လွယ်လွန်းလိုက်တာ


ပြီးခဲ့တဲ့ အပတ်အတွင်းက မြန်မာပြည်ထဲမှာ အင်အားပြင်းတဲ့ ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်။ မြို့တော်အသစ် နေပြည်တော်၊ မြို့တော်ဟောင်း ရွှေမန္တလေးနဲ့ တပ်မြို့ ပြင်ဦးလွင် တို့မှာပါ။ စစ်တပ်ကြီးစိုးပြီး ပဟေဠိဆန်လှတဲ့ ဒီလိုနိုင်ငံမျိုးမှာ ဗုံးကွဲတာဟာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဗုံးကွဲတဲ့အခါတိုင်းမှာ ပေါက်ကွဲမှုနဲ့ အဲ့ဒီနောက်ဆက်တွဲ အခြေအနေတွေက မြန်မာပြည်မှာ လုံခြုံရေးအာမခံချက်၊ တရားခံကို ဥပဒေအရအရေးယူဖို့ မြင်သာထင်သာရှိပြီး ထိရောက်တဲ့စနစ် မရှိဘူးဆိုတာကို ထင်ရှားစေတာပဲ ဖြစ်ပါတယ်။

ဗုံး ၄ လုံးမှာ ၃ လုံးက မိနစ်ပိုင်းလေးပဲခြားပြီး ပေါက်ကွဲခဲ့တာပါ။ ပထမဗုံးက မန္တလေးဈေးချိုအနီး ဂျစ်ကားထဲမှာ ကွဲတာဖြစ်ပြီးတော့ ဒုတိယဗုံးက နေပြည်တော်မှာရှိတဲ့ ကျောက်မျက်ရတနာပြတိုက်နားက လူနေအိမ်တလုံးကို ပျက်စီးစေခဲ့ပါတယ်။ တတိယ ဗုံးကတော့ တပ်မြို့လည်းဖြစ် တောင်ပေါ် အပန်းဖြေစခန်းလည်းဖြစ်ပြီး မြန်မာပြည်က အကောင်းဆုံး စစ်တက္ကသိုလ် အပါအဝင် စစ်ဖက်ဆိုင်ရာ အင်စတီကျု ၄ ခုရှိတဲ့ ပြင်ဦးလွင်မြို့က နေရာတခုမှာ ကွဲခဲ့တာပါ။ တတိယဗုံးကွဲပြီးလို့ ၃ နာရီမပြည့်ခင်မှာပဲ ပထမဗုံးကွဲတဲ့ နေရာတဝိုက်က အမှိုက်ပုံအနီးမှာ စတုတ္ထဗုံး ကွဲခဲ့ပြန်ပါတယ်။

မန္တလေးနဲ့ နေပြည်တော်က ဗုံးပေါက်ကွဲမှုဓာတ်ပုံတွေဟာ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက်ဖြစ်တဲ့ Facebook ကနေတဆင့် မြန်မာတွေကြားမှာ ပြန့်နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရရဲ့ မြန်မာ့အလင်း သတင်းစာထဲမှာ ဗုံးကွဲတဲ့သတင်း ပါလာပါတယ်။ ပေါက်ကွဲမှုကြောင့် အိမ်နှစ်လုံးနဲ့ ကားတစီး ပျက်စီးသွားတယ်၊ ၃ ယောက် ဒဏ်ရာရတယ်၊ ဒါပေမယ့် စိုးရိမ်ရတဲ့အခြေအနေမရှိဘူး စသည်ဖြင့်ပေါ့။

ဒီဗုံးခွဲမှုတွေဟာ ၂၀၁၀ ဧပြီမှာ ဆက်တိုက်ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေလိုမျိုးပဲ အစီအစဉ်ရှိရှိ လုပ်ဆောင်ခဲ့ပုံရပါတယ်။ အဲ့ဒီတုန်းက မူဆယ်မှာရှိတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်ကို ဧပြီ ၁၄ မှာ တကြိမ်၊ ရန်ကုန်က သင်္ကြန်ရေကစားမဏ္ဍပ်ကို ဧပြီ ၁၅ မှာ တကြိမ်နဲ့ မြစ်ဆုံက ရေကာတာစီမံကိန်းကို ဧပြီ ၁၇ မှာ တကြိမ် ဗုံးခွဲခဲ့တာကိုး။ မတူတာတခုကတော့ ဒီတကြိမ် ပေါက်ကွဲမှုတွေဟာ ထိခိုက်သေကြေ ဒဏ်ရာရမှု အများကြီးမရှိဘဲနဲ့ ပစ်မှတ်ကို ထိထိရောက်ရောက် ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့ပုံရတာပါပဲ။ 

