ခရီးသွားနေတဲ့ လွင်မိုး

သရုပ်ဆောင် အကယ်ဒမီ လွင်မိုးသည် ၁၉၈၉ ခုနှစ်မှစ၍ ရုပ်ရှင် အနုပညာလောကထဲသို့ စတင် ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ၏ သရုပ်ဆောင်သက်တမ်း နှစ်၂၀ အတွင်း ရင်ထဲက ဆောင်းရာသီ(၁၉၉၉) ၊ ပန်းတပွင့်  ဖန်ဆင်းခြင်း(၂၀၀၁) နှင့်

တခါကဧရာဝတီညများ (၂၀၀၇) တို့ဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုများ ရရှိခဲ့သည်။ မြန်မာပြည်အနှံ့ သွားရောက်ကာ ဝါသနာအလျောက် ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး တခြား သော ဓာတ်ပုံပညာရှင်များနှင့် ပူးပေါင်း၍ ဓာတ်ပုံပြပွဲများလည်း ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ် နတ်မ တောင် နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးကာ “လွင်မိုးခရီးသွားနေသည်” ခေါင်းစဉ်ဖြင့် MRTV4 တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထို့နောက် မြိတ်ကျွန်းစုဒေသနှင့် ဧရာဝတီ လင်းပိုင်များ အကြောင်းကိုလည်း မှတ် တမ်း ရုပ်ရှင် များ ရိုက်ကူးခဲ့ပြီး မြိတ်ကျွန်းစုများအကြောင်းကို ဇူလိုင် ၁၀ ရက်နေ့တွင် စတင် ထုတ်လွှင့် ပြ သခဲ့သည်။ ဆက်လက်၍ ခရီးသွားမှတ်တမ်း ရုပ်ရှင်အနေနှင့် လာမည့် နိုဝင်ဘာတွင် ကချင်ပြည် အတွင်းရှိ ရေခဲတောင် များနှင့် ပတ်သက်၍ ရိုက်ကူးရန်စီစဉ်နေကြောင်း သိရသည်။ အကယ်ဒမီလွင်မိုး၏ မှတ်တမ်း ရုပ်ရှင်များ အကြောင်းကို ဧရာဝတီသတင်းထောက် အေးလဲ့က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။     ။ မှတ်တမ်းရုပ်ရှင်(Documentary) တွေ ရိုက်နေတဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်ကို ဘယ်လို အကြောင်းအရာမျိုးတွေ အသိပေးချင်တယ်ဆိုတာ ပြောပြပါ။

ဖြေ။     ။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်လို့ အားနည်းတာ ရှိပါတယ်။ ကျနော်ရဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးကလည်း အခု တဖြည်းဖြည်းနဲ့ လုပ်ငန်းသဘောမျိုးတွေ ဖြစ်လာပြီ။ သရုပ်ဆောင် တာလည်း လုပ်ငန်းပါပဲလေ။ ဒါပေမယ့် အသက်အရွယ် ရလာချိန်မှာတော့  သရုပ်ဆောင် လုပ်တာ ထက်စာရင် ဒီလုပ်ငန်းက ကျနော့်အတွက် ပိုပြီး အံဝင်မှုရှိမယ် ဆိုတဲ့ယူဆချက်နဲ့ ကျနော်လုပ်တာပါ၊
 
အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတဲ့ဒေသတွေက တိုင်းရင်းသားတွေ အကြောင်းတွေ ပေါ့နော်။ တိုင်းရင်းသားတွေ တော်တော်များများ အကြောင်းကတော့ ကျနော့်ဆီမှာ စာအုပ် စာပေ တွေ ရှိပါ တယ်။ ဒါပေမယ့် တကယ်တမ်း စာအုပ်၊ စာပေကို ဖတ်တာနဲ့ ဒါမျိုး အစီအစဉ် တခု ရိုက်ကူးပြီး တီဗီက ပြတာ နဲ့ အမြင်တွေက အများကြီး ကွာခြားတယ်လေ။ အဲဒီအားသာချက်ပေါ်မှာ ကျနော်က အဓိက ဖန်တီး တာ။ အရင်တုန်းက ရှုခင်းတွေလှတဲ့အကြောင်းကို စာအုပ်ထဲမှာ ရေးသားခဲ့ကြပြီးပြီ။ ဒါပေမယ့် တကယ်တမ်း ကျတော့ အခုခေတ် နည်းပညာအရ ကင်မရာတွေ ပေါ်လာတဲ့အချိန်မှာ ဒီလိုရိုက်ပြတဲ့ မှတ်တမ်းရုပ်ရှင်တွေ က ပိုပြီးထိရောက်မှုရှိလာတာပေါ့။

