ပညာရှင်များ ပြန်လာရေးနှင့် အစိုးရ သဘောထား

ပညာရှင်များ မြန်မာနိုင်ငံမှ မထွက်ခွာအောင်၊ ထွက်ခွာသွားပြီးဖြစ်သော ပညာရှင်များ ပြန်လာနိုင်အောင် နိုင်ငံတော်က စီမံချက်ချကာ ဆောင်ရွက်ပေးရန် ရှိမရှိ ယခုသီတင်းပတ် အတွင်း အောက်လွှတ်တော်တွင် အမတ်တဦးက မေးမြန်းသွားသည်ကို တွေ့ရသည်။

ဤအချိန်တွင် ဤမေးခွန်းသည် အမှန်တကယ် မေးသင့်မေးထိုက်သော မေးခွန်းဖြစ်ပြီး ကမ္ဘာအနှံ့ရောက်ရှိနေသော မြန်မာ တတ်သိပညာရှင်များ သိချင်နေသည့် ကိစ္စလည်း ဖြစ်သည်။ သို့သော် ထိုမေးခွန်းကို တာဝန်ယူဖြေဆိုသည့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ အဖြေမှာမူ ရလဒ်တခု ထွက်ပေါ်ရေး မဟုတ်ဘဲ အပြစ်တင်သည့် ခုတ်ရာတခြား ရှရာတခြား အဖြေဖြစ်နေသည်ကို တွေ့ရသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ အဖြေသည် ယခင်စစ်အစိုးရလက်ထက်က စွဲကိုင်ထားသည့် သဘောထား အယူအဆအတိုင်းသာ ဖြစ်သည်။ “မိမိနိုင်ငံကို အကျိုးမပြုဘဲ တခြားပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေခြင်းမှာ အဓိကအားဖြင့် တဦးချင်းစီ၏ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ပေါ်တွင်သာ အခြေခံသည်” ဟု ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ပြောဆိုသွားသည်။

ယင်းပြောဆိုချက်က စစ်အစိုးရ လက်ထက် တိုင်းပြည်၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက် ချွတ်ခြုံကျမှုများအပေါ် တာဝန်မခံသည့်အပြင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်အတွက်လည်း အဖြေရှာရန် မစဉ်းစားသည့် အစိုးရ၏ သဘောထားကိုလည်း ထင်ဟပ်ဖော်ပြနေသည်။ နအဖစစ်အစိုးရ လက်ထက်ကလည်း ယင်းသို့ ပြည်ပထွက်ခွာခြင်းနှင့် ပတ်သက်၍ အစိုးရပိုင်သတင်းစာများမှ ပုံမှန် ပြစ်တင်ဝေဖန်ရေးသားသည်ကို တွေ့ရသော်လည်း အခွင့်အလမ်း မဖန်တီးပေးနိုင်မှု၊ ပွင့်လင်းမြင်သာခြင်း မရှိမှု စသည့် အစိုးရက တာဝန်ခံရမည့်ကိစ္စများကိုမှု ဖုံးကွယ်ထားခဲ့သည်။

သြဂုတ်လအစောပိုင်းကလည်း အစိုးရပိုင်သတင်းစာမှနေ၍ ပြည်ပသို့ ထွက်ခွာအခြေချသူများကို ဝေဖန်ပြစ်တင်သော ဆောင်းပါးတပုဒ် ဖော်ပြခဲ့သေးသည်။ ယင်းဆောင်းပါးတွင် “အစိုးရ” ကို ဗဟိုပြု၍ မစဉ်းစားဘဲ “နိုင်ငံတော်” ကို ဗဟိုပြု၍ စဉ်းစားပါဟု ရေးသားရာ အစိုးရက တာဝန်ယူ စီမံပေးရမည့်အပိုင်းကို ဆက်လက်ရှောင်လွှဲနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

ယခုအချိန်သည် ယင်းသို့ ပြစ်တင်စောကြောရမည့် အချိန်မဟုတ်ဘဲ အစိုးရသစ်အနေဖြင့် မည်ကဲ့သို့ လမ်းဖွင့်ပေးမည်ကို အားတက်သရော ပြောဆိုကမ်းလှမ်းသင့်သည့် အချိန်ဟု ထင်ပါသည်။ ဒု ဗိုလ်ချုပ်ကြီး ကိုကိုပြောဆိုသည့် ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး ခံစားခွင့်ရှိသည် ဆိုသည်မှာလည်း ပညာရှင်များကို ဆွဲဆောင်နိုင်သည့် အချက် မဟုတ်ပေ။

အထူးသဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဉာဏ်သစ်၊ အားသစ် ပညာရှင် လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာသွားကြခြင်းကို မီဒီယာများက ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့ကြသည်။ ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ပြည်တွင်း၌ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးခြင်းတို့ကို ထောက်ပြဝေဖန်ခဲ့ကြသည်။

