တပ်မတော်သား အစစ်တွေရဲ့ ကြယ်စင်မော်ကွန်း

ရုပ်ရှင်ဒါရိုက်တာအဖြစ် နှစ်ပေါင်း ၄၀ ကျော်၊ ပန်းချီဆရာအဖြစ် နှစ်ပေါင်း ၅၀ ကျော် အနုပညာလောကတွင် ကျင် လည် ခဲ့ပြီး ၂၀၀၂ ခုနှစ်က “ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ” ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့သည့် ဒါရိုက်တာ ပန်းချီစိုးမိုးသည် ယခုလက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု အပါအဝင် တပ်မတော်ခေတ်သုံးခေတ်အကြောင်း “ကြယ်စင်မော်ကွန်း” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန်  ပြင်ဆင်နေသည်ဟု ကြားသိရသဖြင့် ၎င်းဇာတ်ကားနှင့်ပတ်သက်၍ ဒါရိုက်တာပန်းချီစိုးမိုးအား ဧရာဝတီသတင်း ထောက် သဲသဲက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။     ။ ကြယ်စင်မော်ကွန်း ဇာတ်ကားရဲ့ အဓိက ပင်မကြောရိုး အကြောင်း သိပါရစေ။

ဖြေ။     ။ ပင်မကြောရိုးကတော့ ခေတ်သုံးခေတ် တပ်မတော်ပေါ့၊ ခေတ်သုံးခေတ်ကို သမိုင်းမှတ်တမ်း ရိုက်မယ့်ကားပဲ။ သမိုင်းမှတ်တမ်းကို ဇာတ်လမ်းနဲ့ တွဲရိုက်မှာပေါ့။ တပ်မတော်စပြီးပေါ်ပေါက်လာတဲ့ ကာလ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ရဲဘော်သုံးကျိပ် ကနေစပြီး ဒီနေ့ခေတ် တပ်မတော်အထိ ရိုက်မှာပေါ့၊ အလယ်ပိုင်းခေတ် တခေတ်လည်းရှိမယ်။ များတာကတော့ ရှေ့ပိုင်းတွေဖြစ်မယ်။ ပညာသည်အနေနဲ့ကတော့ ကိုယ်လုပ်သင့် လုပ်ထိုက်တာ လုပ်သွားမှာပဲလေ။

မေး။     ။ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းကိုရော ဘယ်နေရာမှာ တည်ထားပါသလဲ။

 

ဖြေ။     ။ မြန်မာပြည်တပြည်လုံးပဲ၊ တကယ့်အဖြစ်အပျက်ဆိုတော့ တကယ်ဖြစ်ပျက်ခဲ့တဲ့ နေရာတွေ သွားရိုက်မှာပဲ။ သဘောက လွတ်လပ်ရေးကြိုးပမ်းမှုပေါ့၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး ဥပမာ - ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလပေါ့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်က ဂျပန်ကိုသွားပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်းတယ်၊ အဲဒါတွေကို ဓာတ်ပုံနဲ့ပေါ့၊ တချို့ကျတော့လည်း ဟိုအရင်က ရိုက်ထားတဲ့ ရုပ်ရှင် အဟောင်းနဲ့ပေါ့၊ အဲဒီလို တင်ဆက်မှာပါ။ တချို့တွေကျတော့ ပြန်ရိုက်လို့ မရတာတွေရှိတယ်လေ။

မေး။     ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဏ္ဍအနေနဲ့ ဘယ်လိုပုံစံမျိုး ပါဝင်မလဲ။

ဖြေ။     ။ ဘယ်အပိုင်းတွေပါမလဲဆိုတော့ လွတ်လပ်ရေးကြိုးပမ်းမှုကနေ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့အထိ ပါမယ်၊ သူ့ရဲ့ Biography (အတ္ထုပ္ပတ္တိ) သက်သက်တော့မဟုတ်ဘူးပေါ့။ ဟို ငယ်စဉ်ဘဝတွေတော့ မပါဘူး၊ ရိုးရိုးပြောရရင် တပ်မတော်စပြီးဖြစ်လာတာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်က လွတ်လပ်ရေးကို ကြိုးပမ်းတယ်။ ဖက်ဆစ်ကို တော်လှန်တယ်၊ နယ်ချဲ့ကိုတော်လှန်တယ်၊ နောက်တော့ နယ်ချဲ့ လက်ပါးစေတွေရဲ့ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတယ်၊ အဲဒီအထိပါမယ်။

မေး။     ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတ်ရုပ်နေရာမှာ ဘယ်သူ့ကို သရုပ်ဆောင်ခိုင်းမလဲ။