တိုင်းရင်းသားတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ဝင်တွေ့ပြီးတော့ ပရိသတ်ကိုယ်စား သိချင်မယ့် အကြောင်း အရာ တွေကို မေးမြန်းတာတွေလည်း ပါတာပေါ့။ တိုင်းရင်းသားတွေ အကြောင်း လုံးဝ မထိတွေ့ဘူးတဲ့ လူတွေက လည်း အသစ်ဖြစ်သလို၊ ထိတွေ့ပြီးသား လူတွေကလည်း ဥပမာ စာအုပ်တွေ ဖတ်ဖူးတဲ့သူ  “ချင်း”  ဆိုရင် “ချင်း” အကြောင်းဖတ်ဖူးတဲ့လူရှိ မှာပေါ့နော်၊ အဲဒီလို သူတို့ဖတ်ဖူးတဲ့ အချက်အလက်တွေနဲ့ ဒီတိုင်းရင်းသား တွေ ပြောတဲ့ အပေါ်မှာ ဘာတွေကွဲလွဲမှု ရှိလည်းဆိုတာကို ပြန်ပြီး ချိန်ဆလို့ ရတာပေါ့။

မေး။     ။ ကိုလွင်မိုးရဲ့ ပထမဆုံး ခရီးသွားမှတ်တမ်းဖြစ်တဲ့ အဲဒီချင်းတောင်ခရီးစဉ်ကိုရိုက်ဖြစ်ဖို့ ဘယ်ကနေ စိတ်ကူး စတင်ရခဲ့တာပါလဲ။

ဖြေ။     ။ ကျနော် သရုပ်ဆောင်တဲ့ အလုပ်ကို ၁၉၈၉ ခုနှစ်က စပြီးတော့ လုပ်လာခဲ့တယ်။ ၂၀၀၁-၂၀၀၂ သရုပ်ဆောင် သက်တမ်း ၁၂ နှစ်လောက်ကြာတဲ့ အချိန်မှာ ကျနော့် အိုင်ဒီယာ နည်းနည်း ပြောင်း လာတာ ပေါ့နော်။ သရုပ်ဆောင်ပဲ လုပ်လာရာကနေ တခြား အနုပညာလုပ်ငန်းတွေလည်း ခေါင်းထဲ ဝင်လာပါတယ်။ အဲဒီအချိန်မှာ ကျနော် ဓာတ်ပုံရိုက်တဲ့အလုပ်တွေ၊ ကဗျာရေးတဲ့ အလုပ်တွေ စပြီး လုပ်ဖြစ်ပါတယ်။ ဓာတ်ပုံ ရိုက်တဲ့အလုပ်ကို ၂၀၀၃၊ ၂၀၀၄ လောက်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက် တိုင်းရင်းသားတွေအကြောင်း နယ်တွေကို သွားပြီး ဓာတ်ပုံလိုက်ရိုက်ရင်းက ကျနော် ချင်းတောင်ကို ရောက်သွားတာ။

ချင်းတောင်ကို ရောက်တဲ့အချိန်မှာ ကျနော်တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ ချင်းပြည်နယ် တောင်ပိုင်းမှာ နေတဲ့ သူတို့ ရဲ့ လူနေထိုင်မှု ဘဝက လုံးဝထူးဆန်းတဲ့ ဘဝမျိုးလေ။ အဲဒါတွေကို Documentary ရိုက်ပြဖို့ ဆိုပြီး အိုင်ဒီယာ ရလာတာပါ။ ရှေးတချိန်တုန်းကလည်း ဒီ ချင်းလူမျိုးတွေရဲ့ အကြောင်း စာအုပ်၊ စာပေတွေ ကို ကျနော်အများကြီး သဘောကျခဲ့တာကိုး၊ အဲဒီတုန်းက ဆရာ သိန်းဖေမြင့်တို့ဘာတို့ဆိုတာက တကယ့်ကို ခရီးသွားဆောင်းပါးတွေရေးခဲ့တာ၊ ပြီးတော့ ဆရာမြသန်းတင့် တို့ရေးခဲ့တဲ့ ခရီးသွားဆောင်းပါးတွေကလည်း တကယ့်ကို ဆွဲဆောင်မှုရှိခဲ့တဲ့ စာအုပ်တွေပါ။ ဒီဆရာကြီးတွေလုပ်ခဲ့တဲ့ သူတို့ခေတ်အခါနဲ့ ဒီနေ့ ခေတ်အခါနဲ့ မတူဘူး။

