မတရား မြေသိမ်းခံရသူများဘက်က ရပ်တည်တိုက်ပွဲဝင်သူ

စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တနင်္သာရီတိုင်း မြိတ်မြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သူ ယုဇန ဦးဌေးမြင့်သည် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း နယ်မြေတွင် စိုက်ပျိုးရေးလုပ်ငန်းကြီး တခုကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ယင်းစိုက်ပျိုးရေး စီမံကိန်း အတွက် ရွာပေါင်း ၆ ရွာမှ ဒေသခံ တောင်သူလယ်သမား ၆၀၀ ကျော်၏ လယ်ယာမြေ ဧက ထောင်ကျော်ကို သိမ်းယူခဲ့သဖြင့် ဒေသခံများ ဒုက္ခရောက်ခဲ့ရသည်။  လယ်သမား များက နစ်နာဆုံးရှုံးမှုများ အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို တိုင်ကြားခဲ့သော်လည်း ယနေ့တိုင် တစုံတရာ အရေးယူဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်နာမည်ဖြင့် တရားစွဲဆိုနေမှုကိုလည်း မြစ်ကြီးနားမြို့နယ် တရားရုံးက ပယ်ချခဲ့သည်။

ndf-kachinယင်း ဖြစ်ရပ်တွင် အသက် ၄၄ နှစ် အရွယ်ရှိ ဒေါ်ဘောက်ဂျာ၏ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ၁၄ ဧကလည်း အသိမ်းခံခဲ့ ရသည်။ လယ်သမား များ၏ တရားစွဲမှုနှင့် ပတ်သက်၍ ဒေါ်ဘောက်ဂျာက ဦးဆောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေါ်ဘောက်ဂျာသည် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ပြည်သူ့လွတ်တော် အမတ်အဖြစ် ဖားကန့်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် သူလည်းဖြစ်သည်။ ဒေါ်ဘောက်ဂျာကို ဧရာဝတီ သတင်းထောက် ကိုထွေးက ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မေးမြန်းထား ပါသည်။

မေး။     ။ အမှုနဲ့ပတ်သက်ပြီးတော့ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုကို အသေးစိတ်ပြောပြပါလား။

ဖြေ။     ။ ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌဆိုတာကို ဖယ်ပေးဖို့ရယ်၊ တာဝန်ခံ ဒါရိုက်တာနဲ့ပဲ ဆက်ပြီးတော့ တရားစွဲဆို သွားဖို့ရယ် ဆိုပြီးတော့ တရားရုံးက ၁၂ ရက်နေ့က ကြားဖြတ်အမိန့်ချပေးတယ်။ ကျမတို့ကလည်း ဒါ မထုတ်နိုင်ဘူး။  ဥက္ကဋ္ဌကပဲ အကုန်လုံးတာဝန်ယူပြီးတော့ လုပ်တဲ့ အလုပ်ပဲ၊ ဒါရိုက်တာက ဥက္ကဋ္ဌ ညွှန်ကြားမှ ရတယ်ဆိုပြီးတော့ ကျမတို့က ဥက္ကဋ္ဌနဲ့ပဲ ဆက်ပြီး စွဲဖို့ကို တင်ထားပါတယ်။

ယုဇနကုမ္ပဏီက သိမ်းယူသွားတဲ့ လယ်ယာ ဥယျာဉ်ခြံမြေတွေနဲ့ ရွာတွေ၊ သူတို့ ဖျက်ဆီးထားတာ အကုန်လုံးအတွက် နစ်နာကြေးနဲ့ လျော်ကြေး တောင်းဆိုထားတာပါ။ ကျမတို့တောင်သူ ၁၄၈ ဦးနဲ့ အရင်စွဲပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တရားရုံးကိုတင်လိုက်တယ်။ ပယက ကလူကြီးတွေက ညှိပေးမယ်ဆိုပြီးတော့ ပြောလို့ညှိတယ်။

ကျမတို့ ရှေ့နေကို သူတို့ကုမ္ပဏီဘက်က တရားမစွဲဖို့ အချိန် တလပေးခိုင်းတယ်။ အဲဒီလိုပေးခိုင်းတာလည်း သူတို့က အတင်းအဓမ္မ ခြိမ်းခြောက်ပြီး လတ်မှတ်ထိုးခိုင်းတာ။ ကျမတို့စွဲတာက နစ်နာကြေးရဖို့စွဲတယ်၊ ဒါကို သူတို့က ငွေယူမလား၊ မြေယူမလား ဆိုပြီးတော့ တဧကကို ကျပ် ၈ သောင်းနှုန်းနဲ့ ဖြတ်ပေးတယ်။ အဲဒီ ၈ သောင်းနှုန်းယူတဲ့ သူတွေက လုံးဝ တရားမစွဲပါဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ အာဏာပိုင်တွေနဲ့ပေါင်းပြီး စာချုပ်မှာ လတ်မှတ် ထိုးခိုင်းတယ်။

