မေး။ ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး တနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုထင်မြင်ယူဆပါသလဲ။
ဖြေ။ ။ ဒါကတော့ ခင်ဗျား ဧရာဝတီတိုင်းရဲ့ ဘယ်နေရာကို ရောက်သွားတယ်ဆိုတဲ့အပေါ် မူတည် ပါလိမ့်မယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရဲ့ စီးပွားလုပ်ငန်းထွန်းကားရာ ဗဟိုချက်မဒေသတွေ၊ ရန်ကုန်နဲ့ နီးကပ်တဲ့ ကျေးရွာ တွေမှာတော့ လူအများစုက ပြန်လည်ထူထောင်နေကြပါပြီ။ ပြောရမယ်ဆိုရင် ပုံမှန် ဘ၀အခြေအနေ ပြန်ရောက်နေပြီ ဆိုနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်း ဖြစ်ထွန်းရာ ဗဟိုချက်မဒေသတွေမှာတော့ လူတွေက အိမ်တွေ ဆောက်နေတာ၊ ဈေးတွေပြန်စည်ပင်နေတာ၊ စီးပွားရေး ရောင်းဝယ်ဖောက်ကားနေကြတာ မြင်ရပါလိမ့်မယ်။
အဲဒီဒေသတွေမှာ လူတွေ ပုံမှန်နေထိုင်မှု ပြန်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ရုန်းကန်ကြရပါလိမ့်ဦးမယ်။ ဒါပေမယ့်လည်း မြစ်ဝကျွန်းပေါ် အနောက်တောင်ပိုင်းဒေသမှာ … အထူးသဖြင့် ခေါင်တဲ့ ကျေးလက်ဒေသတွေမှာ လူတွေက သောက်သုံး ရေ၊ ချိုးရေတောင် အလုံအလောက် မရနိုင်ကြပါဘူး။ သူတို့က အကူအညီပေးတဲ့ အဖွဲ့တွေဆီက ပေးလာတဲ့ အစား အသောက်တွေကို မှီခိုနေကြရတုန်းပါ။ သူတို့ မိသားစုဝင်တွေ၊ အိုး အိမ်တွေ ဆုံးရှုံးခဲ့ကြရပြီး သူတို့ဘ၀ ပြန်လည် ထူထောင်နိုင်ဖို့ ပစ္စည်းကိစ္စအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။ ဆိုလိုတာက အဲဒီ ဒေသကလူတွေက ပြန်လည်ထူထောင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းရုန်းကန်ကြရဦးမှာပါ။
မေး။ ။ နာဂစ်မုန်တိုင်းပြီးနောက်မှာ ကလေးတွေ မိဘမဲ့ဖြစ်ကုန်တာ ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းနိုင်ပါသလား။ ခင်ဗျားတို့အဖွဲ့က အဲဒီကလေးတွေအတွက် ဘာလုပ်ပေးနေပါသလဲ။
ဖြေ။ ။ မိသားစု လုံးဝ မကျန်တော့တဲ့ ကလေး ၁၀၀၀ လောက်ကို ကျနော်တို့ မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေ အားလုံး သေကုန်ကြပါပြီ။ ဒီကလေးတွေကို စာရင်းထဲ ထည့်သွင်းနိုင်ခဲ့ပြီး အဖွဲ့အစည်း တော်တော် များများကလည်း ဒီအချက်အလက်တွေကို အသုံးပြုနိုင်ကြပါတယ်။ ကျနော်တို့က ကလေးဆုံးရှုံးသွားရတဲ့ မိဘတွေ၊ မိဘဆုံးရှုံးသွား ရတဲ့ ကလေးတွေကို ဆက်စပ်ပေးတာ၊ ချိတ်ဆက်ပေးတာတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒီကလေးတွေ အများစုကို သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်ပေါင်းစည်းပေးတာမျိုး၊ ဒါမှမဟုတ် ဆွေမျိုးနီးစပ်တော်သူတွေနဲ့ ချိတ် ဆက်ပေးတာ မျိုး၊ ဒါမှမဟုတ် အဲဒီရပ်ရွာကပဲ မွေးစားချင်သူတွေနဲ့ ချိတ်ဆက်ပေးတာတွေ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီကလေး အများစုက ခရစ်ယာန်တွေဖြစ်နေပေမယ့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေက ဖွင့်ထားတဲ့ မိဘမဲ့ စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်နေကြရတုန်းပါ။ ကျနော်တို့က ဒီလိုစောင့်ရှောက်ရေးဌာနတွေကို ထောက်ပံ့ပေးပါတယ်။ ကလေးတွေ နေထိုင်ရေး၊ ပညာရေး အခြေအနေတွေ တိုးတက်လာအောင် ပံ့ပိုးပေးနေပါတယ်။
မေး။ ။ ခင်ဗျားတို့ အဖွဲ့အစည်းအနေနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ၊ ပံ့ပိုး ကူညီတဲ့ နေရာမှာ ဘယ်လို အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ ရင်ဆိုင်နေရပါသလဲ။