ဒီနေ့ဆိုရင် ဗီဒီယိုနဲ့ ရိုက်ကူးမှုအပိုင်းတွေ ကျယ်ကျယ်ပျံ့ပျံ့ဖြစ်လာပြီ။ ဗီဒီယို ကင်မရာတွေကလည်း သယ်ရ လွယ်ကူလာပြီ အရည်အသွေးတွေမြင့်လာတဲ့အတွက် ကျနော် လက်ရှိတွေ့ရတဲ့ တိုင်းရင်းသား အကြောင်း အရာ တွေကို Documentary ရိုက်ပြီးတော့ ပြရရင်ကောင်းမှာပဲ ဆိုတဲ့ အိုင်ဒီယာ ဝင်လာခဲ့တာပါ။

အဓိကကတော့ အသက်အရွယ်လေးရလာတဲ့အချိန်မှာ ပရိသတ်ကို ကိုယ်တင်ပြချင်တဲ့ ပုံစံလေးတွေ စဉ်းစား မိလာတာ။ ဒီတိုင်းရင်းသားတွေရဲ့ အကြောင်းကို ဖော်ညွှန်းပြီးတော့ တိုင်းရင်းသားတွေရဲ့ လူနေမှု ဘဝလေး တွေနဲ့ သူတို့ရဲ့အဖြစ်အပျက်လေးတွေကို ပရိသက်ကို တင်ဆက်ရင် အဓိပ္ပာယ်ရှိမယ် အကျိုးရှိမယ် ဆိုတဲ့ အတွေး အခေါ်တွေရလာပြီး ချင်းတောင် Documentary ကို ကျနော်စပြီး ရိုက်ဖြစ်ခဲ့တာပါ။

မေး။     ။ ချင်း တိုင်းရင်းသားတွေရဲ့ လူနေမှုစရိုက်တွေနဲ့ ပတ်သက်လို့ ဘာတွေ ထူးထူးခြားခြား မြင်တွေ့ ခဲ့ပါသလဲ။

ဖြေ။     ။ သူတို့တွေရဲ့ နေ့စဉ်ဘဝက တကယ့်ကို ရိုးရိုးသားသားပဲ။ သူတို့မှာ ငွေကြေး ချမ်းသာမှု မရှိဘူး။ ဒါပေမယ့် သူတို့မှာ စိတ်ချမ်းသာမှုအပြည့်အဝရှိတယ်၊ ပူပင် သောကတွေ နည်းပြီး အေးချမ်းတယ်။ ပြီးတော့ သူတို့ ချင်းတောင်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စုံတွေကလည်း မပျောက်ပျက် သေးဘူး။

သူတို့အဆောက်အဦး ပုံစံ တွေကလည်း သူတို့ဓလေ့အတိုင်းပဲ။ သူတို့တွေ ယုံကြည်ကြတဲ့ နတ် ကိုးကွယ်မှု က အစ ဒီနေ့အထိကျန်ခဲ့တယ်ဆိုတော့ တကယ့် ရှားရှားပါးပါးပါပဲ။ ပြီးတော့ သူတို့ဆီမှာ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုတွေ မရှိသေးဘူး။ တောအုပ်ထူထူထဲမှာ သူတို့နေထိုင်ကြတာပါ။ သူတို့ အသုံးအဆောင် ထဲမှာလည်း ပလတ်စတစ်နဲ့ ပတ်သက်တဲ့ အိတ်တွေ၊ ကြိုးတွေ အဲဒါတွေလည်း မရှိဘူး၊ သဘာဝ က ရတဲ့ အပင်တွေ၊ ကြိုးတွေ၊ ဝါးတွေ ကိုပဲသူတို့သုံးစွဲနေကြတာတွေကို ကျနော် မှတ်တမ်း ရိုက်ခဲ့တာပါ။

မေး။     ။ ဘာဖြစ်လို့ ရေခဲတောင်ကို မှတ်တမ်းရုပ်ရှင်ရိုက်ချင်တာပါလဲ။ ဘာတွေ ရိုက်ကူးမယ်လို့ စဉ်းစား ထားပါသလဲ။

