“ဂီတမှာရူးသွပ်တာက Composer….”

၁၉၉၀ ပြည့်နှစ်မှစတင်၍ တေးရေးသမား ဘဝဖြင့် အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် သီချင်းများ စတင် သီဆိုခဲ့သည့် တေးရေးတေးဆို ဆောင်းဦးလှိုင်သည် ယခုလက်ရှိ

တကိုယ်တော်တေးစီးရီး ၁၁ ခွေ၊ အတွဲစီးရီး အခွေပေါင်း ၂၀ ကျော်ထွက်ရှိပြီး ဖြစ်သည်။ ၎င်းရေးသားသီဆိုခဲ့သော တေးသီချင်းများမှာ ၁၉ နှစ် အတွင်း ပုဒ်ရေပေါင်း ၅၀၀ ကျော်ရှိသည်။ မြန်မာပြည် ဂီတလောကထဲတွင် ၁၀ စုနှစ်၂ခုနီးပါး ကျင်လည်ခဲ့သော ဆောင်းဦးလှိုင် ကို လက်ရှိ မြန်မာ့ ဂီတ လောက၏ အခြေအနေ၊ ၎င်း၏ အမြင်၊ ခံစားချက်များနှင့်  ပတ်သက်၍ ဧရာဝတီ သတင်းထောက် သဲသဲက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။     ။ ကိုဆောင်းဦးလှိုင်အနေနဲ့ ဂီတနဲ့ ပတ်သက်လာရင် ဘယ်အပိုင်းကို အရူးသွပ်ဆုံးလို့ ပြောလို့ရမလဲ။

ဖြေ။     ။ ကျနော်အဓိက ဂီတမှာရူးသွပ်တာက Composer (တေးရေးဆရာ) ဖြစ်ချင်တယ်။ နောက်တခုက Computer Music ဆိုပြီးစပေါ်တဲ့အချိန်မှာ အဲဒါကို အရမ်းလေ့လာပြီးတော့ ကိုယ်ကိုယ်တိုင်လည်းတီးနိုင်အောင် လုပ်တယ်၊ ကလေးတွေကိုလည်း သင်တန်းဖွင့်ပြီး သင်ပေးခဲ့တယ်။ ကျနော့်စိတ်ထင် “အဖြူရောင် သီချင်း” စီးရီး လောက်မှာ ကတည်းက ကွန်ပျူတာနဲ့ ဒရမ်တွေ စလုပ်တယ်။ ၂၀၀၁ - ၂၀၀၂ လောက်ကပေါ့။ ကိုယ့်သီချင်းတချို့ကို ကိုယ့်ဘာသာ တီးကြည့်တယ်။ အဲဒီလိုတောက်လျှောက် တီးလာတာ အခုနောက်ဆုံးထွက်တဲ့ အခွေထိ ကျနော် တီးတာတွေ များပါတယ်။ ကိုယ့်ဘာသာ ရေးတယ်၊ တီးတယ်၊ ဆိုတယ် ပေါ့ဗျာ။

မေး။     ။ မြန်မာပြည်မှာ အတီးသမားတယောက်အနေနဲ့ ရပ်တည်မယ် ဆိုရင်လွယ်ကူနိုင်မလား။

ဖြေ။     ။ သူတို့တွေကတော့ နာမည်ကြီးသွားတယ် ဆိုရင်တော့တမျိုးပေါ့။ နာမည်မကြီးဘူး ဆိုရင်တော့ ကိုယ့်ဝါသနာကို ဇွဲကြီးကြီး ဖက်တွယ်ထားမှ၊ မနည်းလှော်ခတ်နေမှ၊ အားကြိုးမာန်တက်ကြိုးစားနေမှပဲ ရမှာဗျ။ ဒါနဲ့ အသက်မွေးချင်တယ် ဆိုရင်တော့ နာမည်ကျော်ကြားမှပဲ ရမယ်။ ဒီအတိုင်းနဲ့တော့ အဆင်မပြေနိုင်ပါဘူး။

