ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးပါတီ ရှိဖို့လိုအပ်တယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ပါတီ ဆက်လက် မှတ်ပုံမတင်ရေးကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့ က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် ပါတီသစ်တခု ဖွဲ့စည်းခဲ့ကြသည်။ NLD ခေါင်းဆောင်ပိုင်းမှ ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာ ဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား NLD ပါတီဝင်များ ယင်း ပါတီသစ်တွင် ပါဝင်သည်။

NDF သည် မေလ ၂၇ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည်။ ပါတီသစ်ထောင်ခြင်းနှင့် ပတ်သက်၍ သဘောထား၊ လတ်တလော ပါတီရပ်တည် လှုပ်ရှားမှုနှင့် ပါတီ၏ နိုင်ငံရေး အနာဂတ် မျှော်မှန်းချက်များကို ဧရာဝတီ သတင်းထောက် ကြည်ဝေက NDF ခေါင်းဆောင် တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းနှင့် ဆက်သွယ် မေးမြန်းထားပါသည်။

dr-than-nyeinဒေါက်တာ သန်းငြိမ်းသည် ၁၉၅၆ ခုနှစ် ဟယ်ရီတန် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆေး တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သောကြောင့် အစိုးရ အမှုထမ်း အဖြစ်မှ ပင်စင်အပေးခံရပြီးနောက် ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ တွင် NLDအဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် ဥက္ကဋ္ဌအဖြစ် ဝင်ရောက် အရွေးခံပြီး အနိုင်ရခဲ့သည်။ ၁၉၉၇ တွင် အထိန်းသိမ်းခံရသည်။ ၂၀၀၄ တွင် ထပ်မံ ထိမ်းသိမ်းခံရပြီး ၂၀၀၈  စက်တင်ဘာတွင် ပြန်လည် လွတ်မြောက်လာသည်။

မေး။    ။ အန်ကယ်တို့အနေနဲ့ မတ်လ ၂၉ ရက်နေ့တုန်းက ပါတီအတွင်း အစည်းအဝေးမှာ ပါတီကို မှတ်ပုံ မတင်ဖို့အတွက် ဆုံးဖြတ်တဲ့အထဲ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ အခုလို ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဘာကြောင့်ပါလဲ။

ဖြေ။    ။ အန်ကယ်တို့အနေနဲ့ အဓိကကတော့ NLD မရှိတော့ဘူး၊ မေလ ၆ ရက်နေ့မှာ ဥပဒေအရ NLD က ပျက်ပြယ်သွားတဲ့   အခါကျတော့ အန်ကယ်တို့ သဘောတူတဲ့သူ အချင်းချင်း စဉ်းစားဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၉၀ ခုနှစ်ကတည်းက ပြည်သူ လူထု နဲ့ NLD နဲ့ သဘောတူညီထားတာ ရှိတယ်။ NLD က ပြည်သူလူထုအတွက် ဒီမိုကရေစီရအောင် လုပ်ပေးမယ်။ အဲဒီတော့ အနှစ် ၂၀ လောက် အန်ကယ်တို့ ကြိုးစားလာခဲ့တာပဲ။ မရဘူး။ မရဘဲနဲ့ NLDက အကြောင်း အမျိုးမျိုးကြောင့် ပျောက်ပြယ် သွားတဲ့အခါမှာ အဲဒီကတိကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ တို့မှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံရေးပါတီဆိုတာ ရှိဖို့လိုအပ်တယ် ဆိုတာ ယူဆတဲ့အတွက်ကြောင့် စိတ်သဘောတူတဲ့ သူတွေစုဝေးပြီး နိုင်ငံရေးပါတီ တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

