“ပြေးခွင့်ရနေမယ်ဆိုရင်လည်း မဆိုးဘူး….”

ကာတွန်း အော်ပီကျယ်သည် ၁၉၈၁ ခုနှစ်မှစတင်၍ မဂ္ဂဇင်းများတွင် ကာတွန်းရေးဆွဲခဲ့ပြီး ၁၉၈၉ ခုနှစ် မှ စ၍ အချိန်ပြည့် ကာတွန်း ဆရာဘဝကို ခံယူ ရေးဆွဲခဲ့သည်။ ယနေ့ အထိ ဂျာနယ် ၊ မဂ္ဂဇင်းများတွင် ရေးဆွဲခဲ့သော ကာတွန်းများပါဝင်သည့် လုံးချင်း ကာတွန်း စာအုပ်ပေါင်း ၄ အုပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။

မကြာသေးခင်အချိန်မှ စတင်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးကာတွန်းများကို ရေးဆွဲခဲ့ပြီး လွန်ခဲ့ သည့် ဇွန်လဆန်းက ပန်းချီဆရာ၊ ကဗျာဆရာ တချို့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် Environment Art Exhibition အမည်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အနုပညာပြပွဲ တခုကို ကျင်းပခဲ့သော အဆိုပါ ကာတွန်း အော်ပီကျယ် အား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။     ။ ဘာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဆက်တိုက်ရေးဆွဲရတာလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ တာဝန်မကျေသေးဘူးဗျ။ သဘာဝ ပတ်ဝန်းကျင်ကို စိတ်ဝင်စားလို့ ဆိုတာထက် လုပ်မယ့်သူ မရှိလို့ လုပ်ဖြစ်သွားတာ။ နောက်ပြီးတော့ ကာတွန်းဆရာ တယောက်အနေနဲ့ ဝေဖန်ချင်တယ်၊ ထောက်ပြချင် တယ် ဆိုတာကလည်း တပိုင်းပါတယ်။ နောက်တခုက Education နဲ့ Entertainment ပေါင်းပြီး အက်ဂျူ တိန်း ဆိုတာမျိုး လူတွေကို ပညာပေးတဲ့ပုံစံနဲ့ ဆရာမ ဂျူး တို့လို စာရေးကောင်းတဲ့ စာရေးဆရာတွေက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကလေးတွေနား လည်အောင်၊ လူတွေ ဖတ်ချင်အောင် လုပ်လာကြတာ တွေ့ရတယ်။ အဲဒီမှာ ကျနော်လည်း IEC လို့ ခေါ်တဲ့ Information, Education, Communication အစီ အစဉ်နဲ့ပတ်သက်လို့ UNDP တို့ UNICEF တို့ မှာ ဆွေးနွေးပွဲတွေ တော်တော်လေး လုပ်ခဲ့ပေးဖူးတယ်။

အဲဒီလို လုပ်ပေးတဲ့အခါမှာ လူတွေကို ခံစားမှုပေးရုံသက်သက် ဘာမှ ပညာ မပေးပြန်ရင်လည်း မကောင်းဘူး၊ တခါ ဗဟုသုတပဲပေးပြီး သူတို့ ရင်မခုန်ဘူး၊ ဖတ်ချင်စိတ်မရှိဘူး ဆိုရင်လည်း မကောင်းဘူးဆိုတာ သိလာ တယ်။ အဲဒီတော့ အဲဒီ ၂ ခုကိုပေါင်းစပ်ပြီး ဖန်တီးနိုင်တဲ့ အတတ်ပညာ တခုကို ကျနော် နည်းနည်းလေး အတွေ့အကြုံရှိလာခဲ့တယ်။ ၁၀ နှစ်ကျော်လောက် အတွေ့အကြုံရလာတယ်။ နောက်တော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ဆရာ ဇော်မြင့်နီတို့၊ ဆရာခင်မောင်ညိုတို့ ဆရာမဂျူးတို့ ရေးတာတွေ ဖတ်ရ တော့ ကာတွန်းအနေနဲ့လည်း ရေးလို့ ရတယ်လို့ သိလာတယ်။ ကာတွန်းကျတော့ တိုလည်းတိုတယ်၊ ခေတ်လည်း ခေတ်မီတယ်၊ နောက်ပြီး အရုပ်တွေလည်းပါတော့ လူတွေ ရယ်ရအောင်လည်း လုပ်ပေးနိုင် တယ်။ အဲဒါကြောင့် တတ်နိုင်သလောက် လုပ်ပေးခဲ့တာ။