မေး။     ။ မြန်မာပြည်မှာ နာမည်ကြီးတီးဝိုင်းအနေနဲ့ လက်ချိုးရေတွက်လို့ရအောင် နည်းပါးတာကို တွေ့ရတယ်။ အဲဒါ ဘယ်လို ကြောင့်ပါလဲ။

ဖြေ။     ။ ကျနော်တို့နိုင်ငံက ဘယ်လိုစနစ်နဲ့ စခဲ့လဲဆိုတော့ နာမည်ကြီး တီးဝိုင်းတခုတည်းက နာမည်ကြီး အဆိုတော် ၁၀ ယောက်၊ ၁၅ ယောက်လောက်နဲ့ နယ်လှည့်ရှိုးတွေ၊ ရန်ကုန်ရှိုးတွေ လုပ်ကြတဲ့ ရေစီးကြောင်းက လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၄၀ လောက်ကတည်းက ထွန်းကားတာကိုး၊ အဲဒီတော့ အဲဒီလို နာမည်ကြီး တီးဝိုင်းတွေနဲ့ပဲ ဆက်တိုက် ဖျော်ဖြေလာကြတော့ နာမည်မရှိတဲ့ တီးဝိုင်းတွေက ဝင်တိုးဖို့ခက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက တီးဝိုင်း ကလည်းနာမည်ကြီး၊ ပါဝင်တဲ့ အဆိုတော်တွေကလည်း နာမည်ကြီးဆိုတော့ အားက နှစ်ခုပေါင်း နေတာပေါ့။ အဲဒီလို နာမည်ကြီးတွေစုထားတာကို … ဥပမာဗျာ သိပ်နာမည်မကြီးတဲ့ တီးဝိုင်းက နာမည်မရှိတဲ့ အဆိုတော်လေး ၂ ယောက် ၃ ယောက်နဲ့ အဲဒီဈေးကွက်ကြီးကို ဝင်တိုးဖို့ခက်ခဲခဲ့တယ်ပေါ့။ အဲဒီတုန်းက ရေစီးကြောင်းကြီးက အခုထက် ထိရှိနေတော့လည်း ဥပမာ - မြန်မာပြည်မှာ အင်အားကောင်းတာ Iron Cross၊ Emperor ရှိမယ်ဗျာ နောက်ပိုင်း ပေါ် လာတာက Metal Zone၊ The Tree ၊ Lazy Club ပေါ့။ ဒီအဖွဲ့တွေကတော့ ဘာပဲပြောပြော အဆင်ပြေတယ်ပေါ့၊ ဂီတသမားအဖြစ် ဘဝရှင်သန်လို့ရနိုင်တယ်။

အခုနောက်ပိုင်းမှာမှ ပေါ်လာတဲ့၊ ကျားပေါက်တို့ရဲ့ Big Bag ဆိုရင်လည်း သူ့တီးဝိုင်းနဲ့သူ။ နောက် ကလေးတွေ မှာလည်း Guiter Band လို့ခေါ်တဲ့ ဂစ်တာတီးပြီးတော့ Rock သီချင်းဆိုတဲ့ကလေး Band လေးတွေလည်း အများကြီးရှိနေပြီလေ။ တနေ့ကျရင် ကျနော်တို့က အဲဒီလို လမ်းကိုပဲ သွားတာပိုကောင်းမယ်လို့ထင်တယ်။

Band တခုမှာအဆိုတော် ၂ ယောက် ၃ ယောက် လောက်ပဲ ရှိသင့်တယ်။ ဒါမှလည်း လူအမြောက်အမြားအတွက် အခွင့်အလမ်း အများအပြား ရမှာပေါ့။ ဒါပေမယ့်ဗျာ ကျနော်တို့ မြန်မာ့ဂီတ ဈေးကွက်မှာကတော့ နာမည်ကြီးတီးဝိုင်းနှစ်ခု သုံးခုလောက်ကပဲ လက်ဝါးကြီးအုပ်လိုက်တာနဲ့ တခြားအတွက် ဈေးကွက်ကို မကျန်တော့ပါဘူး။