အန်ကယ်တို့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုရင် နောင်လာမယ့် နိုင်ငံရေး။ နိုင်ငံရေးဆိုတာ ၂၀၁၀ မှာလည်း မပြီးသေးဘူး၊ ရွေးကောက်ပွဲပြီးလို့လည်း ပြီးသွားမှာ မဟုတ်ဘူး။ လူတွေရှိနေသမျှ နိုင်ငံရေးလည်း ရှိနေမှာပဲ။ အဲဒီတော့ နောင်မျိုးဆက်သစ် တွေအတွက် ရှေ့မှာ လုပ်နိုင်ကိုင်နိုင်အောင်၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်တတ်ကိုင်တတ်အောင် အန်ကယ်တို့အနေနဲ့ လမ်းကြောင်းတခု ဖောက်ပေးသွားဖို့ တာဝန်ရှိပါတယ်။ အဲဒီအတွက် အန်ကယ်တို့က အခုလုပ်တာလေ။ အန်ကယ်တို့အနေနဲ့ ဒီလိုနေရာတွေ အကုန်လုံး နေရာယူထားချင်တယ် ဆိုတဲ့ စိတ်မျိုး မရှိပါဘူး။ အတတ်နိုင်ဆုံး လူငယ်တွေကို အန်ကယ်တို့က အမြန်ဆုံး လွှဲပေးချင်တယ်။ နောက်ပြီး ပြောချင်တာက အန်ကယ်တို့က နောင်လာနောက်သားတွေကို တာဝန်ပေးတယ် ဆိုတဲ့ နေရာမှာ မျိုးဆက်သစ်တွေကို အင်မတန် အားနာတယ်။ ဆိုလိုတာက အန်ကယ်တို့ လုပ်နေကိုင်နေနိုင်တဲ့ ခေတ်မှာ ဒီလို ပြဿနာကြီးတွေ အန်ကယ်တို့ မရှင်းသွားနိုင်ဘဲနဲ့ သူတို့ကို တာဝန် ဆက်ပေးရတယ်ဆိုတာ အန်ကယ်တို့ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် တော်တော်လည်း အားမရပါဘူး။

ဖြစ်စေချင်တာက လုပ်နိုင်ကိုင်နိုင်တုန်းမှာပဲ အန်ကယ်တို့ကြောင့် ဖြစ်နေတဲ့ ဒီပြဿနာတွေကို တခါတည်း ဖြေရှင်းသွားချင်ပါ တယ်။ မျိုးဆက်သစ်တွေအနေနဲ့ စိတ်လက်ချမ်းသာနဲ့ ညီညီညွတ်ညွတ် တိုင်းပြည်ကို ပြန်လည်ပြီး ထူထောင်ဖို့ ပိုပြီးတော့ အားစိုက်စေချင်ပါတယ်။ အန်ကယ်တို့ ပြဿနာတွေကို သူတို့ကို ပုံချမသွားစေချင်ဘူး။ အန်ကယ်တို့ ပြီးအောင်လုပ်သွားချင် တယ်။ တကယ်လို့ ပြီးအောင်လုပ် မသွားနိုင်ဘူး ဆိုလို့ရှိရင်လည်း နောင်မျိုးဆက်သစ်တွေကို တောင်းပန်ပါတယ်လို့ ပြောချင် ပါတယ်။

မေး။    ။ အန်ကယ်တို့ကို NLD ရဲ့ သစ္စာဖောက်လို့ ပြောဆိုနေကြတာလည်း ရှိတော့ အဲဒီအပေါ်မှာ ဘယ်လို သဘောထားပါ သလဲ။

ဖြေ။    ။ NLD အပေါ်ကို သစ္စာဖောက်ခြင်း မဟုတ်ဘူးဆိုတာကိုလည်း အန်ကယ်တို့ကိုယ်တိုင် ယုံကြည်လက်ခံထားတာပဲ။ NLD အပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရော သစ္စာမဖောက်တဲ့အတွက် မဖောက်ဘူးလို့ ပြောတာပဲ။ ဘာဖြစ်လို့ လဲဆိုတော့ နောက်ဆုံး အချိန် မေလ ၆ ရက်နေ့ NLD ရှိနေတဲ့ အချိန်အထိ ကျနော်တို့အားလုံးဟာ NLD အဖွဲ့ဝင်တွေပဲ။ NLD ရုံးကို အန်ကယ်တို့ သွားကြတော့ လုပ်ကြတယ် ကိုင်ကြတယ်။ အဲဒီအချိန် အန်ကယ်တို့က သီးခြားပါတီ တည်ထောင်တာ မဟုတ်ဘူး။ အဲဒီတော့ NLD အပေါ်မှာ အန်ကယ်တို့ သစ္စာဖောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ထို့နည်းတူစွာ ဒေါ်အောင်ဆန်း စုကြည် က သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောတယ်၊ ဒါပေမယ့် တဖက်မှာ သူပြောထားတာက ဗဟိုဦးစီးတွေအနေနဲ့ မှတ်ပုံတင်သင့် တယ် ဆုံးဖြတ်ရင်လည်း သူလိုက်နာမယ်၊ မှတ်ပုံမတင်သင့်ဘူးလို့ ဆုံးဖြတ်ရင်လည်း သူလိုက်နာမယ် ဆိုတော့ ဘယ်လိုပဲ လုပ်လုပ်၊ မှတ်ပုံတင်တင် မတင်တင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒပဲ။ ဆန့်ကျင်တာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