ဖြေ။     ။ ဘယ်သူသရုပ်ဆောင်မလဲ ဆိုရင် ဗိုလ်ချုပ်နေရာက လူရှာဖို့ တော်တော်ခက်တယ်၊ နောက် လုပ်နိုင်တဲ့ သူရယ်၊ အသက်ကလည်း ၃၃၊ ၃၄ လောက်ဆိုတော့တော်တော်ရှားတယ်၊ အဲဒါတော့ မသေချာသေးဘူး၊ အဲဒါကိုတော့ သမိုင်းဝင် ကားတွေနဲ့ရောပြီးတော့ တချို့ကျတော့လည်း အပြောနဲ့ပေါ့၊ တချို့ကျတော့လည်း ပုံနဲ့ ပြသွားမှာပေါ့၊ သူက မှတ်တမ်းသဘောမျိုး ဆိုတော့လေ၊ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း သက်သက်ရိုက်တာမျိုး ကျတော့တမျိုးလေ၊ ဒီဟာက တပ်မတော်ရဲ့ ခေတ်သုံးခေတ်ကိုရိုက်ပြမှာကိုး။

မေး။     ။ အခု ဒီကားအတွက် တခြားသရုပ်ဆောင်တွေ အနေနဲ့ ဘယ်သူတွေကိုရွေးထားသေးလဲ။

ဖြေ။     ။ အခု အကြမ်းဖျင်း ရွေးထားတာကတော့ ဥပမာ- ဦးပဉ္ဇင်းနေရာပေါ့။ တိုင်းပြည် ကသီလင်တ နိုင်တဲ့ အချိန်မှာ ဘုန်းတော်ကြီးကနေ “မောင်ပဉ္ဇင်း ကျန်းမာရေးလည်းကောင်းတယ်၊ စစ်ထဲဝင်တော့” ဆိုပြီးတော့ပေါ့၊ အဲဒီမှာ လူမင်းက ဘုန်းကြီးလူထွက်ပေါ့၊ နောက် ဝေဠုကျော်က ကျောင်းဆရာ၊ သူကလည်း လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ချစ်သူတွေပစ် မိသားစုတွေပစ်နဲ့ အရင်တုန်းကတပ်မတော်သားတွေက သိတဲ့အတိုင်းပဲလေ၊ ဇနီး၊ သားမယားတွေ ပစ် မိဘတွေထားခဲ့ပြီးတော့ နိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့သူတွေလေ၊ အသေးစိတ် ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ၊ အကြမ်းဖျင်း အနေနဲ့ ပြောပြတာပါ။

မေး။     ။ ဒီကားကို ဘယ်သူက ဇာတ်ညွှန်းခွဲပေးမှာလဲ။ ဘယ်တော့စရိုက်ဖြစ်မလဲ။

ဖြေ။     ။ ဝတ္ထုက တင်အောင်စိုး (ပန်းမြို့တော်)၊ ဇာတ်ညွှန်းကတော့ ငြိမ်းမင်း ရေးမယ်။ အခု ခက်တာလေးတွေ နည်းနည်းချင်းတော့ စရိုက်နေပြီ။ ရက်တော့ အကန့်အသတ် မပေးထားဘူး။ ဘယ်နှရက်နဲ့ အပြီးရိုက်မယ်လို့တော့ မပြောထားဘူး၊ ဘာကြောင့်လည်းဆိုတော့ ခက်လို့လေ၊ ရိုးရိုးရုပ်ရှင်ကား ဆိုရင်တော့ မြန်တယ်။

မေး။     ။ ဒီကားကို ဘယ်လိုကြောင့် ကြယ်စင်မော်ကွန်း ဆိုတဲ့နာမည် ပေးဖြစ်သွားတာပါလဲ။

ဖြေ။     ။ ကြယ်စင်မော်ကွန်း ဆိုတာကတော့ စာရေးဆရာ ကိုယ်တိုင်ပေးတာပါပဲ၊ ဇာတ်ညွှန်းရေးဆရာကလည်း အဲဒီနာမည်ကိုကြိုက်တယ် ဆိုတော့ သူလည်း ဒါပဲပေးလိုက်တယ်၊ တွက်ချက်ကြည့်လိုက်တော့လည်း ကြိုက်တယ် လေ၊ တနင်္လာနံလည်း ကြိုက်တယ်၊ ကျနော်က တနင်္ဂနွေသားဆိုတော့ တနင်္လာနံနဲ့ အမှည့် များတယ်၊ ဇာတ်ကား တော်တော်များများ တနင်္လာနံတွေချည်းပဲ။ အဲဒါကြောင့် တနင်္လာနံ ကြယ် ဖြစ်သွားတာပေါ့။

မေး။     ။ အနုပညာသက်တမ်း နှစ် ၄၀ ကျော်မှာ ဒီလိုကားမျိုးက ဒါ ပထမဆုံး ရိုက်ကူးဖြစ်တာပါလား။