မေး။      ။ ကိုဆောင်းဦးလှိုင်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေအပေါ်  အမြင်လေးပြောပေးပါဦး။

ဖြေ။      ။ ကျနော် စပြီး အနုပညာလောကကို ဝင်ကတည်းက တေးရေးဆရာဘဝနဲ့ ဝင်လာခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျနော့်အသက် ၁၈ နှစ်လောက်ပေါ့၊ အဲဒီတော့ ကျနော်ဖတ်ထားတဲ့စာပေတွေ ရှာဖွေထားတဲ့ ဗဟုသုတတွေထဲက သူများရဲ့သီချင်း သူများရဲ့ အနုပညာပစ္စည်းကို သူတို့ဆီကခွင့်မတောင်းဘဲနဲ့ ဒီလိုသံစဉ်တွေကို တိုက်ရိုက်ကူးယူ စာသားတွေကအစ တခါတလေ တိုက်ရိုက်ဘာသာပြန်တာတွေပေါ့၊ အဲလိုမျိုး မလုပ်သင့်ဘူး၊ မလုပ်အပ်ဘူးပေါ့ဗျာ။ အဲဒီလို ခံယူချက်လေးတော့ ငယ်ငယ်ကတည်းက ရှိခဲ့တယ်ဗျ။ ကျင့်ဝတ်ပေါ့ဗျာ။

ကျနော် ပြောချင်တာ ကတော့ သူတို့ရဲ့ နိုင်ငံတကာ အဆင့်ဆိုတာက ကိုယ်တွေထက်တော်တော်ကို တော်ကြ တတ်ကြ တာလေ၊ ကိုယ်တွေကြိုက်တဲ့သီချင်းတွေ၊ အနုပညာသမားတွေက နိုင်ငံတကာမှာ အများကြီးပဲ၊ သူတို့ကို ကြိုက်တယ် သူတို့ရဲ့ သီချင်းတွေကိုလေ့လာတယ်၊ သူတို့ကို ကိုယ့်ဆရာတွေ  ကိုယ့်ရဲ့ ဖတ်စာအုပ် တွေအဖြစ် သဘောထား ခဲ့တယ်၊ ဒါပေမယ့်သူတို့ရဲ့ သီချင်းတွေကို တိုက်ရိုက် ၁၀၀ ရာခိုင်နှုန်း ယူဆိုဖို့ကျတော့ သင့်လည်း မသင့်တော်ဘူး၊ ကောင်းလည်းမကောင်းဘူး၊ ကိုယ်တတ်နိုင်သလောက်လေး ဖန်တီးမယ်ပေါ့၊ အဲဒီလိုစိတ်ကူးလေးနဲ့ ကိုယ်ပိုင်သံစဉ်ကိုပဲ တသက်လုံးဖက်တွယ် လာခဲ့တာပေါ့ဗျာ။

မေး။      ။ အခုလတ်တလောမြန်မာပြည် မှာ ခေတ်စားပြီး အောင်မြင်နေတဲ့ တရုတ်သီချင်း ကော်ပီတွေ၊ ထိုင်းသီချင်း ကော်ပီတွေ၊ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက သီချင်းတွေကို ကော်ပီလုပ်ပြီး ပြန်ဆိုလာကြတာတွေ ကို ကိုဆောင်းဦးလှိုင် ဘယ်လိုသဘောရပါသလဲ။

ဖြေ။      ။ ဟုတ်ကဲ့ ကျနော်တို့ ငယ်ငယ်ကတော့ အမေရိကားက Rock သီချင်းတွေ Pop သီချင်းတွေ၊ အင်္ဂလန်က Rock တွေ Pop တွေကို ကျနော်တို့နဲ့ မျိုးဆက်တူတဲ့ သူတော်တော်များများက အများဆုံး သီဆိုခဲ့ တာပေါ့လေ။ အခုကျတော့ အာရှသီချင်းတွေပေါ့၊ အဲဒီတော့ ကျနော်တို့က အာရှသား အချင်ချင်းဖြစ်နေတော့ နည်းနည်းနီးစပ် တယ်လေ။ အာရှ အချင်းချင်းရဲ့ ခံစားမှု၊ ရင်ခုန်သံချင်းကလည်း နီးစပ်တယ်ဆိုတော့ ဒီအာရှ သီချင်း တွေက နောက်ပိုင်းမှာ ပိုပေါက်ဖို့လွယ်လာတာပေါ့ဗျာ။