အခုလိုဗုံးခွဲမှုတွေဟာ မြန်မာစစ်တပ်က ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း နေပြည်တော်နဲ့ မြစ်ကြီးနားအပါအဝင် မြန်မာပြည်က မြို့ကြီးတွေမှာ ဗုံးကွဲတာ ၆ ကြိမ်ထက်မနည်း ရှိခဲ့ပါပြီ။

မေလ ၁၈ ရက်နေ့တုန်းက ရထားတစင်းပေါ်မှာ ဗုံးကွဲပြီး ခရီးသည် နှစ်ယောက်သေ ကိုးယောက် ဒဏ်ရာရခဲ့ပါတယ်။ နေပြည်တော်နားမှာ ဖြစ်ခဲ့တာပါ။ ဒီဗုံးခွဲမှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်ချက်လို့ အစိုးရက စွပ်စွဲပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာလည်း နေပြည်တော်က ဈေးမှာ ဗုံးနောက်တလုံးထပ်ကွဲပြီး လူနှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြန်ပါတယ်။ လူအဖမ်းအဆီးတချို့ ရှိခဲ့တယ်လို့ ရှေ့ပြေးသတင်းထွက်လာပြီး နောက်ပိုင်းသတင်းတွေ ရေရေရာရာ မကြားရတော့ပါဘူး။

အခု တကြိမ်မှာတော့ ဘယ်အဖွဲ့လက်ချက်ဆိုတာကို မြန်မာ့အလင်းသတင်းစာမှာ တိတိကျကျ ရေးမထားပါဘူး။ ဒါပေမယ့် “သောင်းကျန်းသူများအနေဖြင့် ပြည်သူများ အထိတ်တလန့် ဖြစ်စေရန်နှင့် ရရှိထားပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းသွားစေရန် ရည်ရွယ်လျက် ဖောက်ခွဲဖျက်ဆီးမှုများကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိရာ ယခုအခါ လူစည်ကားရာ အတွင်းပိုင်းနေရာများအထိ ဖောက်ခွဲဖျက်ဆီးနိုင်ရေးအတွက် ဖောက်ခွဲဖျက်ဆီးရေးသမားများကို ငွေကြေးပမာဏာ မက်လုံးပေး၍ ဖြားယောင်းစည်းရုံးသိမ်းသွင်းပြီး စေခိုင်းလျက်ရှိကြောင်း” လို့ ဆိုထားပါတယ်။ 

တခါ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ဗုံးခွဲမှုမှာ သံသယရှိတဲ့ ရှမ်းအမျိုးသား ၃ ဦးကို အစိုးရက ဖမ်းဝရမ်းထုတ်ထားတယ်လို့ မြန်မာ့အလင်းသတင်းစာထဲမှာ ဗုဒ္ဓဟူးနေ့က ရေးထားပြန်ပါတယ်။ ဒါတင်မက ဗုံးကွဲမှုအတွက် သံသယရှိတဲ့ ကချင်အမျိုးသား ၂ ဦးကိုလည်း မန္တလေးမှာ ဖမ်းထားတယ်လို့ ကြားရပါတယ်။ အဲ့ဒီသံသယ ရှိသူတွေဟာ ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်တယ်ဆိုတာကို အာဏာပိုင်တွေက အခုထိ ပြောဆိုခြင်း မရှိသေးပါဘူး။ 

