မြစ်ဆုံ စီမံကိန်းနှင့် တရုတ်-မြန်မာ ဆက်ဆံရေး

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အစသည် ၂၀၀၅ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသော Asian-African Summit 2005: Commemoration of Golden Jubilee of Asia-Africa Conference တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံဆွေးနွေးမှုမှ ပေါ်ပေါက်လာသော စီမံကိန်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီး ထွက်လာသော လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ရောင်းချရေး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ ဟူကျင်းတောင်နှင့် သဘောတူညီခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် (နအဖ ကောင်စီ အတွင်းရေးမှူး ၁ ဟောင်း)၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း (နိုင်ငံခြားရေးဝန်ကြီးဟောင်း)၊ ပြည်သူ့လွှတ်တော် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ (အမျိုးသားစီမံကိန်းဝန်ကြီးဟောင်း) တို့ပါဝင်သည်။

အဆိုပါ သဘောတူညီချက်အရ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှစ၍ ဧရာဝတီမြစ်၏အစ မေခနှင့် မေလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေး လေ့လာတိုင်းတာမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ လေ့လာတိုင်းတာမှုများအရ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၏ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်ကြောင်း ထိုစဉ်က တာဝန်ရှိသူများ သိရှိခဲ့ပြီးဖြစ်သည်။ လက်ရှိ ပြည်သူအတွင်း ပေါက်ကြားနေခဲ့သော လေ့လာတိုင်းတာမှုများ အစီရင်ခံစာအတိုင်းပင် ဖြစ်ပါသည်။

ထိုစဉ်က နအဖ ထိပ်ပိုင်းခေါင်းဆောင်အတွင်း ဧရာဝတီမြစ်၏အစ မေခနှင့် မေလိခ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မှုကို မနှစ်မြို့ကြသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြန်မပြောရဲ၍ တိုးတိုးတိတ်တိတ်သာ ဝေဖန်ဝံ့ကြသည်ဟု သိရပါသည်။ အခြေအနေမှန်ကိုသိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်လည်း အဆိုပါစီမံကိန်း ဆက်လုပ်ရေး မလုပ်ရေး ချီတုံချတုံ ဖြစ်ခဲ့သည်ဟု နီးစပ်သောအသိုင်းအဝိုင်းမှ ကြားသိရသည်။ ဤကဲ့သို့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း နှောင့်နှေးနေမှုကြောင့် တရုတ်အစိုးရက မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံတိုင်း အမြန်ဆုံး အကောင်ထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

၂၀၀၉ ခုနှစ် ကိုးကန့် အရေးအခင်းအပြီးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ထိုးခွင့် ပြုလိုက်ရပါသည်။ အကြောင်းမှာ ကိုးကန့်ငြိမ်းချမ်ရေးအဖွဲ့အား နယ်ခြားစောင့်တပ် အတင်းအကြပ် ပြုလုပ်ခိုင်းရာမှ မြန်မာစစ်တပ်၏ လက်လွန်ခြေလွန် ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ ကိုးကန့်နယ်မြေအတွင်းမှ တရုတ်လူမျိုး သောင်းနှင့်ချီ၍ တရုတ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရသည်။ တရုတ်လူမျိုးတို့၏ ပိုင်ဆိုင်မှု အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ တရုတ်အစိုးရက မြန်မာအစိုးရအား တရုတ်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကိစ္စနှင့် ပတ်သက်၍ စစ်ရေးနည်းဖြင့် မဖြေရှင်းရန် မကြာခဏ မေတ္တာရပ်ခံသည့်ကြားမှ မြန်မာစစ်တပ်က ဖုန်ကြားရှင်၏ ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ဒေါသထွက်ခဲ့သည်။

