပေါင်းစပ်ထားတဲ့ အစိုးရသစ်အတွက် လက်ရှိစစ်အစိုးရက ဥပဒေအဖြစ် ထုတ်ပြန်လိုက်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ဟာ ၎င်းတို့ကာလရှည်ကြာ ကိုင်စွဲလာခဲ့တဲ့ စစ်ရေးအရ လုံခြုံမှုရှိရေးကိုသာ ထိပ်တန်းဦးစားပေးထားပြီး တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေတဲ့ လူမှုဖူလုံရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးခံယူချက် ကင်းမဲ့နေတာကို တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်ပြီး ပထမဆုံး နိုင်ငံတော် သမ္မတဖြစ်လာမယ့် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ စစ်အစိုးရဆီက အာဏာလွှဲယူပြီးနောက် အစိုးရသစ်ကို ဦးဆောင်ရမှာဖြစ်ပေမယ့် အစိုးရသစ်ရဲ့ အသုံးစရိတ်ကို လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်ထံ တစုံတရာ အသိပေး တင်ပြအတည်ပြုခြင်းမရှိဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့လက်မှတ်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှာ အစိုးရပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပြန်တမ်းအရ အစိုးရသစ်ရဲ့အသုံးစရိတ်မှာ ကာကွယ်ရေးဝန်ကြီးဌာန တခုတည်းကိုပဲ ကျပ်ကုဋေ ၁၃၁၈ ကျော် (အမေရိ ကန်ဒေါ်လာ ၁.၄၉ ဘီလီယံကျော်) အများဆုံး သုံးစွဲခွင့်ပေးထားပါတယ်။ အဲဒီပမဏာဟာ ကျပ်ကုဋေ ၆၇၇၂ ကျော် (အမေ ရိကန်ဒေါ်လာ ၇.၆၅ ဘီလီယံကျော်) ရှိတဲ့ အစိုးရအသုံးစရိတ်တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေကို ၀န်ကြီးဌာနအလိုက် ခွဲဝေရာမှာ ကာကွယ်ရေးအသုံးစရိတ်ပြီးရင် အသုံးစရိတ်အများဆုံး ခွဲဝေထားတဲ့ ၀န်ကြီးဌာနတွေက စွမ်းအင်၊ အခွန်နဲ့ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆောက်လုပ်ရေးနဲ့ စက်မှုဝန်ကြီးဌာနတို့ ဖြစ်တယ်။

ဇန်န၀ါရီလကတည်းက စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ “ကူးပြောင်းရေးကာလ ပြဌာန်းချက်များ” ကို အသုံးပြုပြီး ဥပဒေသစ်တွေ အတွဲလိုက် ပြဌာန်းနေပါတယ်။ ဒီ နိုင်ငံတော်ဘဏ္ဍငွေအရ အသုံးဆိုင်ရာဥပဒေဟာ နိုင်ငံတော်ပြန်တမ်းအနေနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ဥပဒေဖြစ်ပေမယ့် အများပြည်သူ လေ့လာနိုင်အောင် စစ်အစိုးရက နိုင်ငံပိုင်သတင်းစာတွေထဲကနေ ထုတ်ပြန်ကြေညာခြင်း မရှိပါ။

ထိုဥပဒေနဲ့အတူ စစ်အစိုးရဟာ နောက်ထပ်အရေးကြီးတဲ့ ဥပဒေတခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေဥပဒေ” ဖြစ်ပါတယ်။ အထူး ရန်ပုံငွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကသာ သုံးစွဲခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်က နှစ်စဉ်တင်ပြလာတဲ့ ငွေကြေးပမာဏကို အစိုးရအသစ်ရဲ့သမ္မတက ခွင့်ပြုပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အလွန်အရေးကြီးတဲ့ မေးခွန်းတွေပေါ်လာတယ်။ အောက်မှာ ဖော်ပြထားတဲ့ အစိုးရသစ် ဘတ်ဂျက်ဇယားကို လေ့လာကြည့်မယ်ဆိုရင် အစိုးရသစ် ၀န်ကြီးဌာနအားလုံးကို စုစုပေါင်း သုံးစွဲငွေ ကျပ်ကုဋေ ၆၇၇၂ ကျော်လုံး ဝေခြမ်းထားပြီးပြီ ဆိုတော့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်တောင်းဆိုတဲ့ အထူးရန်ပုံငွေကို ဘယ်ကရှာပေးမှာလဲ။ ပြီးတော့ အဲဒီငွေတွေက ဘယ်ကရတာလဲ။ ပြည်သူလူထုကို အသိမပေးဘဲ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရခေါင်းဆောင် သမ္မတက ဒီလိုလုပ်ပိုင်ခွင့် ရှိသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကရော ခွင့်ပြုထားတာရှိသလား။