အဲဒီလို နည်းမျိုးစုံနဲ့ ကျမတို့ကို ခြိမ်းခြောက်တယ်။ သူတို့က ကျောက်ခဲတောတွေ၊ စိုက်လို့မရတော့တဲ့နေရာတွေကို ပြန်ပေးတယ်။ ကျမတို့ဘက်က လယ်တွေ မယူဘူးဆိုပြီးတော့ တင်းခံတဲ့ လူတွေကိုဆိုရင် သူတို့က ခြိမ်းခြောက်တယ်။ နည်းမျိုးစုံနဲ့ခြိမ်းခြောက်တာ။ ည ၁၁ နာရီ၊ ၁၂ နာရီ ခေါ်သွားပြီး တောင်သူတွေကို တရားခံစစ်သလို ၃၊ ၄ နာရီ စစ်တာ။ အဲဒီလို အမျိုးမျိုးနှိပ်စက်တဲ့ အခါကျတော့ တချို့တွေက မခံနိုင်ဘူး။ မခံနိုင်တော့ သူတို့ လက်မှတ်ထိုးခိုင်းတဲ့ နေရာမှာ ထိုးပေးလိုက်ရတယ်။

အဲဒီလိုခြိမ်းခြောက်ပြီးတော့ ကျန်တဲ့လူတွေ တချို့တွေက လုံးဝ ရှောင်နေပြီးတော့၊ အရင်တုန်းက ငွေမယူတဲ့ သူတွေရော နောက်ဆုံး ၁၇ ယောက် လောက်ပဲ ကျန်ခဲ့ပြီး ကျန်တဲ့သူတွေက တရားစွဲတာပါ။ တင်ဖြစ်တဲ့ အမှုက အမိန့်ချထားတဲ့အမှု။ အဲဒီလိုပဲ ငွေမယူသေးတဲ့သူတွေအများကြီး ကျန်သေးတယ်။ ၁၄၈ ဦးထဲမှာ မပါသေးတဲ့ လူတွေလည်း ပြန်ပေါ်လာတယ်။ အဲဒီတော့ နောက်ထပ် အယောက် ၂၀၊ နောက် ၄၆ ယောက် အဖွဲ့လိုက် ထပ်စွဲကြတာပေါ့။ နောက်ဆက်တွဲတွေလည်း အများကြီးကျန်ဦးမှာပါ။ အဲဒီ ၁၄၈ ဦးကိုလည်း သူတို့က အသည်းအသန် ရှာပြီးတော့ အတင်းငွေယူခိုင်းတာပေါ့။ မယူမနေရ၊ မယူရင်လည်း လတ်မှတ်ထိုး ဆိုပြီးတော့ အတင်းဓမ္မ လတ်မှတ်ထိုးပြီး လုပ်ခဲ့တယ်။ ၁၄၈ ဦးမှာ မပါတဲ့သူတွေက ခံသာသွားတာပေါ့။ အခု တရားစွဲတဲ့ ၃ ဖွဲ့မှာလည်း အရင် ၁၄၈ ဦးမှာ မပါတဲ့သူတွေ အများကြီးပဲ။ သူတို့ လက်မှတ်ထိုးခိုင်းပြီး ပြေလည်သွားပြီ ဆိုတာမျိုးလုပ်တယ်။ ဒါပေမယ့် ကျမတို့က ဘယ်လိုမှ မပြေလည်ဘူးလေ။ မပြေလည်တာကိုလည်း ကျမတို့ပဲသိတယ်။ သူတို့က အထက်ကိုတော့ ပြေလည်အောင် လုပ်ထားတယ်ထင်တယ်။

အဲဒီတော့ ကျမတို့ ၁၇ ယောက်က ပြန်ပြီးတော့ တရားစွဲတဲ့အခါမှာ ပယက လူကြီးတွေက တောင်သူတွေကို ခေါ်တယ် ဆိုပြီးတော့ ပယက ရုံးကို ခေါ်သွားတယ်။ အဲဒီမှာ ပယက အတွင်းရေးမှူးနဲ့တွေ့တဲ့ အခါကျတော့ မင်းတို့ခေါင်းဆောင် ဘယ်သူလဲလို့ ပြောတော့ ရွာသားတွေက ဘာမှ ပြောဆိုတတ်တာ မရှိတော့ ကျမပဲလို့ ပြောလိုက်တဲ့အခါကျတော့ ဒီအမှုက ပြေလည်ပြီဆိုပြီးတော့ ပြောတယ်။ ကျမက မပြေလည်ဘူး၊ ကျမတို့ငွေလည်း မယူဘူး၊ မြေဆိုတာကလည်း ကျမတို့ မြေမဟုတ်ဘဲနဲ့ မယူနိုင်ဘူးလို့ အဲဒီလို ပြောတဲ့ အခါကျတော့ တိုင်းမှူးက ညှိပေးတယ် မဟုတ်လားဆိုပြီး အတွင်းရေးမှူးက မေးတယ်။