ကိုးကန့်ကိစ္စကြောင့် မြန်မာအစိုးရအား တရုတ်အစိုးရက နိုင်ငံတကာတွင် ထောက်ခံပေးနေမှုကို ပြန်လည်စဉ်းစားကောင်း စဉ်စားလာရလိမ့်မည်ဟု တရားမဝင် အသံပြုလာခဲ့သည်။ ထို့ကြောင့် ထိုစဉ်က နံပတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကိုယ်တိုင် တရုတ်ခေါင်းဆောင်များအား သွားရောက်ရှင်းပြ တောင်းပန်ခဲ့ရသည်။ သို့သော် တရုတ်ခေါင်းဆောင်များက ကျေနပ်မှုမရှိဘဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းထက် အဆင့်မြင့်သော၊ အဆုံးအဖြတ်ပေးနိုင်သော နအဖ ခေါင်းဆောင်ကို စေလွှတ်ရန် ပြောလွှတ်လိုက်ကြောင်း၊ ထို့အပြင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါဝင် တခြားစီမံကိန်း ၃ ခုကို ထိုနအဖ ခေါင်းဆောင်မှ MOU လက်မှတ်ရေးထိုးပေးရန်လည်း မှာကြားလိုက်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင် နအဖ ဒုဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ရှိ ဒု သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်မြင်ဦး (နအဖ အတွင်းရေးမှူး ၁ ဟောင်း)၊ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ လက်ရှိ ရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေး (နအဖ အဖွဲ့ဝင်)၊ လက်ရှိလျှပ်စစ် (၁) ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်း၊ ဦးဥာဏ်ဝင်း၊ ဦးစိုးသာ၊ ပြည်သူ့လွှတ်တော် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ (စွမ်းအင်ဝန်ကြီးဟောင်း)၊ လက်ရှိအမျိုးသားစီမံကိန်းဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း (ကုန်သွယ်ရေးဝန်ကြီးစောင်း) တို့ ပါဝင်သည်။

အဆိုပါခရီးစဉ်တွင် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခွင့်ပြုချက်ဖြင့် တရုတ် ဒု သမ္မတနှင့် ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရောင်းချခွင့်ပေးရေး သဘောတူညီခဲ့ရသည်။ အဆိုပါ သဘောတူစာချုပ်ကို မြန်မာဘက်မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်နှင့် တရုတ်ဘက်မှ China Power Investment Corporation ဥက္ကဋ္ဌ မစ္စတာ Lu Qizhou တို့ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုနေ့တွင်ပင် တခြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MOU ကို ဝန်ကြီး ဦးစိုးသာနှင့် တရုတ် ကုန်သွယ်ရေး ဒု ဝန်ကြီး မစ္စတာ Chen Jian ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရေး MOU ကို သံအမတ်ကြီး ဦးသိန်းလွင်နှင့် China National Petroleum Corporation မှ မစ္စတာ Liao Yongyuan  တို့ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များ၏ မှားယွင်းသောအတွေးအခေါ်နှင့် အတ္တကြီးမှု၊ စဉ်းစားဉာဏ် အမြော်အမြင်နည်းပြီး ခေတ်ပညာအားနည်းမှု၊ ပညာရှင်များကို ပစ်ပယ်မ၊ှု တိုင်းပြည်အရေးထက် ကိုယ့်အကျိုးစီးပွားကို ဦးစားပေးခဲ့မှု၊ ဗေဒင်လက္ခဏာ ယုံကြည်မှု၊ နိုင်ငံတကာ နိုင်ငံရေးပြောင်းလဲနေမှုများကို လျစ်လျူရှုမှုစသည့် အချက်များကြောင့် ယနေ့ မြန်မာနိုင်ငံသည် တချိန်က ကိုယ်ထောက်ပံ့ပေးခဲ့ရသော အိမ်နီးချင်း လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများထက်ပင် နိမ့်ကြနေသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ နိုင်ငံရေးချွတ်ခြုံကျမှု၊ စီးပွားရေးယိုယွင်းလာမှုတို့ကြောင့် ၁၉၈၈ ခုနှစ်မတိုင်မီ တချိန်က ရန်သူဖြစ်ခဲ့သော တရုတ်နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံဘဝ ရောက်မှန်းမသိ ရောက်နေရသည်ကို ယနေ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းက သက်သေပြနေပါသည်။