သို့သော် ယင်းပြဿနာကို ကုစားနိုင်ခြင်း မရှိသည့်အပြင် ပညာတော်သင် ထွက်ခဲ့ကြသည့် အစိုးရဝန်ထမ်း ပညာရှင်များပင် အစိုးရဌာန ထိပ်ပိုင်းရာထူးများအတွင်း စစ်တပ်ကြီးစိုးပြီး ထိုက်တန်စွာ နေရာမရမှုကြောင့် ဘွဲ့အတွက် အစိုးရကို လျှော်ကြေးပေးပြီး ထွက်သူများ၊ ပြည်ပသို့ ထွက်ပြေးသူများ အများအပြားရှိခဲ့သည်။

အဓိကအားဖြင့် ပညာရှင်များကို ဒုတိယအဆင့်တွင်ထား၍ စစ်တပ်မှ ပြောင်းရွှေ့လာသူများက ပထမအဆင့် ရာထူးများတွင် စိုးမိုးထားခြင်း၊ ပညာရှင်များ၏ အမြင်အတိုင်း လွတ်လပ်စွာ တင်ပြ ပြောဆိုခွင့်၊ ဆောင်ရွက်ခွင့်မရှိဘဲ အထက်မှ ချမှတ်သည်များကိုသာ အကောင်အထည်ဖော်ရခြင်း၊ တတ်သိထားသည့် ပညာရပ်များနှင့် မကိုက်ညီသည့် နိမ့်ကျသော လုပ်ငန်းများတွင် လုပ်ကိုင်ရခြင်း၊ တတ်သိလေ့လာထားသည့် ပညာအတိုင်း အကျိုးခံစားခွင့် မရှိခြင်းတို့ကြောင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ ပြည်ပသို့ ထွက်ခွာသွားခဲ့ကြကြောင်း တွေ့ရှိရသည်။

နအဖ အစိုးရလက်ထက်တလျှောက်တွင် ဝန်ကြီးဌာနများအနက် ပညာရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ စွမ်းအင်ဝန်ကြီးဌာနတို့မှ ပါရဂူဘွဲ့ရများအပါအဝင် ပညာရှင် ဝန်ထမ်းအများစု နုတ်ထွက်ခဲ့ကြပြီး တချို့လည်း ပြည်ပသို့ ထွက်ခွာသွားသည်။ နုတ်ထွက်သွားကြသူအများစုမှာ အစိုးရဝန်ထမ်းအဖြစ် ပညာတော်သင် ထွက်ခဲ့ခြင်းအတွက် ဘွဲ့အလိုက် လျှော်ကြေးများ သိန်း ဆယ်ဂဏန်းချီ ပေးခဲ့ကြရပြီး မပေးနိုင်သူများမှာ နာမည်ပျက်စာရင်း အသွင်းခံခဲ့ရသည်။

အစိုးရဝန်ထမ်းအဖြစ် ပညာရှင်များ ရပ်တည်ရန် ခက်ခဲခြင်း၊ ပညာရှင်များကို နေရာပေးနိုင်မည့် ပုဂ္ဂလိက လုပ်ငန်းကြီးများ နည်းပါးခြင်းတို့သည်လည်း ပညာရှင်များ ပြည်ပသို့ ထွက်ခွာရန် တွန်းအားဖြစ်စေခဲ့သည်။

နိုင်ငံအတွင်း အဖက်ဖက်မှ ယိုယွင်းမှုများကို စနစ်တကျ ထောက်ပြပြောဆိုပြီး အချက်အလက်များနှင့် မှတ်တမ်းတင်ခြင်း၊ စာတမ်းများရေးသားဖော်ပြခြင်း ပြုလုပ်သည့် ပညာရှင်များကို နှိပ်ကွပ်ခဲ့ပြီး ယင်းပညာရှင်များ၏ လေ့လာချက်များ ပြင်ပကမ္ဘာသို့ ပေါက်ကြားမည်ကိုလည်း အစိုးရက စိုးရိမ်ခဲ့သည်။

ထူးချွန်သည့် တက္ကသိုလ်မှ ပညာရှင်များ၊ အစိုးရဝန်ထမ်း ပညာရှင်များကို ရာထူးတိုးမပေးခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ပို၍ ဆိုးရွားသည့် အချက်မှာ နိုင်ငံ၏ ယိုယွင်းပျက်စီးမှုများကို သတိပေး ပြောကြားမှုများအစား အစိုးရ၏ လုပ်ဆောင်ချက်များ မည်မျှ မှန်ကန်ကြောင်းကို ပညာရှင်များအား လှည့်ဖျား တင်ပြပြောဆိုစေခြင်းဖြစ်သည်။