တရုတ်သီချင်းကို မြန်မာပြည်မှာ အကြီးအကျယ်ဆိုပြီး မျိုးစေ့ ချခဲ့တဲ့ သူတယောက်တော့ရှိတယ်။ သူက ကျနော်တို့နဲ့ မျိုးဆက်ချင်း သိပ်တော့မကွာဘူး၊ ဒါပေမယ့် ကျနော်တို့ ထက်တော့ နောက်ကျပါတယ်၊ ပြီးတော့သူက ဒီနောက်ပိုင်း ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်မှာ ကျနော်တို့ မြန်မာ့ဂီတ လောကရဲ့ နံပါတ် ၁၊ ၂ နေရာမှာ ရလာတာပေါ့၊ လူငယ် အဆိုတော်ပေါ့၊ နာမည်အကြီးဆုံးပေါ၊့ စတားတွေပေါ့ဗျာ။ သူတို့က ဒီတရုတ်သီချင်းတွေဘက်ကို ပီပီပြင်ပြင် ခြေဦး လှည့်လာတာကို တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ ဂီတလောက မှာ တရုတ်သံစဉ်တွေကို မျိုးစေ့ချပေးခဲ့တဲ့သူ ဆိုရင် မမှားဘူးပေါ့။

ကျနော့် အမြင်ကတော့ အမေရိကားကသီချင်းတွေ၊ အင်္ဂလိပ်သီချင်းတွေကို ပြန်တီးပြန်ဆိုကြတာကမှ နားထောင်တဲ့ ပရိသတ်အတွက် ပညာ၊ ဗဟုသုတ ရနိုင်သေးတယ်၊ ဘာကြောင့်လည်းဆိုတော့ နည်းပညာရော အနုပညာရော ပိုပြီးဖြစ်ထွန်းတဲ့ တိုင်းပြည်တွေလေ၊ ကျနော်တို့ ငယ်ငယ်တုန်းက သူများတွေလုပ်ခဲ့တာကမှ နည်းနည်းတော်ဦးမယ်၊ အခုက ကိုယ့်အိမ်နီးချင်း နိုင်ငံကဟာတွေဆိုတော့ ဒီအခွေသာ မြန်မာတွေက ကိုယ့်အိမ်နီးချင်းနိုင်ငံတွေကိုသာ ပါသွားခဲ့မယ်ဆိုရင်.. ၊ အထူးသဖြင့် ယိုးဒယားလို သီချင်းမျိုးတွေက မလုပ်သင့်ဘူးဗျ။ ကျနော်တို့ဖန်တီးမှုတွေက ယိုးဒယားထက် ညံ့တယ်လို့တော့ မယူဆထားဘူး၊ ဘာပဲ ညံ့မလည်းဆိုရင် စက်မှုပိုင်းဆိုင်ရာလောက်ပဲ ညံ့မယ်။ ဘာလို့လည်းဆိုတော့ သူတို့လောက်မသုံးနိုင်လို့လေ။

ကျနော်တို့ဆီမှာ ဒီ မူပိုင်ခွင့် ဆိုတာကို ပြဌာန်းလိုက်မှပဲ ဖြစ်မှာ။ အစစ အရာရာအတွက် ကမ္ဘာမှာလည်း ဒီလိုပဲ သူ့ကျင့်ဝတ်နဲ့ ကျင့်ထုံးနဲ့ သွားကြတာပဲလေ။ မူပိုင်ခွင့် ဆိုတာက တနေ့ ဖြစ်ပေါ်လာမှာပဲ။ ဒါတွေလည်း ပြောစရာ မလိုတော့ဘူး။ နောက် ဂီိတဈေးကွက်၊ ရုပ်ရှင်ဈေးကွက်ကလေးလည်း သူ့ မူပိုင်ခွင့်ဥပဒေနဲ့ သူ နည်းနည်းပြန်ပြီး တည့်မတ်လာမယ်၊ အနုပညာသမားတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာလည်း ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်တာပဲဗျ။