မေး။    ။ NLDအဖွဲ့ဝင်ဟောင်းတွေက အခုလို ပါတီထောင်တဲ့အတွက် တခြားပါတီတွေ မတွေ့ရတဲ့ အခက်အခဲမျိုးတွေနဲ့ ကြုံတွေ့ရတာမျိုးရော ရှိပါသလား။

ဖြေ။    ။ NLD အဖွဲ့ဝင်ဟောင်းတွေ ပါတီတည်ထောင်တာကို အခက်အခဲဖြစ်စေမယ်လို့တော့ မထင်ပါဘူး။ အန်ကယ်တို့အခု ဥပဒေဘောင်အတွင်းကနေပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ညီညွတ်အောင် တင်ပြမယ်ဆိုရင်တော့
အခက်အခဲရှိမယ် မထင်ပါဘူး။ သို့သော်လည်းပဲ တခြား အခက်အခဲလေးတွေတော့ ရှိနိုင်ပါတယ်။ ဥပမာ ရုံးခန်းရဖို့အတွက်
လိုက်ပြီးတော့ ငှားရတယ်၊ ငှားတဲ့အခါကြတော့ နေရာရော ဈေးနှုန်းရော အကုန်လုံး စီစဉ်ပြီးတော့မှ ပါတီဆိုင်းဘုတ် တင်တော့ မှ အဆင်မပြေဘူး ဖြစ်တာမျိုးလေးတွေ ရှိပါတယ်။ ဒါကလည်း အိမ်ရှင်တွေဘက်က စဉ်းစားတာ တမျိုးဖြစ်နေလို့ပါ။အိမ်ရှင် တွေအနေနဲ့ သူတို့မျက်စိအောက်မှာ အဖွဲ့ချုပ်ကို အခက်အခဲမျိုးစုံ တွေ့နိုင်တယ်လို့ မြင်တာမျိုးတွေ၊ NLD ရုံးခန်းတွေ အပိတ်ခံ ရ ထားတာမျိုးတွေ ဒါတွေသူတို့ကြုံတွေ့ခဲ့ရတဲ့ အခါကျတော့ အဲဒီအရှိန်နဲ့ သူတို့ဆက်ပြီးတော့ စိုးရိမ်နေပုံရတယ်လို့ ထင်တယ်။

မေး။    ။ တခြားပါတီတွေကတော့ ငွေကြေးအခက်အခဲ ရှိကြတယ်လို့ ကြားနေရပါတယ်။ အန်ကယ်တို့ အဖွဲ့အနေနဲ့ရော ငွေကြေး အခက်အခဲ ရှိပါသလား။ ဘယ်လို လုပ်မယ်လို့ စဉ်းစားထားပါသလဲ။