ဖြေ။     ။ အရင်တုန်းကတော့ လူကြီးတွေခို်င်းလို့ ရိုက်တဲ့ကားတွေရှိတယ်၊ ရိုက်သမျှကားတွေ အားလုံးကတော့ တကယ့် တိုင်းပြုပြည်ပြု ရိုက်တာပါ၊ ပေါ်လစီသက်သက် သိပ်မရိုက်ပါဘူး၊ ဖြစ်လည်းမဖြစ်ဘူး၊ ဒီကနေ့ပရိသတ်က တကယ့် အဖြစ်အပျက်ကို ရိုက်ပြမှ ကြိုက်တာကိုး၊ အနုပညာသမား တယောက်အနေနဲ့ကတော့ ဘာကားပဲရိုက်ရိုက် ကိုယ့် လူမျိုး၊ ကိုယ့်တိုင်းပြည်နဲ့ ကြည့်တဲ့ပရိသတ် အကျိုးတစုံတရာရအောင် ရိုက်ရမှာပဲလေ။

မေး။     ။ ရုပ်ရှင်လောကမှာ ဒီလို ခေတ်သုံးခေတ် တပ်မတော်ကားမျိုးက တော်တော်လေးရှားတယ်ဆိုတော့ ဒါကို ပထမဆုံး အနေနဲ့ ရိုက်ရတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။

ဖြေ။     ။ အမှန်အတိုင်း ပြောရရင်တော့ အခု အသက်ကြီးလာတော့ ပန်းချီပြန်ရေးနေတာ ကြာပြီ။ ဒီလိုပန်းချီ ရေးနေတဲ့ ကြားထဲကနေမှ ရိုက်သင့်ရိုက်ထိုက်တဲ့ ကားပေါ့၊ သမိုင်းဝင်ကားလည်းဖြစ်တော့ ရိုက်သင့်တယ် ထင်လို့ ထရိုက်တာပါ၊ တကယ်တမ်းရုပ်ရှင်မရိုက်ဘဲ ပန်းချီရေးနေတာ ၁၀ နှစ်ကျော်သွားပြီ၊ ရုပ်ရှင်က တခါတလေ မတတ် သာမှ ရိုက်တာ၊ ပန်းချီပြပွဲကိုပဲ နိုင်ငံတကာ လှည့်ပြနေတာပါ၊ ဒီကြားထဲမှာ မမျှော်လင့်ဘဲ ဒီဇာတ်ကားက ရိုက်ဖြစ် သွားတာ၊ ဒီဇာတ်ကားက အရမ်းခက်တယ်၊ သမိုင်းဝင်ကား ဖြစ်တဲ့အတွက် မှားယွင်းလို့မရဘူး၊ စာအုပ်တွေ လည်း အများကြီးဖတ်ရတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင်လည်း သူနဲ့ပတ်သက်တဲ့ စာအုပ်လေးငါးခြောက်ဆယ် လောက် ဖတ်ရတယ်။ စာအုပ်တွေကတော့ အများကြီးထွက်လာတယ်၊ အခုလည်း စာအုပ်တွေထွက်တယ်၊ ထွက်တဲ့ စာအုပ်တွေ ထဲကလည်း ကိုယ်လိုချင်တာလေး ကောက်နုတ်ပေါ့။ ကောင်းတဲ့ အပိုဒ်လေးတွေ၊ ရိုက်လို့ကောင်းမှာတွေ ပရိသတ် လည်း စိတ်ဝင်စားမှာတွေပေါ့။ လူသိပြီးသား အကြောင်းအရာတွေထက် လူမသိတာတွေက အများကြီး ပါတယ်။

လွတ်လပ်ရေးရပြီးတော့လည်း မြန်မာပြည်မှာ သိတဲ့အတိုင်းပေါ့ ဖဆပလ ခေတ်၊ နောက် ဖဆပလ နှစ်ခြမ်း ကွဲတယ်၊ နောက်နိုင်ငံရေးမငြိမ်မသက်ဖြစ်တယ် အဲဒါမျိုးတွေပေါ့။ ပြီးတော့ တရုတ်ဖြူကူမင်တန်တွေ ဝင်တယ်၊ တရုတ်ဖြူ တိုက်ပွဲတွေပေါ့၊ တိုက်ပွဲတွေကတော့ပါမယ်၊ ဒါကတော့ ပရိသတ်ကြိုက်အောင် စစ်ကားအနေနဲ့ ပါရမယ်။ တကယ့် တပ်မတော်သား အစစ်တွေရဲ့ ပင်ပင်ပန်းပန်းနဲ့ ကြိုးပမ်းမှုတွေပါမယ်။     ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်