အကောင်းဆုံး လက်ဆောင် “သင်္ကြန်မိုး”

ယခုကဲ့သို့သော အချိန်မျိုးတွင် သင်္ကြန်နှင့် တူးပို့တေးသံက တွဲလျက်သား မြန်မာလူမျိုးတိုင်း၏ ရင်ထဲသို့ ရောက်လာမြဲ။ ထိုနည်းတူ သင်္ကြန်ဟု ဆိုလိုက်သည်နှင့် လွန်ခဲ့သော ၂၅ နှစ် ၀န်းကျင် ကာလများက ကြည့်ခဲ့ရသည့်၊ ယနေ့ထိလည်း မပျင်းမရိ ကြည့်ရှုနိုင်နေသေးသည့် “သင်္ကြန်မိုး” ရုပ်ရှင်ကားကြီးကို သတိရမိကြပေမည်။ ထိုစဉ်က “သင်္ကြန်မိုး” ဇာတ်ကားထဲတွင် နုပျို လန်းဆန်းစွာ မင်းသမီး ငယ်ကလေးအဖြစ် ပါဝင်ခဲ့ရပြီး အနုပညာခရီးလမ်း စတင်ခဲ့သော သရုပ်ဆောင် မေသန်းနုသည် ယခုအချိန်၌ အကယ်ဒမီ ၅ ဆု ပိုင်ရှင် မင်းသမီးကြီး အဖြစ် ရပ်တည်နေပေပြီ။ သက်တမ်း ၂၅ နှစ်ကြာမြင့်လာသည့်တိုင် မမေ့နိုင် သေးသည့် “သင်္ကြန်မိုး” ဇာတ်ကားနှင့်အတူ အနုပညာ မွေးဖွားလာသည့် မေသန်းနုက ယခုနှစ် သင်္ကြန်တွင် နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်၌ အဆိုအကများဖြင့် ဖျော်ဖြေနေမည်ဟု ဆိုသည်။ ထိုအကယ်ဒမီဆုရှင် သရုပ်ဆောင် မေသန်းနုကို ဧရာဝတီ သတင်းထောက် သဲသဲ က ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

မေး။     ။ သင်္ကြန်ရဲ့ ပြယုဂ်တခု ဖြစ်ခဲ့တဲ့ သင်္ကြန်မိုးလို ဇာတ်ကားမျိုးမှာ လူသစ် တယောက် အနေနဲ့ ပါဝင်ခွင့် ရခဲ့တဲ့အတွက် ခံစားချက်က ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ။     ။ အဲဒါကတော့ ပြောမပြ တတ်အောင်ကို ၀မ်းသာတာပေါ့။ ပါလည်း ပါရတဲ့ အပြင် ဒီဇာတ်ကားက အရမ်းလည်း အောင်မြင်တယ်၊ ဂန္ထ၀င် ဇာတ်ကား တကား ဆိုတော့ ကျမ ဘ၀အတွက် ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်အသား တခုပေါ့။ သင်္ကြန်မိုးကို မေ့လို့ မရတာ ကလည်း သင်္ကြန် ရောက်တိုင်း ဒီဇာတ်ကားလေးကို ပြန်ပြန်ပြီး ပြနေတယ် ဆိုတော့ ပိုပြီးတော့ သတိရ စရာတွေ ဖြစ်တာပေါ့။

မေး။     ။ သင်္ကြန်မိုး ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်သစ် တယောက် အပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှု ကရော ဘယ်လိုရှိခဲ့လဲ။