ယခင်လွန်ခဲ့သော အနှစ် ၂၀ နီးပါးကတည်းက လုပ်သင့်သော အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ယခုမှ တက်သုတ်ရိုက် လုပ်လာကြရပါသည်။ စာရေး သူတို့ငယ်စဉ် ကလေးဘဝက ၁၉၆၇ ခုနှစ် တရုတ်-မြန်မာ အရေးခင်းကို မီခဲ့ပါသည်။ ထိုစဉ်က တရုတ်တို့၏ ယဉ်ကျေးမှုတော်လှန်ရေး မြန်မာနိုင်ငံသို့ ကူးစက်လာပြီး တရုတ်တို့၏ စော်ကားရိုင်းပြမှုများကြောင့် အရေးအခင်း ဖြစ်ခဲ့သည်ဟု နားလည်ခဲ့ပါသည်။

၁၉၆၇ ခုနှစ်နောက်ပိုင်း တရုတ်စစ်တပ်များ ကိုယ်တိုင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ တပ်များအဖြစ် အရေခြုံ၍ တရုတ်နယ်စပ်နေ တရုတ်လူမျိုးများ၊ “ဝ” နှင့် ”ကိုးကန့်” တို့သည် တရုတ်-မြန်မာ နယ်စပ် မြန်မာပိုင်နယ်မြေများအား ယနေ့အချိန်ထိ သိမ်းယူထားဆဲ ဖြစ်ပါသည်။ စာရေးသူအပါဝင် လက်ရှိ စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များသည် တရုတ် ထောက်ပံ့သော ဗကပ တပ်များနှင့် ၁၉၈၈ ခုနှစ် နှောင်းပိုင်းအထိ စစ်တိုက်ခဲ့ကြရသည်။

ဒု သမ္မတ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးသည် ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး အမှတ် (၁၁) ခြေလျင်တပ်ရင်း ဒု တပ်ရင်းမှူး ဗိုလ်မှူးတင်အောင်မြင်ဦးအနေဖြင့် ဗကပနှင့်တိုက်သည့် မိုင်းယန်းစစ်ဆင်ရေးတွင် သီဟသူရဘွဲ့ ရခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် ဗိုလ်မှူးတင်အောင်မြင်ဦး၏ တပ်ရင်းမှူး အပါဝင် အရာရှိစစ်သည် အများအပြား ကျဆုံးသွားခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မ (၈၈) တပ်မမှူး တာဝန်ယူစဉ် မိုင်းယောင်းမြို့တခုလုံး တရုတ် ထောက်ပံ့သော ဗကပ တပ်များ၏ လက်ချက်ကြောင့် ဝင်ရောက်သိမ်းပိုက်ခံခဲ့ရပြီး အရာရှိစစ်သည် အများအပြားနှင့် အရပ်သားများပါ သေကြေခဲ့ရသည်။ အလားတူ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး တပ်မ (၇၇) တပ်မမှူး ဖြစ်စဉ် မော်ဖဒေသတွင် အရာရှိ စစ်သည်ပေါင်းများစွာ တရုတ် ထောက်ပံ့သော ဗကပ တပ်များ၏ လက်ချက်ကြောင့် ကျဆုံးခဲ့ကြသည်။ ထိုကျဆုံးသွားသည့် အရာရှိစစ်သည်များအပေါ် လက်ရှိခေါင်းဆောင်များအနေဖြင့် သစ္စာစောင့်သိသင့်ပါသည်။

တရုတ်တို့သည် ၁၉၈၈ ခုနှစ်အရေးအခင်းအပြီး မြန်မာအစိုးရနှင့် အနောက်နိုင်ငံများ နိုင်ငံရေး အဆင်မပြေမှုအပေါ် အခွင့်ကောင်းယူ၍ မြန်မာနိုင်ငံအပေါ် နည်းပရိယာယ် ပြောင်းလဲကျင့်သုံးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပထမဦးဆုံး တရုတ်သြဇာခံ နယ်စပ်တိုင်းရင်းသား လက်နက်ကိုင်များကို မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် လမ်းဖွင့်ပေးခဲ့ပြီး ဗကပ ခေါင်းဆောင်များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရစဉ် တရုတ်သံအမတ်ကြီးက ပထမဦးဆုံး အသိမှတ်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာလွှဲမပေးမှန်း သိလာသောအခါ ပြန်လည်နောက်ဆုတ်သွားခဲ့သည်။