ဒါကတော့ ဗုံးကွဲမှုဖြစ်တိုင်းမှာ အစိုးရက လုပ်လေ့လုပ်ထရှိတဲ့ နည်းပါပဲ။ ပထမအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို အစိုးရက ဆက်လက်တိုက်ခိုက်နေတာဟာ မှန်တယ်ဆိုတာကို ပြဖို့ “သောင်းကျန်းသူ” တွေရဲ့ လက်ချက်လို့ ရိုးမယ်ဖွဲ့မယ်။ ပြီးရင်တော့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဘယ်တော့မှ တိုက်ရိုက်ပတ်သက်မှုမရှိတဲ့ အာဏာပိုင်တွေ မျက်စိစပါးမွေးစူးနေသူ ၃၊ ၄ ယောက်ကို ဖမ်းမယ်။ အဲ့ဒီလို အဖမ်းခံရသူတွေဟာ ဗုံးကွဲမှုနဲ့မဆိုင်တဲ့ အခြားပြစ်မှုတွေနဲ့ ထောင်ချခံရတာချည်းပဲ။ ဥပမာအနေနဲ့ ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ သင်္ကြန် ရန်ကုန်ဗုံးကွဲမှုအပြီးမှာ အဖမ်းခံခဲ့ရတဲ့ လူ ၅ ယောက်ဟာ အဲ့ဒီဗုံးခွဲမှုနဲ့ ဘယ်သောအခါကမှ အချိတ် အဆက်မရှိပေမယ့် အခြားအမှုတွေဆင်ပြီး ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ခံခဲ့ရပါတယ်။   

လေ့လာစောင့်ကြည့်သူတွေကတော့ ပြီးခဲ့တဲ့အပတ်က ဗုံးခွဲသူတွေဟာ အသေအပျောက်မရှိဘဲ ပစ်မှတ်ကို ဖျက်ဆီးနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ စွမ်းရည်ကို ပြချင်ပုံရတယ်လို့ ထောက်ပြကြပါတယ်။ တချို့ကလည်း အခုလို အစီအစဉ်ရှိရှိ ထိထိမိမိ ဆောင်ရွက်နိုင်မှုဟာ တောတွင်းအခြေစိုက် တိုင်းရင်းသားတပ်တွေမှာ ရှိတဲ့ စွမ်းရည်ထက်ကို သာလွန်နေတယ်လို့ ယူဆကြပါတယ်။

ပြဿနာက ဖြစ်ပွားခဲ့သမျှ ဗုံးကွဲမှုတွေထဲက ဘယ်ဗုံးကွဲမှုကိုမှ အစိုးရလုံခြုံရေးအရာရှိတွေ ရှင်းရှင်းလင်းလင်း၊ တာဝန်ယူမှု ရှိရှိနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာမျိုး မရှိပါဘူး။ မှုခင်းဆေးပညာဆိုင်ရာ သက်သေခံ အထောက်အထားတွေ စုဆောင်းတာ၊ အချက် အလက်တွေကို လူထုထံချပြတာ စသည်ဖြင့် ဘာမှ မလုပ်ခဲ့ပါဘူး။ ဒီလိုမလုပ်ခဲ့လို့လည်း မြန်မာပြည်သူ တော်တော်များများက အစိုးရ အာဏာပိုင်တွေအပေါ် အယုံအကြည် မဲ့လာတဲ့အပြင် မတည်ငြိမ်မှုတွေ ဖန်တီးဖို့နဲ့ အတိုက်အခံတွေကို နှိပ်ကွပ်ပြီး အာဏာဆက်ကိုင်ထားဖို့ အတွက် အစိုးရကိုယ်တိုင်ကများ ဒီလို ဖောက်ခွဲမှုတွေကို စီစဉ်ဆောင်ရွက်တာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

မြို့ကြီးတွေမှာ နေထိုင်ကြသူတွေကတော့ သူတို့အနေနဲ့ ဗုံးကွဲတာတွေကို ကြောက်လန့်တဲ့အတွက် အခုဆိုရင် လူစည်ကားတဲ့ ဈေးလို၊ မီးရထားဘူတာရုံလိုမျိုး နေရာတွေကို ရှောင်နိုင်သမျှ ရှောင်ကြတယ်လို့ ဆိုပါတယ်။

ဗုံးကွဲမှုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကြားမှာပါ စိုးရိမ်မှုတွေ ဖြစ်လာစေပါတယ်။ ဇူလိုင်လထဲမှာ နယ်ကို ခရီးထွက်ဖို့နဲ့ အဲ့ဒီမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွေဆီသွားဖို့ အစီအစဉ်ဆွဲထားတယ်လို့ သူက ဆိုတာကိုး။ သူတို့အတွက် စိုးရိမ်ထိတ်လန့်မှု ပိုဖြစ်စေတာကတော့ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ကလိုမျိုး နယ်တွေဆီ ခရီးထွက်မယ်ဆိုရင် “အကြမ်းဖက်နှောင့်ယှက်မှု” နဲ့ ကြုံရလိမ့်မယ်လို့ အစိုးရမီဒီယာက မကြာသေးခင်ကပဲ သတိပေးခဲ့တာ ဖြစ်ပါတယ်။