ဖြေ။     ။ ဇာတ်ကားက အရမ်း အောင်မြင်တော့ အဲဒီမှာပါတဲ့ ကျမတို့လည်း ပရိသတ် ရတာပေါ့။ အထူးသဖြင့် ချစ်ကြတယ် ခေါ်မှာပေါ့။ အနုပညာ ကတော့ ကျမက အဲဒီလောက်ထိ မကောင်း သေးဘူးလေ။ အဲဒီလို ဇာတ်ကား ကလည်း အရမ်းအောင်မြင်၊ ပါဝင်တဲ့ သူတွေ အကုန်လုံး ကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြတယ်။ နောက် အဲဒီမှာပါတဲ့ သင်္ကြန်သီချင်းတွေကလည်း အရမ်းကို အောင်မြင်တယ်ဆိုတော့  ဒီသီချင်းတွေကိုဖွင့်လိုက်တာနဲ့ ကျမတို့ရုပ်တွေက အလိုလိုပေါ်လာပြီးသား ဖြစ်နေတာပေါ့။ ဇာတ်ဝင်သီချင်းတွေက ရိုးမသွားဘူးလေ။

မေး။     ။ ဒီဇာတ်ကားရိုက်နေတုန်းကကော ထူးထူးခြားခြား အမှတ်တရ ဘာတွေရှိခဲ့သေးလဲ။

ဖြေ။     ။ အမှတ်တရတွေကတော့ အများကြီးပေါ့နော်။ ဒါက ပထမဆုံးကြုံခဲ့တာဆိုတော့ ထူးခြားတာတွေက အများကြီးရှိခဲ့တာပေါ့။ ဒါပေမယ့် ဒါတွေလည်း ပြန်မပြောတော့ပါဘူး။

မေး။     ။ အဲဒီတုန်းက အနုပညာအပေါ် ခံယူချက်နဲ့ အခု အကယ်ဒမီ ၅ ဆုရရှိထား သူတယောက်အနေနဲ့ အနုပညာအပေါ် ခံယူချက်က ကွာခြားသွားပြီလား။

ဖြေ။     ။ ကျမတို့က ဒီအလုပ်ကို ၀ါသနာပါလို့လုပ်ခဲ့တာလေ။ အခုချိန်ထိလည်း ဝါသနာ ပါနေတုန်းပေါ့နော်။ အခုကျတော့ တာဝန်ပိုကြီးသွားပြီပေါ့။ ဒါလေးပဲရှိတာပေါ့။ ၀ါသနာနဲ့ အလုပ်နဲ့တွဲရတော့ ခံယူချက်က အရင်ကထက်ပိုပြီးတော့တောင် ခိုင်မြဲသွားတာပေါ့။ အရင်ကဆိုရင် ကိုယ်အောင်မြင်ရင်လုပ်မယ်၊ မအောင်မြင်ရင်မလုပ်ဘူး ဆိုတဲ့ အဲဒီလို ခံယူချက်တွေ ရှိနေသေးတယ်။ ဒါပေမယ့် အောင်မြင်လာတဲ့အခါကျတော့ အဲဒီအောင်မြင်မှုကို ထိန်းဖို့အတွက် ပိုတာဝန်ရှိလာတာပေါ့။ အခုချိန်ထိတော့ ခံယူချက်က ဘာမှမပြောင်းလဲသေးပါဘူး။

မေး။     ။ သင်္ကြန်မိုး ဇာတ်ကားရိုက်ခဲ့တုန်းက သင်္ကြန်အငွေ့အသက်တွေနဲ့ အခု အနုပညာသက်တမ်း ၂၅ နှစ်ပြည့်သွားပြီဖြစ်တဲ့  ၂၀၁၀ သင်္ကြန်အငွေ့အသက်တွေ ပြောင်းလဲသွားပြီလား။