ဖြေ။     ။ ဒါကတော့ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံတနိုင်ငံပဲ ရေခဲတောင်ကို ပိုင်ဆိုင်တာကိုး။ ဒီ အစီ အစဉ်မှာ ကျနော် ခြေလျင်တောင်တက်နဲ့ပူးပေါင်းပြီး ရိုက်ကူးပါမယ်။ အခုမြန်မာနိုင်ငံမှာကတော့ ရေခဲတောင် ဆိုတဲ့နေရာကို လွယ်လွယ်ကူကူ တက်လို့ရသလို ဖြစ်နေ တယ်ဗျ။ လမ်းလျှောက်ပြီး တက်လိုက်ရင် ရောက် သွားတဲ့ အနေအထားဖြစ်နေတယ်။ တကယ်တမ်း ရေခဲတောင် တတောင်ကို တက်မယ်ဆိုရင် တောင်တက် မယ့် သူတွေရဲ့ လိုအပ်ချက်တွေ။ သူတို့အတွက် Safety လိုအပ်ချက်တွေ၊ ဘယ်လို လေ့ကျင့်မှုတွေပြုလုပ်ရ မလဲ၊ ဘယ်လိုကြုံတွေ့နိုင်လဲ၊ ရေခဲတောင်မှာ နေတဲ့ တိုင်းရင်းသား အကြောင်းတွေ၊ ရေခဲတောင်ရဲ့ သဘာဝ အလှတွေ၊ သွားတဲ့ လာတဲ့ နေရာမှာ ကျနော်တို့ စခန်း ချမယ်ဆိုရင်လည်း ဘာလို့ ဒီနေရာမှာ စခန်းချရသလဲ ဆိုတဲ့အကြောင်းတွေ၊ ပြီးတော့ ဒီတောင်တက်မယ် ဆိုရင် လမ်းကြောင်းကို ဘယ်ကရွေးရသလဲ ဆိုတာတွေ၊ အဲဒါတွေရိုက်ဖို့ စီစဉ်ထားပါတယ်။

ဒီ အမြင့်ပေ ၁၂၀၀၀ လောက်ရှိတဲ့ ဖွန်ဂန်ရာဇီဆိုတဲ့တောင်ကိုတော့ ကျနော် နှစ်ခေါက်တက်ပြီးပြီ၊ တကယ် ရိုက်ကူးမယ့် အပိုင်းကတော့ ဖွန်ဂန်ရာဇီတောင်ဖြစ်ချင်မှဖြစ်မှာ။ အမြင့်ပေ ၁၄၀၀၀ ဝန်းကျင်ရှိတဲ့ ဖုန်ရန်တို့ ဖုန်ရင်တို့ရှိတယ်။ အဲဒီဘက်ကပိုခက်ခဲတယ်၊ အဲဒီဘက်က ပရိသတ်ကို ပိုပြီးတော့ ဆွဲဆောင်မှု ရှိမယ်ထင်လို့ အဲဒီဘက်ကို ကျနော်ရွေးထားပါတယ်။

အဲဒီမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ တောကြီးတွေမှ တကယ့် သဘာဝ တောကြီးတွေခင်ဗျ။ ရေခဲတောင်ကို တက်တဲ့ လမ်းတလျှောက် ကျနော်တို့သွားလာ လှုပ်ရှားတဲ့ပုံတွေ၊ တွေ့ခဲ့မြင်ခဲ့တဲ့ သဘာဝနဲ့ ပတ်သက်တဲ့ ပန်းတွေ၊ တိရစ္ဆာန်တွေ၊ ပြီးတော့ အဲဒီမှာနေထိုင်တဲ့ လူမျိုးတွေရဲ့ အကြောင်းတွေကို မှတ်တမ်း သဘောနဲ့ တောက်လျှောက်ရိုက်သွားမှာပါခင်ဗျ။

ကျနော်တို့က နေရာတခုကို လမ်းကြောင်းတကြောင်း ရွေးပြီး အဲဒီလမ်းကြောင်းတွေကို တောက်လျှောက် ရိုက်သွားတာ။ နာရီဝက်စာ Episode ၁၀ ခုစာ ရိုက်မှာပါ။

မေး။     ။ ကိုလွင်မိုး ဧရာဝတီ လင်းပိုင် ရိုက်ကူးခဲ့တုန်းက ထူးခြားချက် ဘာတွေများ ရှိခဲ့ပါသလဲ။

ဖြေ။     ။ ဒီ ဧရာဝတီ လင်းပိုင်ကတော့ ဒီနှစ်ထဲမှာ တော်တော်လေး လူသိများပြီး စိတ်ဝင်စားလာတဲ့ ငါး တမျိုးပေါ့နော်။ ထူးခြားချက်ကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ရေချိုမှာ နေသမျှ လင်းပိုင်တွေ အားလုံးကို ဧရာဝတီ လင်းပိုင် လို့ ခေါ်တဲ့ အချက်ပါ။

