စာရေးဆရာ မောင်မိုးသူ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်

စာရေးဆရာ ဦးမိုးသူ (မောင်မိုးသူ) သည် ၁၉၈၈ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်းစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သူတဦး ဖြစ်သည်။

၁၉၈၈/၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်များတွင်လည်း ပါဝင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်တဦးလည်း ဖြစ်သည်။ ဦးမိုးသူသည် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးထိမ်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့်အခါ စာပေလောကသို့ ပြန်လည် ရောက်ရှိသွားသည်။

ဦးမိုးသူက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အဖြစ်အပျက်တချို့ကို ဧရာဝတီသို့ ပြောပြခဲ့သည်။

မေး ။     ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတာတွေထဲက အမှတ်တရ တခု ပြောပြပေးပါ။

ဖြေ ။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်ဗမာပြည် ခရီးစဉ်မှာ ပထမဦးဆုံး ကြို့ပင်ကောက်မြို့ကို သွားကြတယ်။ ရန်ကုန်တိုင်းကို ရှောင်လိုက်တာပေါ့။ ပဲခူးတိုင်းက စပြီးသွားတယ်၊ နောက်တော့ ပြည်မြို့ကို ရောက်တယ်။ နောက်ဆုံး ချောက်မြို့၊ နတ်မောက်မြို့။ ချောက်မြို့မှာ အိပ်တော့ ပခုက္ကူကလူတွေလည်း လာကြိုကြ စောင့်ကြတယ်။

အဲဒီ အချိန်တုန်းက ည မထွက်ရအမိန့်ကလည်း ရှိတယ်။ ည ခရီးမထွက်ရတော့ တဖွဲ့လုံး ချောက်မြို့မှာ ထိုင်ပြီး ဆွေးနွေးပွဲတွေ လုပ်ကြရတာပေါ့။  ကျနော်တို့က အောက်ထပ်မှာ ဆွေးနွေးပွဲ ထိုင်ပါတယ်။ ၈ နာရီ ကျော်ကျော်လောက်မှာ ဒေါ်စုကို နားခွင့်ပေးပါ၊ ဦးမိုးသူပဲ ဆက်ဆွေးနွေးပါဆိုပြီး ဒေါ်စုက အပေါ်ထပ်တက်ပြီး နားပါတယ်။

နားတဲ့အချိန်မှာ ည ၈ နာရီ ၁၅ ဘီဘီစီ သတင်းဌာနက ကြေညာချက်တခု ထွက်ပါတယ်။ ဘာကြေညာချက်လဲ ဆိုတော့ ဒေါ်စုရဲ့ခင်ပွန်းဖြစ်တဲ့ မိုက်ကယ်ကို တိုင်းပြည်ကနေ နှင်ထုတ်တဲ့ အမိန့်စာထွက်ပါတယ်။

ကလေးတွေကလည်း အဲဒီသတင်း ကြားတော့ ကျနော့်ဆီ ပြေးလာပြီး ပြောကြတယ်။ မိုက်ကယ်ကို နှင်ထုတ်တာတွေ လုပ်တယ်၊ ဒေါ်စုကို ပြောပေးပါဦးပေါ့။ ကျနော်က သူနဲ့ အတူရှိနေတဲ့ မသိင်္ဂီကို ပြောရတယ်၊ သိင်္ဂီရေ ဒေါ်စုကို ခဏ ခေါ်ပေးပါဦးပေါ့။ ဒေါ်စု ရောက်လာတော့ မိုက်ကယ်ကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ လုပ်တယ် ဆိုပြီး ဘီဘီစီက ကြေညာတယ် လို့ ရှင်းပြလိုက်တယ်။ “အေးလေ၊ ဘယ်တတ်နိုင်မှာတုန်း၊ နှင်ထုတ်တော့ ဘာဖြစ်တုန်း” တဲ့။