ဒါပေမယ့် လုပ်ချင်တာတွေ အများကြီး ကျန်သေးတယ်။ ခု လာမယ့်လ ကလေးဂျာနယ် တစောင်မှာ အိုဇုန်းလွှာပါးလာတဲ့အကြောင်းကို လုပ်ထားတယ်။ လူတွေနားလည်အောင်ပါ၊ သိပ်ပြီး သိပ္ပံ ပညာတွေ ဘာတွေ ပြောမပြထားဘူး။ ရိုးရိုးလေးပါပဲ။ ဖြစ်နိုင်တဲ့ဟာ၊ လူတွေလုပ်နိုင်မယ့်ဟာကိုပဲ ရေးချင်တယ်။ နောက်ပြီး စာတွေ နည်းချင်တယ်။ နောက်တော့ Waste management တို့၊ သစ်ဆွေး မြေသြဇာနဲ့ ပတ် သက်ပြီးတို့၊ နောက်ပြီး ရေတိမ်ဒေသ၊ ဒီရေတော .. အဲဒါလေးတွေ ဖတ်ထားတာတွေတော့ များတယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး။ နောက်ပြီး မအားတာ။

ဂျူနီယာဆိုတဲ့ ကလေးမဂ္ဂဇင်းလေးမှာ ၄ မျက်နှာလောက် လုပ်ထားတာရှိတယ်။ ကလေးတွေကို ပညာပေး တာ။ ကလေးသိရင် ကလေးမိဘတွေပါ သိသွားတယ်ဗျ။ ကလေးကို မိဘက ဖတ်ပြမယ်။ ကလေးကို ဗဟို ထားပြီး ဗဟုသုတပေးရင် အနိမ့်ဆုံးအဆင့် မိဘ တွေပါသိသွားမယ်။ ကလေးကို ပစ်မှတ်ထားပြီး လူကြီးပါ နားလည်အောင်လုပ်တာပါ .. ကလေး သက်သက်တော့ မရည်ရွယ်ပါဘူး။

မေး။     ။ ဆရာ့ရဲ့ ကျကျမ်းလို ကာတွန်းတွေကို အင်တာနက်ပေါ်မှာ တွေ့လာရတယ်။ လုံးချင်းအဖြစ် ထုတ်ဝေဖို့ အစီအစဉ်ရှိလား။

ဖြေ။     ။ ကျကျမ်းကတော့ တကယ်ဆို တအုပ်ပြည့်အောင်ရေးမလို့ဗျ။ ကျနော်က တက်ကျမ်းတွေကို ငယ်ငယ် ကတည်းက အရမ်းကြိုက်ခဲ့တာ။ ဒီကျကျမ်းကတော့ ရေးရတာကိုတော်တော့်ကို ပျော်တာ။ ပျော်လို့ ရေးတယ်ဆိုပါတော့။ ဒီ ကျကျမ်းကို ရေးတာ တက်ကျမ်းတွေကို လှောင်ချင်လို့မဟုတ်ဘူး။ လူ့သဘာဝကို သရော်ချင်တာ။ စကားပုံရှိတယ်မဟုတ်လား။ သွားပါများခရီးရောက်ဆိုတာကို ကျနော်တို့က သွားပါများ ဖိနပ်ပေါက်ဆိုတာမျိုးပေါ့။ ခရီးတော့မရောက်ဘူး ဖိနပ်ပေါက်တာပဲ အဖတ်တင်တယ် ဆိုတာမျိုး လုပ်တာ။ ဒါပေမယ့် သိပ်ကိုဆင်ဆာများတဲ့အတွက် အခု ၂၀ လားပဲ ရှိလိုက်တယ်။ နောက် အခွင့်အလမ်း ဂျာနယ် ဆိုတဲ့၊ စီးပွားရေးဒီပလိုမာရတဲ့ လူငယ်တွေစုလုပ်ကြတဲ့ ဂျာနယ်လေးတစောင်မှာ အဲဒါလေး စရေးတာ။ ပါလိုက် မပါလိုက်ဆိုတော့ သူတို့လည်းလက်လျှော့လိုက်ရတယ်။ ကျနော်အခု အဲဒါမျိုးတွေဖြစ်နေတာ။