အဲဒီ အထူးရန်ပုံငွေကို ပြည်တွင်းပြည်ပအန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ သုံးစွဲမယ်လို့ ဥပဒေက ဆိုထားပါတယ်။ ဒီလိုသုံးစွဲတဲ့နေရာမှာလည်း “မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို” လို့ ဆိုထားပြီး အသုံးစရိတ်များကို သမ္မတ တဦးထဲကိုသာ နှစ်စဉ် ရှင်းလင်းတင်ပြရမည်လို့ ဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ မတ်လ ၄ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး စစ်အစိုးရထုတ်ပြန်လိုက်တဲ့ အထူးရန်ပုံငွေဥပဒေဟာ “ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲခြင်းကို ပြည်သူများက (တိုက်ရိုက်သော်လည်းကောင်း၊ ကိုယ်စားလှယ်မှ တဆင့်သော်လည်းကောင်း) စစ်ဆေးမေးမြန်းခွင့် မရှိ၊ ပိတ်ပင်ထားခြင်းဖြစ်၍ ဥပဒေတို့၏အင်္ဂါရပ်နှင့် မကိုက်ညီကြောင်း” ဝေဖန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ သုံးစွဲနေကြောင်း ယခင်က ပညာရှင်များ၊ လေ့လာသူများက ဆိုကြပါတယ်။ အခုထွက်ပေါ်လာတဲ့ အစိုးရသစ်အသုံးစရိတ်ကို ရုတ်တရက်ကြည့်မယ်ဆိုရင် စစ်ရေးအသုံးစရိတ်ဟာ ထက်ဝက်နီးပါး လျော့ကျသွားသယောင် ရှိပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ် နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲတဲ့နေရာမှာ စစ်ဗိုလ်ချုပ်ကြီးတွေ အသုံးချထားတဲ့ လှည့်ကွက် မဟာဗျူဟာကတော့ တဘက်မှာ ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ စစ်ရေးအသုံးစရိတ်အဖြစ် ယူထားပြီး ပြည်သူ့ဘဏ္ဍာငွေထဲက ဘယ်သူမှ မသိနိုင်တဲ့ ငွေကြေးပမာဏကို အထူးရန်ပုံငွေထဲ လွှဲပြောင်းရယူမယ့် အထူးအခွင့်အရေးတရပ်ကို စစ်တပ်က ဖန်တီးလိုက်တာပါပဲ။

စစ်ရေးလေ့လာသူတချို့က အထူးရန်ပုံငွေဟာ စစ်တပ်ရဲ့ လျှို့ဝှက်စစ်ရေး စီမံကိန်းတွေဖြစ်တဲ့ လှိုဏ်ခေါင်းတွေ တည်ဆောက်တဲ့နေရာမှာ၊ အဆင့်မြင့် ဒုံးပျံနည်းပညာတွေ ရယူဖို့ကြိုးစားတဲ့နေရာမှာနဲ့ အရှေ့တောင်အာရှဒေသမှာ ပထမဆုံး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာရေးအတွက် အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းတွေထဲ ရောက်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေအနက် စွမ်းအင်ဝန်ကြီးဌာနကို ၁၄.၉၀ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို ၁၃.၇၂ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ဝန်ကြီးဌာနကို ၉.၉၃ ရာခိုင်နှုန်း အသီးသီး ခွဲဝေပေးထားပါတယ်။

ဒီအချက်ကိုကြည့်ရင် အစိုးရအသစ်ဟာ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတာကိုပဲ အာရုံစိုက်ပြီး ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်တာနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလို လုပ်ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ၊ ပြည်တွင်း စစ်တပ်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ဦးစားပေးဆောင်ရွက်သွားဖို့ ရှိပါတယ်။