တက္ကသိုလ်များတွင် ဘွဲ့လွန်အတွက် ရေးသားရသော သုတေသနများကိုလည်း အစိုးရ၏ စီမံကိန်းများ မည်မျှ ကောင်းမွန်ကြောင်းနှင့် အစိုးရမူဝါဒများက အကျိုးဖြစ်ထွန်းကြောင်းသာ အသားပေး ရေးသားစေခဲ့သည်။ ပညာတော်သင် အစိုးရဝန်ထမ်းများကိုလည်း ဖြစ်နိုင်ပါက ဘွဲ့အတွက် မြန်မာနိုင်ငံတွင် ပြန်လာ၍ သုတေသန မလုပ်ရန်ညွှန်ကြားခံရပြီး ပြည်တွင်းမှ အစိုးရ၏ ချွတ်ချော်လွဲမှားသော စီမံခန့်ခွဲမှု အချက်အလက်များ မပေါက်ကြားစေရပါဟု ခံဝန်လက်မှတ် ထိုးခိုင်းသည်များလည်း ရှိခဲ့သည်။

ယမန်နှစ် သြဂုတ်လက Eleven Media Group ၏ လေ့လာဖော်ပြချက်အရ ၅ နှစ်တာကာလအတွင်း မြန်မာတနိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း ထူးချွန်ဆိုရရှိပြီး Top-Ten ဝင်ခဲ့သူအများစုသည် ပြည်ပသို့ ရောက်ရှိသွားကြကြောင်း သိရသည်။ တချို့က ပညာတော်သင် ထွက်ခွာသွားခြင်း၊ တချို့က ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် စသည့် သက်မွေးဝမ်းကြောင်းတက္ကသိုလ်များ တက်နေဆဲတွင် ပြည်ပသို့ ထွက်ခွာသွားခြင်းများဖြစ်ကြပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ နည်းပါးသည်ဟု ဆိုသည်။

ပြည်တွင်းတွင် ပညာရေးစနစ် နိမ့်ကျနေဆဲဖြစ်ခြင်း၊ ပညာအရည်အချင်းနှင့် လျှော်ညီသည့် အကျိုးခံစားခွင့် မရှိတို့ကြောင့် ပြည်ပထွက်ခွာမှုများ ဆက်လက် ရှိနေကြဆဲဖြစ်သည်။

တရုတ်နိုင်ငံတွင် ခေါင်းဆောင် တိန့်ရှောင်ဖိန် လက်ထက်၌ ပြည်ပပညာတော်သင် အများအပြားစေလွှတ်ခဲ့ရာ အများစုမှာ ပြန်မလာသည့် အခြေအနေကို ကြုံရဖူးသည်။ သို့သော် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ပြည်ပသို့ ထွက်ခွာပြီး အခြေချနေသော ပညာရှင် အများအပြား ပြန်လာခဲ့ကြသည်။ နိုင်ငံ၏ ဖွံ့ဖြိုးရေးလည်ပတ်မှုအတွင်း အားကောင်းစွာ မောင်းနှင်နိုင်သည့် သွင်းအားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာကြသည်။

စစ်အစိုးရလက်ထက် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာနိုင်ငံမှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အကြောင်းအမျိုးမျိုးကြောင့် နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာသွားသူများ သန်းချီ ရှိသည့်အနက် ကျွမ်းကျင်လုပ်သားများအပါအဝင် ပညာရှင်လူတန်းစာမှာ သောင်းနှင့် ချီ၍ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

မြန်မာ အစိုးရသစ်အနေဖြင့် မူဝါဒတင်ကျပ်မှုများကို ဖြေလျှော့ပြီး နိုင်ငံကို အပြောင်းအလဲ လုပ်လိုလျှင် ပြည်ပသို့ ရောက်ရှိသွားသည့် လူ့စွမ်းအား အရင်းအမြစ်နှင့် ယိုစီးသွားသော ဦးနှောက်များကို ပြန်လည်စုစည်းရန်နှင့် နိုင်ငံပြန်လည်ထူထောင်ရေး ပါဝင်ခွင့် လမ်းပွင့်သွားအောင် ကြိုးပမ်းရန်မှာလည်း အရေးကြီးသော ဦးစားပေး စီမံချက် တရပ်ဖြစ်သင့်သည်။

သို့သော် သြဂုတ်လအတွင်း အစိုးရသတင်းစာများ၏ ဖော်ပြချက်နှင့် အောက်လွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့၏ ပြောဆိုချက်အရမူ အစိုးရအနေဖြင့် သင့်လျှော်သည့် အပြောင်းအလဲများလုပ်ရန်နှင့် အခြေအနေများ ဖန်တီးပေးရန် အစီအမံများ မရှိသေးသည့်အပြင် ပြည်ပထွက်ခွာသူများအပေါ် ထားရှိသည့် အစိုးရ၏ မကောင်းမြင် သဘောထားကိုလည်း မပြောင်းလဲသေးကြောင်း တွေ့နေရပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်