အားလုံးအတွက် အဓိက စိုးရိမ်စရာကတော့ ဗုံးကွဲမှုတွေ လျော့ပါးမသွားတဲ့အပြင် တိုးလာနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒီဗုံးခွဲတိုက် ခိုက်မှုတွေကို ကြိုးကိုင်သူတွေနဲ့ ကျူးလွန်သူတွေဟာလည်း လွတ်နေဆဲပါ။ တိုက်ခိုက်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်သူပဲ ရှိနေနေ သူတို့အနေနဲ့ သူတို့ရဲ့ပစ်မှတ်တွေကို အများပြည်သူ ထိခိုက်သေကြေဒဏ်ရာရမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖောက်ခွဲဖျက်ဆီး နိုင်တယ်ဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်နိုင်ပေမယ့် အများစုကတော့ တာဝန်ခံမှု တာဝန်ယူမှု မရှိပါဘူး။  

ဗုံးခွဲသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှာ ဆက်နေအောင် ခြောက်လှန့်လိုတဲ့ အစိုးရအေးဂျင့်တွေ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဒီဗုံးကွဲမှုတွေကို အကာအကွယ်ယူပြီး သူ့ကို လုပ်ကြံဖို့ ကြိုးစားချင်တဲ့ အရိပ်အယောင်တွေတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် ဗုံးခွဲမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို သိက္ခာချဖို့နဲ့ နှိမ်နင်းဖို့ အစိုးရရဲ့ ကြိုးပမ်းမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အစိုးရအနေနဲ့ ထိုးစစ်ကို ဆက်ဆင်နွှဲနေမယ်ဆိုရင် မြို့ပြပျောက်ကြားနည်းနဲ့ ပြန်တုံ့ပြန်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ ဒါမှမဟုတ် အဖွဲ့တွေက အစိုးရကို သတိပေးတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတခုကတော့ ဗုံးခွဲမှုတွေဟာ မြန်မာပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ နှေးကွေးလွန်းနေတာကို စိတ်ကုန်နေကြတဲ့ အစွန်းရောက် ဒီမိုကရေစီဘက်တော်သားတွေလည်း ဖြစ်နိုင်တာပါပဲ။

ဒီနေရာမှာ ထောက်ပြလိုတာကတော့ တစုံတယောက်က ဒီဗုံးကွဲမှုတွေမှာ တာဝန်ရှိပါတယ်လို့ ပြောလာရင်တောင် တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေတယ် ဆိုတာကို ဘယ်သူကမှ သိနိုင်မှာမဟုတ်တဲ့အပြင် ပြည်သူလူထုအနေနဲ့ အန္တရာယ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာပဲ ဆိုတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ “အစိုးရသစ်” ရဲ့ ဗုံးကွဲမှုတွေအပေါ် တုံ့ပြန်တာက ရန်သူကို အပြစ်တင်မယ်၊ သက်သေအထောက်အထားတွေကို ဖုန်းကွယ်ပစ်မယ်ဆိုတဲ့ အစိုးရဟောင်းရဲ့ နည်းနာအတိုင်း ဖြစ်နေလို့ပါပဲ။

အစိုးရလူတွေအနေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ မရှိဘူးဆိုရင်တောင်မှ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ကိုင်တွယ် အရေးယူမှုတွေဟာ သိပ်ကို ပေါ့ပျက်ပျက် ဆန်လွန်းလှပါတယ်။ တရားခံတွေကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိရုံမက အဲ့ဒီ ဗုံးကွဲမှုတွေကို အကြောင်းပြပြီး ဖိနှိပ်မှုတွေ လုပ်ချင်သလောက် လုပ်လို့ရတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ အရင်အစိုးရဟောင်း အတိုင်းပဲ ဆက်လုပ်တယ်၊ အစိုးရသစ်မှာ တာဝန်ရှိသူတွေဆိုတာလည်း နည်းနာဟောင်းအတိုင်း သွားနေတဲ့ အစိုးရဟောင်းက လူတွေပဲဖြစ်တယ် ဆိုတာကို သက်သေပြနေတာလို့ပဲ ကောက်ချက်ချရုံကလွဲလို့ တခြားမရှိတော့ကြောင်းပါ။

Just Too Convenient by Yeni ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်