ပစ်ထားလို့တော့ ဘယ်ဟုတ်မလဲ၊ ဖုန်းဆက်ဖို့တော့ ကောင်းတာပေါ့၊ ကျနော်တို့ တည်းတဲ့အိမ်က တယ်လီဖုန်း ရှိတယ်၊ ဒေါ်စုအိမ်မှာလည်း တယ်လီဖုန်း ရှိတယ်။ ဆရာမိုက်ကယ် ရှိနေဦးမှာပဲ၊ ဖုန်းဆက်ရအောင် လို့ ဆိုတော့ “အင်းလေ အဲဒါဆို ဆက်ကြတာပေါ့” ဆိုပြီး ဒေါ်စု ဖုန်းဆက်ပါတယ်။ ဖုန်းဆက်တော့ သူတို့ ဇနီးမောင်နှံ စကား ပြောလို့ ရအောင် ကျနော် ခပ်လှမ်းလှမ်းကနေ နေပေးတယ်။ ဒေါ်စု စကားပြောဆိုပြီး ပြန်လာတယ်။ ပြန်လာတော့ “သူက မထွက်ဘူးလို့ ပြောတယ်၊ ဖမ်းချင် ဖမ်းပလေ့စေလို့ ပြောတယ်။ ကျမကတော့ အင်း သဘောပဲ၊ မတတ်နိုင်ဘူးလေ၊ ထွက်ရင်လည်း ထွက်၊ နေမယ် ဆိုရင်လည်း အဖမ်းခံမယ် ဆိုရင်လည်း ခံပေါ့လို့ ပြောလိုက်တယ်” တဲ့။

သူ အပေါ် ပြန်တက်သွားတယ်။ ကျနော်က ရဲဘော်တွေနဲ့ သွားဆွေးနွေးတာပေါ့ဗျာ၊ ရဲဘော်တွေက ဒီသတင်းလည်း သူတို့ အကုန်လုံး ကြားတယ်လေ၊ ဘာပြောတုန်း ဆိုတော့ ခရီးစဉ် ရှေ့ဆက် သွားဦးမှာလား၊ ဒေါ်စု ဒီကနေ လှည့်ပြန်မှာလား၊ မေးပေးပါဦးတဲ့။ သွားမှာပေါ့ ဆိုတော့လည်း မေးပေးပါဦး ဆိုတော့ နောက်တခါ ထပ်ပြီး ဒေါ်စုကို ခေါ်ရပြန်တာပေါ့။  

ဒေါ်စုက တခါ ပြန်ဆင်းလာတယ်၊ ဘာတုန်း ဆိုတော့ လာကြိုတဲ့ အဖွဲ့က ဒေါ်စုကို ခရီးစဉ် ဆက်မှာလား မဆက်ဘူးလား သိချင်နေကြတယ် ဆိုတော့ “ဟာ ကျမတို့ ခရီးစဉ် ဆက်မှာပေါ့၊ ဆက်ရမှာပေါ့၊ ကိစ္စမရှိပါဘူး၊ အားလုံးကို ပြောပြပါ”လို့ ဆိုတယ်။ ပြောပြီး အပေါ် တက်ခါနီးမှာ ကျနော့်ကို လှမ်းပြောတယ်၊ “ဆရာရေ ကျမတော့ မိုက်ကယ့်အပေါ်ကို သိပ် မတရားလှဘူး ထင်တယ်နော်”တဲ့။ ဒါက ဒေါ်စုနဲ့ ပတ်သက်တဲ့ အမှတ်တရလေးပေါ့။

မေး ။     ။ ၁၉၈၈ ခုနှစ် သြဂုတ်လ ရန်ကုန်ဆေးရုံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့ အကြောင်းလည်း ပြောပြပါဦး။