ဖြေ။    ။ အနှစ်၂၀ လုံးလုံး အန်ကယ်တို့ အဖွဲ့ဝင်တွေမှာ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်၊ လူတွေလည်း အကြိမ်ကြိမ် ထောင်ကျခဲ့တာတွေ သိတဲ့အတိုင်းပါပဲ၊ အကုန်လုံး အခက်အခဲတွေ ရှိတာပေါ့။ ပထမက အန်ကယ်တို့ အချင်းချင်းပဲ ကိုယ် တတ်နိုင်သလောက်လေးတွေ စပြီးတော့ လုပ်ရမှာပဲ။ ဒီလိုပဲ နယ်မှာရှိတဲ့ ကိုယ့်အဖွဲ့ဝင်တွေကလည်း သူတို့ တတ်နိုင် သလောက်လေးတွေ စုဆောင်းပြီးတော့ လုပ်ကြရမှာပဲ။ အဲဒီလိုကမှ အန်ကယ်တို့ရဲ့ နိုင်ငံရေး လုပ်နေတဲ့အပေါ်မှာ အမြင် ကြည်လင်မှု မကြည်လင်မှုအပေါ် မူတည်ပြီးတော့ တခြား ပြည်သူတွေထဲကလည်းပဲ သူတို့ ကူညီလာတာ ရှိရင်လည်း ရှိလာ နိုင်တာပေါ့။ အဲဒီလိုပဲဆက်သွားရမှာပါပဲ။

မေး။    ။ ရွေးကောက်ပွဲ ၀င်တဲ့အခါ တပြည်လုံး အတိုင်းအတာနဲ့ သွားမှာလား၊ ဘယ်နှစ်နေရာလောက် ပါဝင်မယ်လို့ စိတ်ကူး ထားပါသလဲ။

ဖြေ။    ။ အန်ကယ်တို့ကတော့ ဖွဲ့ကတည်းကိုက ဒါဟာ National Party တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အမျိုးသားပါတီပေါ့နော်။ ရည်ရွယ်ချက်ကိုက တပြည်လုံးအတွက် လုပ်တာပေါ့၊ အဲဒီတော့ National Party အနေနဲ့ပဲဖွဲ့မှာ။ သို့သော်လည်းပဲ ခုနက အန်ကယ်ပြောခဲ့တဲ့ အခက်အခဲတွေ ရှိတဲ့အခါကျတော့ ဘယ်လောက်အထိ ကျယ်ပြန့်တဲ့ အလုပ်ဆိုတာက ပြောလို့မရဘူး။ ခုနက အန်ကယ်ပြောထားတဲ့အတိုင်း အန်ကယ်တို့ NLD ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အခြေခံထားတဲ့ အခါကျတော့ အောက်ခြေ Organization စည်းရုံးမှုကတော့ ရှိနေတာပဲ။ သူတို့က သူတို့ဘာသာ သူတို့ ကိုယ့်ဒေသအလိုက် ကိုယ့်မြို့နယ်အလိုက် တာဝန်ယူပြီးတော့ လုပ်လာမယ်ဆိုရင် လုပ်နိုင်သလောက် ကျယ်ပြန့်သွားမှာပေါ့။

မေး။    ။ အခု ပြောနေကြတာကတော့ စစ်တပ်က၂၅ ရာခိုင်နှုန်း၊ကြံ့ဖွံ့က ၇၅ ရာခိုင်နှုန်း ရမှာလို့ ပြောနေကြတယ်၊ ပါဝင် ယှဉ်ပြိုင်တဲ့ ပါတီတွေကတော့ အဖြည့်ခံပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်၊ အန်ကယ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ဒီနေရာမှာ အဓိက ကျတာကတော့ ပြည်သူပါပဲ။ ပြည်သူတွေရဲ့ နိုင်ငံရေးအသိ၊ အရေးကြုံလာရင် သတ္တိရှိရှိနဲ့ ကိုယ့် ပြဿနာကိုယ် ဖြေရှင်းရဲတာကိုတော့ အန်ကယ်တို့ အထင်မသေးပါဘူး။ ၉၀ ခုနှစ်တုန်းကလည်း နိုင်ငံရေးပါတီတွေက အများကြီးဆိုတော့ မဲတွေပြန့်သွားမယ်လို့ တကမ္ဘာလုံးက ထင်နေတဲ့ အချိန်မှာ သူတို့ထင်သလို မဖြစ်ဘဲနဲ့ ပြည်သူလူထုက တကယ့်ကို နိုင်ငံရေးအဆင့်မြင့်မြင့် ဆုံးဖြတ်နိုင်ခဲ့တာကိုး။

မေး။    ။ အခုလာမယ့် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်တုန်းကလိုပဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား၊ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ပါသလား။