မေး။      ။ အခုလက်ရှိ မြန်မာပြည်က Hip Hop ဂီတနဲ့ ပတ်သက်ပြီး ကိုဆောင်းဦးလှိုင်ရဲ့ အမြင်ကရော…။

ဖြေ။      ။ ဒီ Hip Hop ကတော့ ကျနော့်သူငယ်ချင်း မျိုးကျော့မြိုင်က မြန်မာပြည်မှာ Rap စဆိုတယ်လို့ ပြောကြ တာကိုး။ သူ့ဆီကနေပြီးတော့မှ သူနဲ့သိပ်မတူတဲ့ အမေရိကားက လူမည်းတွေရဲ့ Hip Hop လိုင်းဘက်ကို လူငယ်တွေ က တဖြည်းဖြည်းကူးသွားကြတာပေါ့။ ဒီရေစီးကြောင်းက ကမ္ဘာမှာလည်း ယနေ့ထိ တိုင်အောင်ရှိတယ်၊ မြန်မာပြည်မှာ လည်း သူ့ရေစီးကြောင်းလေးနဲ့ သူရှိလိမ့်မယ်ဗျာ။ နိုင်ငံတကာမှာတော့ အများကြီးရှိတယ်ဗျ။ Classic (ဂန္ထဝင်ဂီတ) ကို လိုက်စားတဲ့သူ၊ Country Music လိုက်စားတဲ့သူ၊ တချို့က Pop၊ Hip Hop ပေါ့။ Hip Hop ထဲမှာမှ Melody ဆိုတဲ့ R&B ဆိုတာ ရှိသေးတယ်။ နိုင်ငံတကာမှာကတော့ လိုင်းတွေအများကြီးရှိတယ်ဗျ။ အဲဒီလိုအများကြီးထဲကမှ လူငယ်တွေက သူတို့ စိတ်ဝင်စားတဲ့ ဂီတ ရေစီးကြောင်းထဲကို ခုန်ချတာပေါ့။

မြန်မာပြည်မှာကျတော့ Band ကြီးတွေတီးတဲ့ Rock တို့ Pop တို့ ရှိတယ်။ ပြီးတော့ အခုပြောတဲ့ ကလေးတွေ ဖန်တီး နေတဲ့ Hip Hop စတဲ့ ရေစီးကြောင်းပေါ့။ အထူးသဖြင့် နှစ်ကြောင်းလောက်ပဲရှိတယ်၊ R&B သမားတချို့ မြန်မာပြည်မှာ နည်းနည်းပေါ်လာချင်သလို ဖြစ်တယ်။ ဒါပေမယ့် သူတို့ကလည်း  Hip Hop အုပ်စုထဲမှာပဲ နေ နေ ကြတယ်။ အဲဒီတော့ Hip Hop ဂီတက ရှိသင့်တယ်၊ နောက် ကျနော် ပြောချင်တာက ဒီထက်မက လူငယ်တွေရွေးချယ် ပိုင်ခွင့် ရှိသင့်ပါ တယ်။ အခုခေတ် ကလေးတွေကို မေးလိုက်ရင် သူတို့ကြားထဲမှာ ရယ်စရာကောင်းတာတခုက မင်းက Hip Hop လား Punk လားပေါ့၊ Punk ကတော့ Rock တို့ Pop တို့နဲ့လည်း နည်းနည်းနွယ်တယ်ပေါ့ဗျာ။ ဂစ်တာတွေ ဘာတွေ နဲ့သူတို့ Band နဲ့ သူတို့တီးတဲ့ Music ပေါ့။ သူတို့ကို ဒီနှစ်မျိုးပဲမေးစရာရှိတယ်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်