ဖြေ ။     ။ ဆေးရုံကြီးမှာ စာပေနဲ့အနုပညာရှင်တွေက စင်တခု လုပ်ထားတယ်။ ရေတိုင်ကီဟောင်းကြီးပေါ်မှာ တက်ဟောကြတာပေါ့။ ဆရာမောင်သော်က တို့၊ ကျနော်တို့ အကုန်လုံး ဟောကြတာပေါ့။ အဲဒီစင်မှာ ဒေါ်စု လာဟောတယ်။ အဲဒါ ဒေါ်စု ပထမဆုံး ပရိသတ်နဲ့ တွေ့တဲ့ပွဲလို့ ဆိုရမှာပေါ့။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလား လို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။ ရွှေတိဂုံမှာ ပြောတာတော့ ပိုကောင်းတာပေါ့၊ ကမ္ဘာကျော် မိန့်ခွန်းပဲ။ အင်မတန် ပြောင်မြောက်ပါတယ်။ အင်မတန် ထူးချွန် ထက်မြက်တဲ့ ခေါင်းဆောင်တယောက်ပါပဲ။

ကျနော်တို့ ပြောစရာ တခု ရှိတယ်။ အထူးသဖြင့် မောင်သော်က၊ ဦးဝင်းတင်နဲ့ ကျနော်တို့က  ဗမာစာပေနယ်မှာ လူကြီးတွေ ဖြစ်နေပြီပေါ့ဗျာ၊ ထင်ရှားတဲ့ စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ဖြစ်တာပေါ့ဗျာ။ ဆရာမောင်သော်ကနဲ့ ကျနော်တို့ ဆိုတာ ကိုယ့်ကိုယ်ကိုယ် အဟောအပြော ကောင်းလှချည်ရဲ့ ဆိုပြီး ထင်ကြတာပေါ့ဗျာ၊ အဲဒီတော့ ဒေါ်စုကို စိုးရိမ်တယ်၊ ဗမာစကား အသုံးအနှုန်း ပြီးတော့ ပရိသတ်ကြီးနဲ့ ပြောတဲ့အခါ ဘယ်လိုနေမလဲ ဆိုပြီး စိုးရိမ်တာပေါ့။

မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆရာတို့ စကားပြောတာ၊ မိန့်ခွန်းပြောတာမှာ ဘယ်လို ကွာခြားသလဲ။

ဖြေ ။     ။ တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံး ရွေးချယ်မှု တိကျ မှန်ကန်တယ်။ အထောက်အထားလေးတခု ပြောပြရမယ် ဆိုရင် ကျနော်တို့ ပြောတဲ့ စကားတွေကို တိပ်ခွေနဲ့ ဖမ်းထားတာ ရှိတယ်။ ပြန် ကူးရေးပြီး သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ရတာပေါ့ဗျာ၊ ကျနော်ပြောတာ ပြီးတော့ ဦးဝင်းတင် ပြောတာ၊ ကိုသော်က ပြောတာ၊ ဒေါ်စု ပြောတာ ထုတ်တယ်။  ကျနော်တို့ပြောတဲ့ဟာတွေ ဆိုရင် အကြောင်းအရာ နှစ်ခါ သုံးခါ ပြန်ထပ်သွားတာတွေ ပါတယ်၊ ၀ါကျ မပြည့်စုံတာတွေ ပါတယ်။

ဒီတော့ ကျနော်တို့ ပြန်တည်းဖြတ်ရပါတယ်။ ပြောတဲ့ စကားကို ပုံနှိပ်ဖို့အတွက် ပိုမို တိကျအောင်၊ ၀ါကျလည်း မှန်အောင် ပြန်တည်းဖြတ်ရပါတယ်။ ဒေါ်စုပြောတာတွေကို တခါမှ တည်းဖြတ်စရာ မလိုဘူး၊ သိပ်ထူးခြားတဲ့ အမျိုးသမီး။ တိကျတဲ့ စကားလုံးပဲ သုံးတယ်၊ ၀ါကျများလည်း ပြည့်ပြည့်စုံစုံပဲ။ ဒီတော့ ကျနော်တို့လည်း လန့်ဖျပ်သွားတာပေါ့၊ တယ်စွမ်းတဲ့ အမျိုးသမီးပါလား ဆိုပြီးတော့။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်