တိုင်းပြည်စီးပွားရေးရဲ့ ရာခိုင်နှုန်းအများစုကို စစ်တပ်ကပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့က ထိထိရောက်ရောက် ချုပ်ကိုင်ထားကြပါတယ်။ ထိုစစ်တပ်ရဲ့စီးပွားရေးအင်ပါယာကြီးမှလည်း စစ်တပ်အတွက် အရေအတွက်မသိနိုင်တဲ့ ရန်ပုံငွေတွေကို ရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ အဓိက၀င်ငွေကို စွမ်းအင်၊ လျှပ်စစ်နဲ့ သတ္တုတူးဖော်ရေး စတဲ့ကဏ္ဍတွေက ရရှိတာဖြစ်တဲ့အတွက် အဲဒီဝင်ငွေတွေထဲကနေ စစ်ရေးရန်ပုံငွေထဲ ရောက်ရှိ သွားနိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ ၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသေမှာ တကြိမ်၊ ၂၀၁၀ ခုနှစ်မှာ ဆိုင်ကလုန်း ဂီရိကို ရခိုင်ပြည်နယ်တွင် တကြိမ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့အတွက် ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လူမှုဘ၀တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ သင့်လျော်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ရှိသင့်ပါတယ်။

ဒါပေမယ့် အစိုးရသစ်ဘတ်ဂျက်က ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁ ရာခိုင်နှုန်းနဲ့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအတွက် ၀.၂၆ ရာခိုင်နှုန်းသာ ခွဲဝေပေးခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နိုင်ငံတကာအစိုးရတွေက စာနာထောက်ထားကြပြီး ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူအတွက်၊ တိုင်းပြည်မှာ ဆင်းရဲမွဲတေလွန်းလို့ ဖြစ်ပေါ်လာတဲ့ တခြားလူမှုဒုက္ခတွေ သက်သာစေဖို့ သူတို့ နိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့ပါတယ်။

ဒီလို နိုင်ငံတကာအသိုင်းအ၀န်းက စေတနာထားခဲ့ပေမယ့် ပြည်သူပြည်သားတွေ လက်ရှိရင်ဆိုင်နေရတဲ့ လူမှုဘ၀ ဆင်းရဲဒုက္ခတွေကို ယခုအစိုးရသစ်ရဲ့ ဘတ်ဂျက်က တာဝန်ယူမှုမရှိပဲ လျစ်လျူရှုထားပါတယ်။

 

နံပါတ်စဉ်

 

ဝန်ကြီးဌာန

သုံးစွဲငွေ

 

ရာခိုင်နှုန်း

(%)

ကျပ် (ဘီလီယံ)

အမေရိကန်ဒေါ်လာ (ဘီလီယံ)

(၁ဒေါ်လာ = ၈၈၅ ကျပ်)*

 

စုစုပေါင်းအသုံးစရိတ်

၆၇၇၂.၅၂

.၆၅

၁၀၀.၀၀

ကာကွယ်ရေး

၁၃၁၈.၅၈

.၄၉

၁၉.၄၈

စွမ်းအင်

၁၀၀၈.၈၇

.၁၄

၁၄.၉၀

ဘဏ္ဍာနှင့်အခွန်

၉၃၂.၆၂

.၀၅

၁၃.၇၂

လျှပ်စစ် ၁၊ ၂

၆၆၉.၉၃

.၇၆

.၉၃

ဆောက်လုပ်ရေး

၅၇၈.၀၃

.၆၅

.၅၀

စက်မှု ၁၊ ၂

၄၂၀.၄၉

.၄၇

.၁၄

ဆက်သွယ်ရေး

၃၂၁.၀၁

.၃၆

.၇၀

လယ်ယာစိုက်ပျိုးရေး

၃၁၀.၂၃

.၃၅

.၅၇

ပညာရေး

၃၁၀.၀၁

.၃၅

.၅၇

၁၀

ကျန်းမာရေး

၉၀.၈၂

.၁၀

.၃၁

၁၁

လူမှုဖူလုံရေး

၁၄.၅၈

.၀၂

.၂၆

၁၂

ခြားဝန်ကြီးဌာနများ

၇၉၇.၃၅

.၉၁

၁၁.၉၀



ရင်းမြစ်။    ။မြန်မာနိုင်ငံတော်ပြန်တမ်း “ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အသုံးစရိတ်”
*မြန်မာကျပ်ငွေ-ဒေါ်လာ လဲလှယ်နှုန်းကို မှောင်ခိုဈေးကွက်နှုန်းထားအတိုင်း တွက်ချက်ဖော်ပြထားပါသည်။