အိုလံပစ် ဆိုလည်း အဲဒီလိုပဲ။ ဘောလုံးကိုအခြေပြု ရေးရတာပေါ့။ ကျနော်တို့ ဘောလုံးပွဲတွေမှာ နောက်တာ ရှိတယ်လေ၊ ဘောလုံးကို အလယ်ခေါင်မှာထားပြီး လူကန်တယ်ဆိုတာ။ ကျနော်လည်း အဲဒီလိုဖြစ်နေပြီ။ ဘောလုံးကို အလယ်ခေါင်မှာထားပြီး လူကန်တာ များသွားတယ်ထင်တယ်။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ယူကြတော့ အဲဒီကနေ ပုဒ်ရေ ၁၀၀ နီးပါးလောက်တော့ ရတယ်။ တအုပ်စာ လုပ်လို့ ရတာပေါ့။

ကျနော်က ဘောလုံးပွဲကို အဓိကရေးတာ မဟုတ်ဘဲ လူ့ကာရိုက်တာကို အဓိက ရေးတာဆိုတော့ ထုတ်ဖြစ် ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ နောက်တခုကောင်းတာက ဘာမှမဆိုင်တဲ့ ဂီတ ဂျာနယ်လို မျိုးမှာ ရေးတာ။ Invention ဆိုပြီး ရေးတာပေါ့ဗျာ။ အခု ၂၀ လောက်တော့ ရှိပြီဗျ။ အပတ် ၃၊ ၄ ဆယ် လောက်မှ အခု ၂၀ လောက်ရတာပါ။ ဆင်ဆာထိတာ များသွားတယ်ဗျ။ တီထွင်တာကို ရေးတာပေါ့ဗျာ။ တီထွင်တဲ့သူ တွေကတော့ စေတနာနဲ့တီထွင်တယ်ဆိုတာကို ရေးတာ။ ကျကျမ်းလိုပဲ ၇ ကွက်၊ ၈ ကွက်ပေါ့။ တီထွင်တဲ့ သူရယ်၊ တီထွင်တဲ့ အကြောင်းလေးရယ်၊ တီထွင်တဲ့ ခုနှစ်ရယ်ကို ရေးတာ။ ၂၀ လောက်မှာပဲ ရပ်သွားတယ်။

ကျနော် ကာတွန်းတွေ မထုတ်ဖြစ်တာ နောက်ဆုံး ၁၉၉၉ လောက်ကဆိုတော့ ၁၀ နှစ်လောက် ရှိပြီဗျ။ နောက်ဆုံး စတုတ္ထမြောက်လုံးချင်းပေါ့။ အရင်က ၁၉၉၆၊ ၉၇ လောက်တုန်းကတော့ ကွန်ပျူတာနဲ့ လုပ်သေး တယ်။ ဒါပေမယ့် အဲဒီတုန်းက သိမ်းတဲ့ ပစ္စည်းတွေက ဈေးကြီးတော့ သေချာ မသိမ်းနိုင်တာများတယ်။