ထိုအချိန်က တရုတ်တို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၄င်းတို့အတွက် စီးပွားရေးသည် အဓိကဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်ရန်လိုသည်ဟု မူဝါဒချမှတ်ခဲ့သည်။ မြန်မာ့ပြည်တွင်းရေးကိစ္စများ ရှုပ်ထွေးပြီး အနောက်နိုင်ငံများ၏ ဖိအားများလာလေ တရုတ်တို့ကြိုက်လေပင် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်လောက်မှစ၍ မြန်မာနိုင်ငံ၏ သယံဇာတများအပေါ် တရုတ်တို့ မျက်စေ့ကျလာပြီး ငွေလုံးငွေရင်းနှင့်ရင်းနှီးမြုပ်နှံလာကြသည်။ နိုင်ငံတကာတွင် မြန်မာ့နိုင်ငံကို ထောက်ခံပေးမည်ဆိုသည့် ကတိကဝတ်နှင့် မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ရန်ပြုလုပ်လာသည်ကို တွေ့ရသည်။ တရုတ်တို့သည် မြန်မာအတွက် စီးပွားရေးသာမက လူမျိုးရေးအရပါ အန္တရာယ် ရှိလာခဲ့သည်။ တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းများလာတိုင်း မြန်မာနိုင်ငံအတွင်းရှိနေသော တရုတ်လူမျိုးများအား အကာအကွယ်ပေးရန် မြန်မာအစိုးရတာဝန်ရှိသူများကို မှာကြားလေ့ရှိသည်။

ယနေ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အဓိကအရေးပါသော ဆုံးဖြတ်ချက်ကို လက်ရှိ မြန်မာအစိုးရက ဆုံးဖြတ်ရပါတော့မည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ဦးတည်းသဘောနှင့် တရုတ်တို့နှင့် သဘောတူညီခဲ့သော အဆိုပါ စီမံကိန်းကြီးသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမှန်း သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နားလည်ပါသည်။

၂၀၀၁ ခုနှစ်က ဧရာဝတီမြစ်အတွင်း အိန္ဒိယသမုဒ္ဒရာမှ ဗန်းမော်မြို့အထိ တရုတ်ကုန်သင်္ဘောများ သွားလာခွင့်ကို သဘောတူပြီးနောက် သမ္မတ ကျန်ဇီမင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် လက်မှတ်ထိုးခါနီး၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောမတူဟု လုပ်သဖြင့် ထိုအချိန်က တရုတ်တို့ ဒေါသထွက်ခဲ့ဖူးသည်။ တရုတ်တို့အနေဖြင့် စီးပွားရေးဆက်လုပ်မည်ဆိုလျှင် တရုတ်မုန်းတီးရေးဝါဒ မြန်မာတိုင်းရင်းသားများအတွင်း မကြီးထွားလာအောင် ကြိုးစားရပါလိမ့်မည်။ တရုတ်-မြန်မာ ဆက်ဆံရေး ဆက်လက်ကောင်းချင်လျှင် တရုတ်အစိုးရအနေဖြင့်လည်း မြန်မာပြည်သူတို့၏ ဆန္ဒကို အသိအမှတ်ပြုရန် လိုသကဲ့သို့ မြန်မာအစိုးရသစ်အနေဖြင့် တရုတ်အစိုးရအား ပြေလည်ရာပြေလည်ကြောင်း ရှင်းပြ၍ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်သင့်ပါသည်။

ဧရာဝတီမြစ်အရေးသည် အမျိုးသားရေးဖြစ်ပါသည်။ လူတဦးတယောက် တပါတီအရေးမဟုတ်ပါ။ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးအနေဖြင့်လည်း အစိုးရအတွင်း တာဝန်ရှိသူများကို အမျိုးသားအရေးအမြင် ရှိလာအောင်  ညီညီညွတ်ညွတ် ဝိုင်းဝန်းမှ ဧရာဝတီကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်