ဧရာဝတီ လင်းပိုင်တွေ ကျနော်တို့ဆီမှာ တည်ရှိနေခဲ့တဲ့ နှစ်အတိအကျ မသိရပေမယ့် သူတို့ကို  ဧရာဝတီ မြစ်ထဲမှာ စတွေ့ခဲ့လို့ တကမ္ဘာလုံးမှာရှိတဲ့ ရေချို လင်းပိုင် တွေ အကုန်လုံးကို စတွေ့တဲ့သူက ဧရာဝတီ လင်းပိုင်လို့ ခေါ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတွေ့တဲ့ ငါးမျိုးစိတ်အသစ်တခု အနေနဲ့ ကမ္ဘာမှာ မှတ်တမ်းပြုခဲ့တာ ပေါ့နော်။

အခုလက်ရှိ ဧရာဝတီမြစ်ထဲမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနဲ့ World life conservation က ထိန်းသိမ်းထား တာ အကောင် ၇၀ လောက်ရှိနေတယ်။ ဆက်ပြီးတော့လည်း မျိုးပွား ရှင်သန်နေတာပေါ့။ ဒီမင်းကွန်း မန္တလေး ကနေ ၃ နာရီ ခရီးလောက် သွားလိုက်မယ်ဆိုရင် မြင်ဇွန်းဆိုတဲ့ရွာလေးတွေ ရှိပါတယ်။ အဲဒီမြင်ဇွန်း ဆိုတဲ့ ရွာနားမှာပဲ တခြား ရွာလေးတွေအများကြီးရှိပါတယ်။ အဲရွာလေးတွေက ရှေးနှစ်ပေါင်း များစွာ၊ သူတို့ရဲ့ ဘိုး၊ ဘွား လက်ထက်တွေကတည်းက လင်းပိုင်တွေရဲ့ အကူအညီနဲ့ ပူးပေါင်းပြီး ငါးဖမ်းနေတယ် ဆိုတာလေး က ထူးခြားမှု တခုဖြစ်ပါတယ်။

အဲဒီမှာ လင်းပိုင်တွေက ကျနော်တို့ လှေတွေဆိုရင် အနားမကပ်ဘူး။ ဒါပေမယ့် တံငါသည်လှေတွေ ကျတော့ သူတို့သိတယ်။ သစ်သားချောင်းလေးနဲ့ လှေကို ခေါက်လိုက်တာနဲ့ သူတို့တွေက အနားကို ကပ်လာတာပဲ။ ဧရာဝတီမြစ်ထဲမှာ သူ့ဟာသူ လွတ်လွတ်လပ်လပ် သွားနေတဲ့ လင်းပိုင်တွေက တံငါသည်တွေနဲ့ ပူးပေါင်းပြီး  တော့ ငါးကိုဖမ်းပေးတာ။

သူတို့က ငါးရှိတဲ့ နေရာကိုသွားတယ်။ ပြီးတော့ အမြီးလေးနဲ့အချက်ပြလိုက်တာနဲ့ တံငါးသည်တွေက ကွန်ပစ် လိုက်ရင် ငါးတွေရတာပေါ့။ ဧရာဝတီမြစ်က အကျယ်ကြီးဆိုတော့ ကွန်ကို ဒီတိုင်း လျှောက်ပစ် နေရင် ငါး ဘယ်နားမှာရှိလဲ ဆိုတာ မသိနိုင်ဘူး။ ဒါပေမယ့် လင်းပိုင်ပြတဲ့နေရာမှာ ကွန်ပစ်ရင် ငါးအများကြီး ရတတ် တယ်။ လင်းပိုင်တွေနဲ့ တံငါလှေတွေနဲ့ ပူးပေါင်းပြီး ငါးဖမ်းတာ နှစ်ပေါင်း အတော်ကြာနေပြီ ဆိုတာလေးကို ကျနော် မှတ်တမ်းတင် ရိုက်ကူးတာပါ ခင်ဗျ။ သူတို့တွေက မန္တလေးနဲ့ ဗန်းမော် ကြားက ဧရာဝတီမြစ်ထဲမှာ နေကြပါတယ်၊

မေး။     ။ ဒီလုပ်ငန်းလုပ်ဖို့ လိုအပ်တဲ့ ငွေရေးကြေးရေး အပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းပါသလဲ။

ဖြေ။     ။ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေဆီကနေ စပွန်ဆာ တောင်းခံပြီးမှ ကျနော် ရိုက်ကူးတာပါ။