ဖြေ။     ။ သင်္ကြန်ကတော့ ကျမတို့ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းပြောင်းလဲသွားတာပေါ့။ ကျမ ပထမဦးဆုံး ကြုံရတဲ့ မန္တလေး သင်္ကြန်ဆိုရင် ကျမတို့ ဘ၀မှာ မမြင်ဖူးဘူးလေ။ ကျမတို့က နယ်ကလာတာဆိုတော့ နယ်သင်္ကြန်၊ ရန်ကုန်သင်္ကြန် ဒါပဲပေါ့နော်။ မန္တလေးသင်္ကြန်ဆိုတာကို ဒီဇာတ်ကားရိုက်မှပဲ မြင်ဖူးတာဆိုတော့ မန္တလေးသင်္ကြန်ရဲ့အငွေ့အသက်က အထူးသဖြင့် သင်္ကြန်မိုး ဇာတ်ကားမှာ တော်တော်များများပါပါတယ်။ အလှပြယာဉ်တို့၊ သင်္ကြန်ယိမ်းတို့ စတဲ့ရိုးရာတွေပေါ့။ ဒီဘက်ခေတ်မှာ အဲဒါတွေက မရှိတော့ဘူး။ သင်္ကြန်နဲ့ပတ်သက်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေလည်း နည်းနည်းတိမ်ကော သွားတာပေါ့။ ကျန်တဲ့ ပျော်စရာတွေကတော့ များလာတာပေါ့။ ခေတ်ကလည်းမတူဘူးကိုး။

မေး။     ။ တူးပို့သံတွေညံခဲ့တဲ့ သင်္ကြန်နဲ့ ခေတ်ပေါ်ဂီတ Techno သံတွေ ညံနေတဲ့ သင်္ကြန်အပေါ် အမြင် ဘယ်လို ကွာခြား ပါသလဲ။

ဖြေ။     ။ ဒါကတော့ သူ့ခေတ်နဲ့ သူ့အခါ အားပေးမှုပေါ့။ ဒီဘက်ခေတ်မှာလည်း သူ့ခေတ်နဲ့သူ အားပေးနေကြတော့ ဒါက ပြောလို့မရဘူးလေ။ သူ့ခေတ်နဲ့သူတော့ နားထောင်လို့ကောင်းနေတာပဲ။ မကောင်းဘူး လို့လည်းပြောလို့မရဘူး။ အခုကျတော့ သင်္ကြန်ဆိုရင် မြူးမြူးလေးမှဆိုတော့ ဘယ်လိုသံစဉ်မျိုးပဲလာလာ နားထောင်လို့အဆင်ပြေပါတယ်။ ဒါပေမယ့် ရေရှည်မြဲဖို့ကျတော့ အားလုံးကောင်းမှလေ။ စာသားရော၊ သံစဉ်ရော အားလုံးကကောင်းနေမှ ရေရှည်တည်တံ့နေမှာပေါ့။ ဥပမာ-သင်္ကြန်မိုးကားထဲက သင်္ကြန်သီချင်းတွေဆို အခုချိန်ထိ တည်တံ့နေတုန်းဆိုတော့ ဘက်ပေါင်းစုံက အကုန်ကောင်းနေလို့ပေါ့။ ဒီခေတ် ကောင်းတယ် ဆိုတာကလည်း ခေတ်ပေါ်ပေါ့နော်။ ကျမတို့အမြင်ကျတော့ ရေရှည်ကျတော့ မခံဘူး။ တချို့ဆို တနှစ်၊ နှစ်နှစ်ပဲ။ နောက်နှစ် ကျတော့ အဲဒီသီချင်းတွေက ပျောက်သွားပြန်ရော။

မေး။     ။ သင်္ကြန်နဲ့ပတ်သက်ပြီး ဘ၀မှာ ထူးထူးခြားခြားအမှတ်တရ ခံစားမှုရှိလား။

ဖြေ။     ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရ ကတော့ အခုချိန်ထိ “သင်္ကြန်မိုး” ပါပဲ။ ဒါဟာ ကျမ ဘ၀အတွက် ဘယ်လိုမှ ပြန်မရနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပေါ့။ ဒီဇာတ်ကားကြောင့် ကျမကို ချစ်တဲ့သူတွေများလာတယ်။ ပရိသတ်တွေ များလာတယ်။ နှစ်တိုင်း ဒီဇာတ်ကားကိုပြန်ပြတော့ ကိုယ့်ကိုချစ်တဲ့သူတွေက လျော့မသွားဘူး။ ကျမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်တယ်။ နောက် မန္တလေးသင်္ကြန်နဲ့ ပတ်သက်ပြီး ပျော်စရာတွေ အများကြီးဖြစ်ခဲ့တာပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်