ခု နောက်ပိုင်းတော့ ဆွဲပြီးသမျှကို သိမ်းတယ်။ အကုန်လုံး စကန်ကူးထားတယ်။ ကျနော့်ရဲ့ External Hard Disc ထဲမှာ အကုန်ရှိတယ်။ ကျနော်နဲ့ ဟားဗတ်တုန်းက ခင်တဲ့ထိုင်းမလေး တယောက်ရှိတယ်။ သူကလည်း ကျနော့် ကာတွန်းတွေ ဖတ်ချင်တယ် ဆိုတာနဲ့ ချင်းမိုင်ရောက်တုန်း သူ့ကိုပေးခဲ့တယ်။ အဲဒါကို သူ့ကို ပြောရ တယ်။ အကုန်လုံး လျှောက်မဖြန့်ပါနဲ့ဦး၊ ကျနော့်မှာ စာအုပ်လေး ဖြစ်မှ ထမင်းစားရတာ။ အင်တာနက်မှာ တင်လို့ ပြန့်တာကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ထမင်းစားစရာ မကျန်ဘဲနေမယ်လို့တောင် သူ့ကို စခဲ့သေးတယ်။ အဲဒီမှာ သူက ကျကျမ်းလောက်ကို စဖြန့်တယ်နဲ့ တူပါတယ်။

ဘယ်လိုဖြတ်ရတောက်ရတယ်ဆိုတာတောင် ကျနော့်ကိုလှမ်းမေးသေးတယ်။ နောက်တော့ “သူ၊ သူမ” တင်လိုက်တယ်။ အဲဒါလည်း အဲဒီလိုပဲ တအုပ်စာ ဖြစ်အောင်ရေးမယ်ဆိုပြီး စာအုပ်တွေချပြီးရေးတာ။ အဲဒါကျတော့ ကျကျမ်းလောက် ရေးရတာ မပျော်ဘူးဗျ။ သူက အကြောင်းအရာ ရှာရတာခက်တယ်။ တော်တော်လေး လုပ်ရတယ်။ နောက်ပြီး ဗျူးတီးမှာ ခန္ဓာကိုယ်ကြီးအကြောင်း ကလေးတွေ သိအောင် လုပ်မယ်ဆိုပြီး ရေးသေးတယ်။ ဦးနှောက်ကနေစလိုက်တာ အစာအိမ် လောက်မှာရပ်သွားတယ်။ တပုဒ် လောက်ရဖို့ ၄ ရက်လောက် ကုတင်ပေါ်မှာ စာအုပ်တွေဖြန့်ပြီး ဆွဲရတာ။ အရမ်းပင်ပန်းတယ်။ ကျနော်နဲ့ ဆေးပညာနဲ့ကလည်း ပြဒါးတလမ်း သံတလမ်းမဟုတ်လား။ အဲဒါနဲ့နောက်ပိုင်း မတတ်နိုင်တော့ဘူး။

မေး။     ။ မြန်မာပြည်ရဲ့ လက်ရှိ ကာတွန်းလောကအခြေအနေကို သုံးသပ်ပေးပါ။

ဖြေ။     ။ အဓိကကတော့ လောလောဆယ် ကာတွန်းတွေက ကျနော်တို့ ငယ်ငယ်ကလိုတော့ မဟုတ် ဘူး။ စာမျက်နှာတွေတော့ တော်တော်လေး ရနေပါပြီ။ သို့သော် ကာတွန်းတွေက ဖန်တရာတေတာလည်းပါ တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများက ကာတွန်းမပါလည်း လည်ပတ်လို့ရတယ်ဆိုတဲ့ အသိစိတ် တော်တော်များများ ဝင်သွားပြီဗျ။ အရင်ကဆိုရင် ဂျာနယ်တွေမှာ ကာတွန်းပါမှ ဆိုတဲ့ အသိစိတ်နဲ့ လုပ်ကြတာ။