ကုန်ကျစရိတ်ကတော့ ကိုယ်ရိုက်မယ့် ခရီးစဉ် ပေါ်မှာ မူတည်တာပေါ့နော်။ အခု မြိတ် အစီအစဉ်ဆိုရင် ၄၅ ရက် ရိုက်ကူးရတယ်ခင်ဗျ။ ပြီးတော့ မြို့တွေ၊ ရွာတွေ လှေနဲ့ သွားရတာတွေ၊ ကားနဲ့ သွားရတာတွေ ကျွန်းတွေ ကို သွားရတာလေ။ လူကလည်း ကျနော့်ဆီမှာ လူ ၄၀ လောက် ပါတော့ သူတို့ရဲ့ နေမှု၊ ထိုင်မှု၊ စားစရိတ်တွေ ကင်မရာ ငှားရမ်းသုံးစွဲခတွေနဲ့ ဆိုရင် ကျနော် မြိတ် အစီအစဉ်မှာ ကျပ်သိန်း ၄၀၀ လောက် ကုန်ကျတယ် ခင်ဗျ၊

အစီအစဉ် တခုလုပ်ရင် ပြန်ရတာက လွန်ရောကျွံရောမှ ကျပ် သိန်း ၅၀၊ ၆၀ လောက်ပါပဲ ခင်ဗျ။ ချင်း ခရီးစဉ် ကလည်း သိပ်မကွာပါဘူး၊ စပွန်ဆာ သုံးဦးနဲ့ သွားပါတယ်။ ဧရာဝတီ လင်းပိုင်ကတော့ ထုတ်လွှင့်မှုက နောက်မှ လုပ်မယ်၊ ဗီဒီယိုခွေကို အရင်ဖြန့်မှာပါ။ အခု ဇူလိုင်၊ သြဂုတ်ထဲမှာ အပြီးဖြတ်ရမှာပါ။ 

အခု မြန်မာနိုင်ငံမှာ တီဗီ Channel လွတ်လပ်ခွင့် နည်းနည်း ရှိလာတော့ အရင်တုန်းကလို မြန်မာ့အသံ၊ မြဝတီ မဟုတ်ဘဲနဲ့ အခု မြဝတီ ဆိုရင်လည်း 1၊ 2၊ 3 တွေဖြစ်လာပြီ။ MRTV ဆိုရင်လည်း MRTV 4 တို့ ပြီးတော့ Channel 5 တို့ ဘာ၊ ညာတို့ဖြစ်လာပြီ။ အဲဒီမှာ ကျနော်တို့က သူတို့နဲ့ ပူးပေါင်းပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်အောင်၊ စီးပွားရေးအမြင်လည်း ပါအောင် လုပ်ငန်းရှင် တွေရဲ့ ကုမ္ပဏီအမှတ်တံဆိပ်တွေနဲ့ လုပ်သွားပါမယ်။

မေး။     ။ သရုပ်ဆောင်လုပ်ရတာနဲ့ ခုလို မှတ်တမ်းရုပ်ရှင်တွေ ရိုက်နေတာနဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။     ။ အဓိကကတော့ ဇာတ်လမ်းတွေ၊ ဇာတ်ကားတွေ ဆိုတာဟာ လူတဦးတယောက် ဖန်တီး ထားတာဗျ။ အဲဒါတွေနဲ့ ပရိသတ်ကို ဆွဲဆောင်တာထက်စာရင် ဒီလို ဗဟုသုတ ဖြစ်စေနိုင်တဲ့ဟာ၊ ပြီးတော့ ကိုယ့်တိုင်းရင်းသားဖြစ်တယ် ဆိုတဲ့ဟာလေးနဲ့ ဆွဲဆောင်ကြည့်မယ် ဆိုပြီးမှ ကျနော် ဒါကို လုပ်တာပါ။ အခုလည်း ဒီဟာလုပ်ပြီးတဲ့ နောက်ပိုင်း ကျနော့် ပရိသတ်တွေက တွေ့ရင် အရင်ကဆိုရင် ကိုလွင်မိုး ဘာ ဇာတ်လမ်း ရိုက်နေလဲ၊ ဘာဇာတ်ကားရိုက်နေလဲ မေးတယ်၊ အခုဆိုရင် ကိုလွင်မိုး ခရီး မသွားသေးဘူးလား လို့ မေးတယ်၊ အဲဒီလိုကွာခြားပါတယ်။

မေး။     ။ ကိုလွင်မိုးက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြောတာလေးတွေလည်း ရှိတယ်။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ကော ဘာများ ထပ်ပြောချင်ပါသလဲ။

 

