မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေး အပေါ် အငြိမ်းစား သံအမတ်တဦး အမြင်

သခင်ချန်ထွန်းသည် ၁၉၆၉ မှ ၁၉၇၄ ခုနှစ်အထိ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ မှ ၁၉၇၆ ထိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ၁၉၇၄ - ၇၅ တွင် မြောက်ကိုရီးယားဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးတွေအတွက် တက်ကြွစွာ ဆောင်ရွက်နေသူ ဝါရင့် နိုင်ငံရေးသမားဟောင်း တဦးလည်းဖြစ်သည်။

ဇွန်လအလယ်က ထွက်ခွာလာသော မြောက်ကိုရီးယား Kang Nam 1 သင်္ဘော သည် မြန်မာနိုင်ငံသို့ ဦးတည် နေသည်ဟု သတင်းများထွက်ပေါ်နေပြီး နိုင်ငံတကာ သတင်းဌာန တချို့ကလည်း မြန်မာနိုင်ငံတွင် နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များကို မြောက်ကိုရီးယား အကူ အညီ ဖြင့် တည်ဆောက်နေမှု ဗွီဒီယို မှတ်တမ်းကို ထုတ်လွှင့် ပြသခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီယားနိုင်ငံတွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သခင်ချန်ထွန်းကို မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။     ။ မြောက်ကိုရီးယား သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ချိန်မှာ မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေး နဲ့ အခုလက်ရှိ ဆက်ဆံရေး အနေအထားကို ပြောပြပေးပါ။

ဖြေ။     ။ အဲဒီတုန်းက အရမ်းကောင်းခဲ့တယ်၊ မြန်မာရဲ့ သံတမန်ဆက်ဆံရေး အစမို့လားတော့မသိဘူး အရမ်းဂရုစိုက်တာပဲ။ အဲဒီလို ကောင်းနေရာကနေ ၁၉၈၃ မှာ တောင်ကိုရီးယားသမ္မတကို မြန်မာပြည်ကို ဖိတ်တော့ မြောက်ကိုရီးယားက အာဇာနည် ဗိမာန်မှာဗုံးလာခွဲတာ လူ ၂၂ ယောက်လောက်သေတယ်လေ။ တောင်ကိုရီးယား သမ္မတတောင် လာတာနောက်ကျသွားလို့ မသေခဲ့တာ။ အဲဒီလိုလုပ်ခဲ့တဲ့ သူတွေ။ သူတို့က ဘာဖြစ်ဖြစ် အကုန် လုပ်ရဲတယ်။

အခုအချိန်မှာ အမေရိကန်က မြန်မာကို တားမြစ် ကန့်သတ်တာတွေ လုပ်တော့ လက်ရှိမြန်မာ အစိုးရက အမေရိကန်ကို ရန်သူလို သဘောထားတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ကလည်း ရန်သူ၊ ရန်သူ အချင်း ချင်း မဟာမိတ် ဖြစ်သွားတယ်။ ၁၉၈၃ တုန်းက အာဇာနည်ဗိမာန်မှာ ဗုံးခွဲလို့ လူတော်တော်များများ သေသွားတာ တွေကို အမှတ်မထားတော့ဘူး။ အမေရိကန်ကို အာဃာတ ရှိနေတော့ မြောက်ကိုရီးယားနဲ့ မဟာမိတ် ပြန်လုပ်နေ တယ်လို့ပဲ မြင်ပါတယ်။ အီရန်တို့၊ ကျူးဘားတို့လို အမေရိကန်နဲ့ မတည့်တဲ့နိုင်ငံတွေနဲ့ လည်း ပိုရင်းနှီးဖို့ ဆောင် ရွက် နေတယ်။ ဒီလိုပဲ မြင်တယ်။

မေး။     ။ ဗိုလ်ချုပ်ကြီး နေ၀င်းလက်ထက်နဲ့ အခုလက်ရှိဆက်ဆံရေးက ဘာကွာခြားတာကို တွေ့ရပါသလဲ။

ဖြေ။     ။ ဟိုတုန်းကတော့ သံတမန်အဆက်အသွယ် သဘောလောက်ပဲ ယူပြီးလုပ်ထားတာ။ ဘက်မလိုက် နိုင်ငံ အနေနဲ့ လုပ်ခဲ့တာ။ တကမ္ဘာလုံးနဲ့တည့်တယ် ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီတုန်းက ပထမနှစ်မှာ နိုင်ငံခြားရေး ၀န်ကြီးလာတယ်၊ နောက် ဦးနေ၀င်းနဲ့ သမီးစန္ဒာဝင်း လာလည်တယ်လေ၊ ဒီလောက်ပဲ။ ဗုံးခွဲပြီးတဲ့နောက်မှ အဆက်ဖြတ်လိုက်တာ။