နောက်တခုက ကာတွန်းတွေက တကယ်နှိုက်နှိုက်ချွတ်ချွတ် ရေးလို့မရဘူး။ အဲဒီတော့ ကာတွန်း ဆိုရင် ဂျာနယ်၊ မဂ္ဂဇင်းတွေက နည်းနည်းလန့်တယ်။ အထူးသဖြင့် ကျနော်လိုလူမျိုးဆို လန့်တယ်။ ကာတွန်းက အရည်အသွေးပိုင်းကတော့ လူကြောင့်မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ကြိုက်ခဲ့တဲ့ ကာတွန်းဆရာတွေက ခုချိန် ထိ ကျန်းကျန်းမာမာနဲ့ အသက် ၆၀ ဝန်းကျင်မှာ လုပ်နိုင်ကိုင်နိုင်ရှိနေသေးတာပဲ။ ကာတွန်းတွေလည်း ရေးနေ တုန်းပဲလေ။ သူတို့ဟာတွေကိုက အရည်အသွေးအားမကောင်းတော့ဘူး။ အရည်အသွေး ကျသွားတယ် လို့တော့ ပြောလို့မရဘူး။ သိပ်ပြီးအရည်အသွေးပြကွက် မရှိဘူးပေါ့။ ကိုဟန်လေးတယောက်ပဲ လွတ်လွတ် လပ်လပ် လုပ်ခွင့်ရှိတာကိုးဗျ။

နောက်ပြီး ကာတွန်းဆရာ တော်တော်များများက ဂရပ်ဖစ်ဒီဇိုင်းတွေ၊ သရုပ်ဖော်ပုံရေးတာတွေ လုပ်ကြတယ်။ သရုပ်ဖော်ပုံရေးတာက ကာတွန်းထက်ဈေးပိုရတာကိုး။ ရပ်တည်ဖို့အတွက် လုပ်ကြရတယ်။ နောက်ပြီး သရုပ် ဖော်ပုံက ဂျာနယ်တစောင်၊ မဂ္ဂဇင်းတစောင်မှာ လေး၊ ငါးပုံ သုံးတယ်လေ။ ကာတွန်းကျတော့ တပုံပဲသုံးတာ။ အဲဒါလည်း ကွာသွားတာပေါ့။ နောက်ပြီး ကာတွန်းဆွဲရတာ ပင်ပန်းတယ်၊ အိုင်ဒီယာ ထုတ်ရတာ ကိုး။ သရုပ်ဖော်ပုံကျတော့ ဒီလောက် အိုင်ဒီယာထုတ်စရာ မလိုဘူးလေ။ လွယ်တာ လုပ်တာတော့ မဟုတ်ဘူးဗျ။

ဒါပေမယ့် ကျနော်က ဘယ်လိုစဉ်းစားမိလဲဆိုတော့၊ ကျနော်တို့ကာတွန်းဆရာတွေ အနေနဲ့ ဘောလုံးကို သေချာကန်ခွင့် မရပေမယ့် ကွင်းထဲ ပတ်ပြေးခွင့်ရနေမယ်ဆိုရင်လည်း မဆိုးဘူးပေါ့ဗျာ။ ကာတွန်းနဲ့ စား မလောက်လို့ ဖားကန့်သွား ကျောက်တူးမယ်၊ ရေနံသွားတူးဦးမယ်ဆိုရင်တော့ ကွင်းထဲ ပြန်ခေါ်ဖို့ ခက်တယ် လေ။ အဲဒီတော့ အခြေအနေ တခုခုက အဆင်ပြေပြီ၊ လွတ်လွတ်လပ်လပ်တွေ ရေးခွင့်ရပြီဆိုရင် ကွင်းဘေး မှာ ကပ်လျှက်ရှိနေမယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ အဲဒီအချိန်ရောက်လို့ ဘောလုံးလေး ချပေးမယ်ဆိုရင် တော့ သူတို့ ကန်ကြမှာပါ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်