ဖြေ။     ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာကတော့ ကမ္ဘာနဲ့ အဝန်း လှုပ်ရှားနေရတဲ့ ဟာတွေ ပေါ့ဗျာ။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတယ် ဆိုတာကလည်း ဒီခေတ်မီ တိုးတက်တဲ့ နိုင်ငံကြီးတွေမှာ အဓိ က ပျက်စီးနေတာပဲလေ။ သူတို့ဆီက ထွက်လာတဲ့ ဓာတ်ငွေ့တွေ၊ အိတ်ဇောတွေ၊ ရေ မသန့်ရှင်းမှုတွေ၊ ပြီး တော့ သုံးစွဲတဲ့ သတ္ထုနဲ့ ပလတ်စတစ် ပစ္စည်းတွေပေါ့။ ကျနော်တို့ မြန်မာနိုင်ငံမှာကတော့ မြို့ပေါ်မှာပဲ ပလတ် စတစ် သုံးစွဲသေးတယ်။ ကျေးလက်နဲ့ နယ်မှာတော့ ဒီနေ့ ဒီအချိန်အထိ ဖက်ရွက် ၊ အင်ဖက်၊ ဓနိ၊ ဝါး ဒါတွေ ကိုပဲ သုံးစွဲနေကြတာလေ။ ဒါပေမယ့် ကမ္ဘာ့နဲ့ အဝန်း ဖြစ်နေပြီ ဆိုတော့ ကျနော်တို့ တိုင်းပြည် အနေနဲ့ က လည်း Environment နဲ့ ပတ်သက်လို့ အသိပညာပေးတာတွေ လုပ်ရပါမယ်။

မေး။     ။ ကိုလွင်မိုးအနေနဲ့ နောင်လာမယ့် နှစ်တွေမှာရော ဘာတွေများ ဆက်လုပ်သွားမယ်လို့ စဉ်းစား ထားပါသလဲ။

ဖြေ။     ။ သရုပ်ဆောင် မင်းသား အနေနဲ့ကတော့ ဆက်ပြီး ကြိုးစားအားထုတ်ရမယ့် အပိုင်းနဲ့ ဆက်လက် ပြီး အောင်မြင်လာမယ့်အပိုင်း ကို ချိန်ဆရမှာပဲလေ။ ကျနော်ကတော့ ကျနော့်ဘဝကို မင်းသား ဆိုတဲ့ အနေ အထားနဲ့ ကုန်ဆုံးရမှာ တော်တော်ကြောက်တယ်ဗျ။ ကျနော်က အနုပညာ အလုပ်နဲ့ ပတ်သက် တာတွေ ကိုယ့်မှာ အစွမ်းအစရှိတဲ့ဟာတွေ ကိုယ်လွတ်လွတ်လပ်လပ် လုပ်ချင်ပါတယ်။ ဒါပေမယ့်လည်း ကျနော် ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း နှစ် ၂၀ ကို ပြန်ပြီး သုံးသပ်ရင် မင်းသားဘဝနဲ့ပဲ မြှုပ်နှံ မလား၊ ကိုယ် လုပ်ချင်တာတွေ မလုပ်နိုင်တော့ဘူးလား၊ မင်းသားရဲ့ အချိန်ထဲကနေ ဖဲ့ပြီးတော့မှ အခုလို မှတ်တမ်း ရုပ်ရှင် ရိုက်တာတို့၊ ဓာတ်ပုံရိုက်တာတို့၊ စာရေး၊ ကဗျာရေးတာတို့ လုပ်ပါတယ်။

လောလောဆယ်မှာတော့ ခရီးသွားမှတ်တမ်းကို ဆက်လုပ်နေမှာပဲ။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ TV Channel တွေ ဒီထက်ပိုများလာတော့မယ်။ အဲဒီလိုဖြစ်လာရင်တော့ အစီအစဉ် တင်ဆက်သူ (Presenter) လိုမျိုး၊ အစီအစဉ် ထုတ်လုပ်သူ လိုမျိုး လုပ်ဖို့ စိတ်ဝင်စားပါတယ်။