ဖြေ။ ။ အခုတွေ့ရသလောက် အကြီးဆုံး အခက်အခဲကတော့ ထောက်ပံ့ရေး လမ်းကြောင်းပါပဲ။ ကျနော်တို့ လုပ်ကိုင်နေတဲ့ ကျေးရွာတွေက သိပ်ခေါင်ပါတယ်။ ရွာအများစုက လှေတွေနဲ့ပဲ သွားလို့လာလို့ ရောက်နိုင်ကြပါတယ်။ တချို့ရွာတွေက မြစ်ဝကျွန်းပေါ်ဒေသ တောင်ဖက်အစွန်းမှာ ရှိနေပါတယ်။ အဲသည်မှာ မြစ်ဝကျယ်ပြီး၊ ဒီရေ အတက်အကျ ကလည်း ပြင်းထန်ပါတယ်။ အခု မုတ်သုန်မိုးရာသီ ရောက်ပြီဆိုတော့ သွားလာ ရတာလည်း အင်မတန် အန္တရာယ် ကြီးပါတယ်။ ဒါက ကျနော်တို့ တွေ့ရတဲ့ အကြီးဆုံး အခက်အခဲပါ။
မေး။ ။ “မုန်တိုင်းပြီးကာလ မြစ်ဝကျွန်းပေါ်ဒေသမှ အသံများ” (After the Storm: Voices from the Delta) လို့ အမည်ရတဲ့ အစီရင်ခံစာတစောင်ကို ပြည်ပရောက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တခုက ထုတ်ဝေခဲ့ပါတယ်။ သူတို့ပြောတာက မြစ်ဝကျွန်းပေါ်ဒေသမှာ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တင်ပြဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောထားပါတယ်။ ဒီအစီရင်ခံစာအပေါ် ခင်ဗျား ဘယ်လိုများ ပြောချင်ပါ သလဲ။
ဖြေ။ ။ အရေးပေါ် ကူညီရေးအဖွဲ့ (EAT) ရဲ့အစီရင်ခံစာက မြစ်ဝကျွန်းပေါ်ဒေသအတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အခြေအနေကို မှားယွင်းမြင်လာအောင် ဖော်ပြထားပါတယ်။ ပထမအချက်က ဒီအစီရင်ခံစာ က ပြောရရင် အများစုက ဆိုင်ကလုန်းမုန်တိုင်းတိုက်ပြီး ပထမလပိုင်း အခြေအနေကိုပဲ အလေးပေးဖော်ပြထားတာပါ။ ဒီ အချိန်မှာ အခြေအနေက သိပ်ရှုပ်ထွေးခက်ခဲလွန်းပါတယ်။ ဒီအစီရင်ခံစာက နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်ကြတဲ့ ကြိုးပမ်းမှုတွေကို မျှမျှတတ မဖော်ပြထားပါဘူး။
အဲဒီမှာ ဘာတွေ လုပ်ငန်းအောင်မြင်တယ်ဆိုတာ မဖော်ပြထားပါဘူး။ ဥပမာပြောရရင် - Save the Children အဖွဲ့က နာဂစ် မုန်တိုင်းတိုက်ပြီး ပထမ ၂ ပတ်အတွင်းမှာပဲ လူပေါင်း ၁၆၀၀၀၀ ဆီ အကူအညီတွေရောက်အောင် ပေးပို့ ကူညီနိုင်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ် အနောက်တောင်ဖက် အစွန်အဖျားကျတဲ့၊ မုန်တိုင်း ပထမဦးဆုံး သက်ရောက်ခဲ့တဲ့ ဒေသတွေ အပါအ၀င်ပါ။ ဒီအစီရင်ခံစာက အကူအညီတွေ ဘယ်လိုပေးနိုင်ခဲ့ကြတယ်ဆိုတဲ့ ပိုပြီးမျှတတဲ့ ပုံမျိုး မဖော်ပြ ပေးခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။
မေး။ ။ မြန်မာစစ်အစိုးရ အနေနဲ့ နောက်ထပ် လူသားချင်းစာနာမှု အကူအညီတွေ ရရှိလာစေရေးအတွက် အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စမှာ ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ။ ။ Save the Children အဖွဲ့က မြန်မာအစိုးရရဲ့ တချို့ဌာနတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့က လူမှုဝန်ထမ်း ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာနတွေနဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ သူတို့ရဲ့ ပူးပေါင်းကူညီမှုနဲ့ပဲ ကျနော်တို့က လူထုအခြေပြု အထောက်အကူပေးရေး လုပ်ငန်းတွေ လုပ်နိုင်တာပါ။ ဒါပေမယ့် အစိုးရဌာနတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောရင်တော့ လုံးလုံး မမှန်ပါဘူး။ ။
< Prev | Next > |
---|