အခုက ဟိုက မတောင်းပန်ဘဲ ဒီကပြန်ဆက်တာ။ တောင်းပန်လို့ ကျေအေးတယ်ဆိုတာ သဘာဝကျတယ်လေ၊
တောင်းပန်တာနဲ့ ပတ်သက်ပြီးတော့ မြောက်ကိုရီးယားဘက်က ကြေညာချက်မထုတ်ဘူး၊ အမှန်ကတော့ ကြေညာချက်ထုတ်ရမှာပဲ။ အဲဒါမှ ပြန်ပြီး သံတမန်ဆက်သွယ်လို့ကောင်းတယ်။ သို့သော် ဒီဘက်က စသွားတယ် လို့ပဲ သိရတယ်။

ကူးလူးဆက်ဆံမှုက တော်တော်လေး ရှိနေတယ် ဆိုတဲ့သဘော တွေ့ရတယ်။ သွားတဲ့အခါမှာလည်း ကြည့်ရ တာ က စစ်ရေးသဘော၊ အထူးသဖြင့် လက်နက်ကိစ္စ ပေါ့လေ။

မြောက်ကိုရီးယားက အဲဒါတွေကို မြန်မာထက် ပိုလုပ်တတ်တယ်။ လက်တွေ့လည်း လုပ်နေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီကလိုလားလို့၊ ပြီးတော့ အနုမြူနဲ့ ပတ်သက်တာတွေလည်း ဒီက လိုချင်တာတွေရှိတာပေါ့၊ ဒါကြောင့်ပြန်ဆက်သွယ်နေတယ်လို့ ယူဆတယ်။

နောက်ပြီး ဒီမှာ အနုမြူဓာတ်ပေါင်းဖိုတည်မှာဆိုတော့ အဲဒီဓာတ်ပေါင်းဖိုက တဆင့် အနုမြူဗုံးလုပ်ရင် မြောက်ကိုရီးယားက ပညာတွေ ရနိုင်အောင် ဆက်သွယ်ထားတယ် လို့လည်းထင်တယ်။

မေး။     ။ မြောက်ကိုရီးယားက ဥမင်ဖောက်တာနဲ့ ပတ်သက်ရင်လည်း နာမည်ကြီးတယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ ကျနော် သံတမန်အဖြစ် ဆောင်ရွက်တုန်းက အခု လက်ရှိ သမ္မတရဲ့အဖေက မသေသေးဘူး။ အရမ်းသြဇာ ကြီးတယ်။ သူကိုယ်တိုင် တောင်ကြားတွေထဲက  ဥမင်လိုဏ်ခေါင်းထဲမှာ နေတာ။ အဲဒီမှာ သွား တွေ့ရတယ်။ ရဟတ်ယာဉ်နဲ့ အရင်သွား ပြီးတော့မှတဆင့် မော်တော်ကားနဲ့ သွားရတာ၊ ပြုံယမ်းမှာတော့ ဟန်ပြ ပေါ့၊ သူတို့က စစ်ဖြစ်ရင် အမြဲအသင့်ဖြစ်နေအောင် အဲဒီလိုနေတာ။ ကျန်းမာရေးနဲ့ ပြည့်စုံမှ တွေ့ခွင့်ရတယ်။  သူတို့က အရမ်းတင်းကျပ်တယ်၊ ဘာကိုမှ ဂရုမစိုက်တတ်ဘူး။

အခုလည်း ကျောက်ဆည်၊ မင်းဘူးခရိုင်၊ ချင်းတောင်တန်း၊ ရခိုင်ရိုးမ ဘက်တွေမှာ ဥမင်လိုဏ်ခေါင်းတွေကို မြောက်ကိုရီးယား နည်းပညာအကူအညီနဲ့ ဖောက်ထားတယ် ဆိုတာတွေဖြစ်နေတယ်၊ ဒါကလည်း ဟုတ်လို့ ကျော်လာတာ ဖြစ်မှာပါ။

မေး။     ။ နိုင်ငံတကာ အသိုင်းအဝန်းမှာ နာမည်ဆိုးရှိထားတဲ့ မြောက်ကိုရီးယားလို အစိုးရနဲ့ ဆက်ဆံတာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သက်ရောက်မှုက ဘယ်လိုရှိလာနိုင်ပါသလဲ။ ဒီလိုဆက်ဆံတာ သူတို့ အကျိုးစီး ပွားကြောင့်လား။