မေး။     ။ လက်ရှိ မြန်မာနိုင်ငံ အနုပညာလောက ကိုလည်း ဝေဖန်သုံးသပ်ပေးပါဦး။

ဖြေ။     ။ ကျနော်တို့ အနုပညာလောကကို ဝေဖန်သုံးသပ်ရမယ် ဆိုရင် ကျနော်တို့ဆီမှာ အနုပညာ အရည်အသွေးတွေ ရှိပေမယ့်လည်း ထုတ်လုပ်မှု ကဏ္ဍတွေက တော်တော်လေးကျဆင်းနေပါတယ်။ ဖန်တီး နိုင်တဲ့ သူရှိပေမယ့်လည်း ဖြန့်ချိ ရောင်းချတဲ့ နေရာမှာ အားနည်းပါတယ်၊ ပြီးတော့ နည်းပညာပေါ့နော်။ ဒီ  နည်းပညာကလည်း တဟုန်ထိုး တိုးတက်လာတော့ သူ့နောက်ကို အစ အဆုံး မလိုက်နိုင်ကြ ဘူးဗျ။ နည်း ပညာတွေက 1၊ 2၊ 3၊ 4၊ 5 ….. 9၊ 10 အထိ သွားနေတဲ့ အခါကျတော့ ကျနော်တို့ က မီရာ လေးတွေကို လှမ်းလှမ်းဆွဲနေရတာ။ အဲဒီမှာ ကျန်တာကိုလည်း ရတာလေးတွေနဲ့ ထူထောင်နေရ တာပေါ့ခင်ဗျ၊ နည်း ပညာတိုးတက်မှုအပေါ်မှာ အမီလိုက်နိုင်ဖို့ဆိုတာက အဲဒီက ပြန်ရလာတဲ့ ဝင်ငွေကလည်း အရေးကြီး တာ ကိုး။ အဲဒီဝင်ငွေ ညီမျှမှု ရှိမှ အဲဒီ နည်းပညာနောက်ကို လိုက်နိုင်မှာ၊ ဒီနိုင်ငံလို အနေမျိုးနဲ့ကတော့ နည်းပညာ နောက်ကို တဟုန်ထိုး လိုက်ဖို့ဆိုတာကတော့ မလွယ်ကူဘူးခင်ဗျ။

ဒီ မှတ်တမ်း ရုပ်ရှင်တွေဆိုရင်လည်း ပြည်တွင်းမှာတော့ အရည်အသွေး အကောင်းဆုံးဖြစ်အောင် ထိန်းပြီး တော့ ရိုက်လို့ရတာပေါ့၊ ဒီကတဆင့် ပြည်ပကို ပို့ဖို့ ရိုက်ကူးရမှာက အခက်အခဲရှိပါတယ်။ နည်းပညာပိုင်းမှာ အခက်အခဲတွေရှိသလို ကိုင်တွယ်တဲ့ ကျွမ်းကျင်လုပ်သား တွေအပေါ်မှာလည်း အခက်အခဲရှိတယ်။

ကနေ့အချိန်အထိ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေက ကမ္ဘာနဲ့ ချိတ်ဆက်မှုမရှိဘူးခင်ဗျ။ ချိတ်ဆက်မှု သိပ်မရှိတော့ ကမ္ဘာကို ဖြန်ချိဖို့ စီပွားရေး လမ်းကြောင်းတွေက အခုမှ စတင်လှုပ်ရှားရပါမယ်။ ဒီတော့ ကျနော့်ရဲ့ မှတ်တမ်းရုပ်ရှင်ကားတွေကို ဝယ်ရင်မှ မဟုတ်ဘူး၊ အလာကား လိုချင်ရင်တောင် ကျနော် ပေးပါ တယ် ခင်ဗျ။

မေး။     ။ ကိုလွင်မိုးက လူမှုရေး အပိုင်းမှာကော ဘာတွေ လုပ်ဆောင်လဲ။

ဖြေ။     ။ လူမှုရေး အနေနဲ့ကတော့ တခါက ဒီ UNDP ကလုပ်တဲ့ မျက်မမြင်ကလေး တွေကို Care လုပ်တဲ့ဟာ လေးတွေ၊ ပြီးတော့ ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်တာတွေမှာ ကျနော် ဝင်ပြီးတော့ ကူပေး ပါတယ် ခင်ဗျ။

မေး။     ။ မိသားစုနဲ့ အလုပ်ကို ဘယ်လို ပိုင်းခြားထားလဲ။

ဖြေ။     ။ တနှစ် တကြိမ် မိသားစုနဲ့ ခရီး ထွက်ဖြစ်ပါတယ်။ ဘန်ကောက်တို့၊ ချင်းမိုင်တို့၊ တခါတလေ အပြင် မသွားဖြစ်ရင်လည်း ပြည်တွင်းမှာပဲပေါ့။ ပြီးခဲ့တဲ့ သင်္ကြန်ကတော့ ချင်းမိုင်ရောက်ပါတယ်၊ ကျန်တဲ့ အချိန်ကတော့ အနုပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်ရင်လုပ်၊ မလုပ်ရင်တော့ ကျနော် အိမ်မှာပဲ ရှိပါတယ်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်