ဖြေ။    ။ အဲဒီတုန်းကလိုတော့ ဖြစ်လာလိမ့်မယ်လို့ အန်ကယ်တို့က မမျှော်လင့်ဖူးပါဘူး။ မမျှော်လင့်ဘူးဆိုတာက အခြေအနေ တွေက အများကြီး ကွာခြားသွားပြီလေ၊ အထူးသဖြင့် ရွေးကောက်ပွဲ ဘယ်လောက်အထိ လွတ်လပ်မလဲ၊ ဘယ်လောက်အထိ တရားမျှတမလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ အဲဒီတော့ ၉၀ ခုနှစ်လောက်အထိ တရားမျှတမယ်၊ လွတ်လပ်မယ် ဆိုလို့ ရှိရင်တော့ အနည်းဆုံး အဲဒီ ၉၀ ခုနှစ်လောက်အထိ ဖြစ်မှာပေါ့။ အဲဒီတော့  အန်ကယ်ထင်ပါတယ် အားလုံးဟာ အဲဒီအပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတဲ့ အပေါ်မှာ အများကြီး မူတည် ပါလိမ့်မယ်။

မေး။    ။ လွှတ်တော်မှာရော အန်ကယ်တို့ မျှော်လင့်သလို၊ အခြေခံ ဥပဒေထဲက အချက်အလက်တွေကို ပြင်ဆင်ခွင့်ရလိမ့်မယ် လို့ ဘာကြောင့် မျှော်လင့်တာပါလဲ၊ ပြည်သူတွေကတော့ လွှတ်တော်မှာလည်း အတိုက်အခံ လုပ်နိုင်မှာ မဟုတ်ဘူးလို့ပဲ ထင်ကြပါတယ်။

ဖြေ။    ။ NLD ထဲမှာ ရှိကတည်းက အခြေခံဥပဒေရဲ့ အားနည်းချက်တွေ ချွတ်ယွင်းချက်တွေကို အန်ကယ်တို့ ထောက်ပြခဲ့ တာပါ။ ပါတီ အဖွဲ့အစည်းဥပဒေနဲ့ ရေးထားတာကတော့ ဒီအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ပြောတယ်။ ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတဲ့စကားကို အန်ကယ်တို့ နားလည်တာက ဥပမာဆိုပါတော့ ကိုယ် အိမ်တအိမ်မှာနေတယ်၊ ဒီအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ ဆိုလို့ရှိရင် သူ့ရဲ့အားနည်းချက်တွေ ချွတ်ယွင်းချက်တွေ ပြင်သွားပေးရမယ့် တာဝန်ရှိ တယ်။ အန်ကယ်တို့က ဒါကို ဖျက်ဆီးဖို့တော့ မဟုတ်ဘူး။ အခြေခံဥပဒေမှာ ကောင်းတဲ့ အချက်တွေလည်း ပါမှာပေါ့။ အကုန် လုံးမကောင်းဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး။ အဲဒီတော့ လိုအပ်တဲ့နေရာတွေမှာ ပြင်ဆင်သွားဖို့ ဆက်ပြီးတော့ လုပ်သွား မှာပေါ့။ လုပ်တဲ့နေရာမှာလည်း  အပြင်ကနေပြီးတော့ ပြောနေတာလည်း ကြာပါပြီ၊ ဖြစ်မလာဘူး။ အဲဒီတော့ ပြင်လို့ဖြစ်မယ့် နေရာမှာပဲ ကြိုးစားသွားရမှာပါပဲ။ အထူးသဖြင့် အခြေခံဥပဒေထဲမှာ ပြောထားတာက ပြင်ဆင်ခွင့်ရှိမယ်။ ပြင်ဆင်ခွင့်ရှိတယ် ဆိုတာကတော့ လူပေါ့။ တကယ် လက်တွေ့မှာကတော့ ခက်နေတာကတော့ အမှန်ပဲပေါ့။ ရေးဆွဲထားတဲ့ ဥပဒေထဲမှာ အတော်လေး  ပြင်ဖို့ ခက်တာပေါ့။ သို့သော်လည်း အခြေအနေဆိုတာမျိုးက အမြဲတမ်း ပြောင်းလဲနေတာပေါ့။ အဲဒီတော့ ဆက်ပြီး ကြိုးစားသွားရမှာပါပဲ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်