ဖြေ။     ။ သူတို့က အဲဒီလောက်ထိ မစဉ်းစားဘူး၊ အမေရိကန်နဲ့ သူတို့ကမတည့်ဘူး။ ဒီတော့ အမေရိကန် နဲ့ မတည့်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံတယ်။ ဒီဆက်ဆံရေးဟာ အမေရိကန်ကို ဂရုမစိုက်ကြောင်း ပြချင်တာလည်း ပါတာပေါ့၊ မြန်မာက လိုချင်တာ အနုမြူဓာတ်ပေါင်းဖိုနဲ့ ပတ်သက်တဲ့ပညာ။ ရှင်းရှင်းပြောရရင်တော့ အနုမြူဗုံး လုပ်နည်းအထိ လိုချင်တာ။ ဒါကြောင့် စောစောကတည်းက သူတို့ရုရှားကို ပညာတော်သင်တွေ အများကြီး လွှတ်ထားတယ်။ ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်ထိသွား လေ့လာတယ်၊ အဲဒါလေးတွေက ခရီးတော်တော် ပေါက်နေပြီ။

ဒါပေမယ့် ရုရှားက နိုင်ငံကြီးဆိုတော့ သိက္ခာ ထိုက်သင့်သလောက် စောင့်ရတော့ ပညာ အပြည့်အစုံ ပေးချင် မှ ပေးမှာ။ မြောက်ကိုရီးယားကတော့ ချဉ်းကပ်ရင် ပေးနိုင်တဲ့ အလားအလာရှိတယ် ဒီလိုပဲမြင်တယ်။

ဒီကလည်းပိုမို ရင်းနှီးအောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့ သွားတယ်တို့၊ ဒု နိုင်ငံခြားရေးဝန်ကြီး အဆက်အသွယ် လုပ်တယ်တို့ ကြားနေရတယ်၊ မြောက်ကိုရီးယား သံရုံးကိုလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ပေးထားတယ်။

ဒါပေမယ့် မြန်မာပြည်ကို မီးတောင်မှန်အောင် မပေးနိုင်ဘဲ နျူကလီးယားတွေ ဘာတွေ စိတ်ကူးနေတာက တော်တော့်ကို ကလေးဆန်တယ်လို့ ထင်တယ်။

မေး။     ။ ရုရှားမြန်မာဆက်ဆံရေးကို ရောဘယ်လိုထင်ပါသလဲ၊ အရင်ရက်တွေက ရုရှားအနေနဲ့ မြန်မာ အပေါ် နိုင်ငံရေးနဲ့ စီးပွားရေး ဖိအားပေးတာကို ကန့်ကွက်ကြောင်း ကြေညာချက် တစောင်ထုတ်တယ်၊ အခုချိန် အထိ မြန်မာကို ရုရှားကထောက်ခံနေဆဲပဲ မဟုတ်ဘူးလား။

ဖြေ။     ။ ရုရှားက မြန်မာကို သူ့လူ ဖြစ်စေချင်သလို တရုတ်လည်း အတူတူပဲ၊ လုနေကြတာ။ ဒီအချိန်မှာ တရုတ်က မထောက်ခံတော့ ရုရှားက ထောက်ခံတာပေါ့။

ပြီးတော့ မြန်မာက ပညာတော်သင်တွေ ရုရှားမှာ အများကြီး။ အဲဒီလူတွေကို ရုရှားက သူ့လူလို သဘောထားတာ ပေါ့။ အခုလဲ မြန်မာကို သူ့လူဖြစ်အောင် လုပ်တယ်၊ ဒီလိုပဲယူဆပါတယ်။

မေး။     ။ တရုတ်က မြောက်ကိုရီးယား - မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေတယ်လို့ လဲ ကြားတယ်။ ဘာကြောင့်လို့ ထင်ပါ သလဲ။

ဖြေ။     ။ တရုတ်က မြန်မာအကြောင်းသိတယ်။ မြန်မာက အခု ကောင်းရင် ကောင်းတယ်၊ ချက်ချင်းရန်သူ ဖြစ်ဖို့ ကလည်း ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး။ မကြိုက်ရင် မကြိုက်သလိုချလိုက်တာ။ မြောက်ကိုရီးယားမှာ လည်း ဒီသဘောမျိုးတွေ ရှိတယ်။

အခုတရုတ်က မြောက်ကိုရီးယားကို ချော့နေရပြီ။ အရင်က သူမြောက်ကိုရီးယားကို အကာအကွယ်ပေးခဲ့ပေမယ့် အခုသူသိပ်ပြီးတော့ အကာအကွယ်မပေးတော့ဘူး၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို သိပ်မကန့်ကွက် တော့ဘူး၊ ဒီသဘောတွေ တွေ့လာရတယ်၊

အခု မြန်မာကိုလည်း တရုတ်က သေချာ နာမည်သာ တပ်မပြောတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေး ပါ ဆိုတဲ့သဘောမျိုး ပြောလာတယ်။ အမျိုးသား ပြန်လည် ပေါင်းစည်းပါ ဆိုတဲ့စကားမျိုး စပြောလာပြီ။

နောက်တဆင့်တက်ပြီး မြန်မာက မြောက်ကိုရီးယားနဲ့ ပို ရင်းသွားရင် တရုတ်ကလည်း မြောက်ကိုရီးယား အပေါ် သဘောထားသလို မြန်မာကို ဒီသဘောမျိုးဖြစ်လာနိုင်တယ်။ အစကတော့ ဒီနိုင်ငံတွေအတွက် ထိုက်သလောက် ကာကွယ်လာတာ။ လုံခြုံရေးကောင်စီမှာ အရေးယူဖို့ ဆိုရင် နောက်ပိုင်း ထောက်ခံမဲ မပေးသည့်တိုင်အောင် မဲမပေးဘဲနေတာမျိုး လုပ်လာနိုင်တာပေါ့။ မြန်မာကလည်း လုပ်ချင်ရာလုပ် နောက်ကတရုတ်ထောက်ခံမယ်ဆိုတဲ့ သဘောမျိုးဆိုရင်တော့ မှားမှာပဲ။

မေး။     ။ မြန်မာက တောင်ကိုရီးယားကို ဓာတ်ငွေ့ရောင်းတယ်၊ မြောက်ကိုရီးယားဆီက လက်နက် ပြန် ၀ယ်တယ်။ အဲဒီ ၂ နိုင်ငံဆက်ဆံရေးက တင်းမာမှုတွေရှိတော့ မြောက်ကိုရီးယား - မြန်မာ ဆက်ဆံရေးကို ထိခိုက်နိုင်မလား။

ဖြေ။     ။ ဒါကတော့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းထားကတည်းက မြန်မာနိုင်ငံက ဓာတ်ငွေ့ကို တောင်ကိုရီးယားက ၀ယ်လာတာ။  အခု ၁ နှစ်၊ ၂ နှစ် အတွင်းမှာမှ  မြောက်ကိုရီးယား ဆီက လက်နက်ဝယ်တယ်ဆိုတာမျိုး သတင်းတွေ ဖြစ်လာတာ။ ဒါပေမယ့် အခု မြန်မာကို တောင်ကိုရီးယား သမ္မတ ဟောင်းက ဝေဖန်လာပြီ၊ တောင်ကိုရီးယား အစိုးရအဖွဲ့ထဲက အမတ်တွေ ပြောလာရင်တော့ တမျိုးဖြစ်လာ နိုင် တာပေါ့။ ဒါက တောင်ကိုရီးယားပေါ်မှာပဲ တည်တာပဲ။ မြန်မာအနေနဲ့က ၂ ဘက်စလုံးနဲ့ ဆက်သွယ် ချင်မှာပဲ။

မေး။     ။ နိုင်ငံတနိုင်ငံအတွက် အာဇာနည်ဗိမာန်လိုမျိုး ဗုံးခွဲမှုက သံတမန်လောကနဲ့ နိုင်ငံတကာမှာ ဘယ်လောက်ဆိုးဝါး ပါသလဲ။

ဖြေ။     ။ အကြီးကျယ်ဆုံး ပြစ်မှုပေါ့၊ ဒါမြန်မာကိုစော်ကားတာပဲ။ တကယ့် မြန်မာပြည်ကို တည်ထောင် သွားတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေရဲ့ သင်္ချိုင်းနေရာနဲ့ ပေ ၃၀ ၊ ပေ ၄၀ လောက်ဝေးတဲ့ လူတွေ နားနေဆောင် အဆောက်အဦးမှာ လုပ်တာ၊ ဗမာနဲ့ တောင်ကိုရီးယားဝန်ကြီး တချို့ သေခဲ့ကြရတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်