တိုင်းမှူးကတော့ ညှိပေးတယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့၊ သူတို့ကြိုက်တဲ့နေရာမှာ သူတို့အဆင်ပြေအောင် လုပ်ပေးဖို့ ဆိုပြီးတော့ မှာခဲ့တယ်။ မှာခဲ့ပေမယ့် တိုင်းမှူးပြန်သွားတဲ့ အခါကျတော့ ကျန်တဲ့သူတွေက စိုက်လို့ မရတဲ့ နေရာတွေ၊ တခြားနေရာတွေကို ကျမကို လိုက်ပြတယ်။ အဲဒီတော့ တောင်သူတွေက အဲဒီလောက် အဝေးကြီး မှာလည်း မစိုက်နိုင်ဘူး ပြီးတော့ စိုက်စားလို့လည်း မရတဲ့ နေရာဆိုတော့ တချို့တွေက ငွေယူလိုက်ကြတာလည်း ရှိတယ်။

ယုဇနကုမ္ပဏီက အစတုန်းက ဒေသ ဖွံ့ဖြိုးမှုအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်ဆိုပြီး ပြောတယ်။  ဒါပေမယ့် ဒီ ယုဇနကုမ္ပဏီရဲ့ လုပ်ရပ်ဟာ ဘာမှ မသိနားမလည်တဲ့ တောင်သူတွေကို နိုင့်ထက်စီးနင်း အတင်းအဓမ္မ ဓားပြတိုက်တဲ့ ပုံစံမျိုးဖြစ်နေပါတယ်။

တချို့က ခြိမ်းခြောက်ခံရပေမယ့် မင်းတို့ မပေးနိုင်ရင်တော့ မယူဘူးဆိုပြီး နေတဲ့သူတွေလည်းပါတယ်။ အဲဒီလို လူတွေကြတော့ သူတို့က ကားတစီးနဲ့ကို လိုက်ရှာပြီးတော့ ဘာပဲဖြစ်ဖြစ်လက်မှတ်ထိုး ဆိုပြီးတော့ လုပ်တယ်။ တချို့ကြတော့လည်း ကြောက်ပြီးတော့ ထိုးကြတာပေါ့။ ထောင်ချပစ်မယ်၊ ဘာညာဆိုပြီးတော့ကို ခြိမ်းခြောက်တာ။ ကျမတို့က အခု စွဲထားတာက နစ်နာကြေးအတွက် စွဲတာဖြစ်တာ၊ မြေပြန်ပေးဖို့တောင် မပြောသေးဘူးလို့ ပြောတဲ့အခါကျတော့ သူက ကျမတို့ကို မောင်းထုတ်တယ်။

မေး။     ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ဘယ်လိုမြင်လဲ။

ဖြေ။     ။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း မျက်စိပဲ မှိတ်နေတာလား၊ မသိဟန်ဆောင်နေတာလား ကျမတို့လည်း စဉ်းစားလို့မရတော့ဘူး ဖြစ်နေတယ်။ ဒီလောက် ဒုက္ခရောက်နေတယ်ဆိုတာ အကြိမ်ကြိမ် တိုင်ကြားခဲ့လည်း သူတို့က ဖြေရှင်းပေးတာ တခုမှ မရှိခဲ့ဘူး ဒီနေ့ထိပဲ။ အဲဒါကြောင့် ဒီကုမ္ပဏီဟာ သူတို့ပဲ လုပ်တာလားလို့ ထင်တဲ့အထိ ဖြစ်လာတာပေါ့။ အစတုန်း ကတည်းက ကျမတို့ကို နိုင်ငံတော် အမိန့်ဆိုပြီး ခြိမ်းခြောက်ပြီး သိမ်းခဲ့တာလေ။

မြေ စသိမ်းတာက ၂၀၀၈၊ ၂၀၀၉ ကနေစခဲ့တယ်။ ၂၀၀၈ ဒီဇင်ဘာလောက်မှာ စဖြစ်ခဲ့တယ်။ ကျမတို့ အဲဒီအချိန် ကတည်းက အထက်ကို စာတင်ခဲ့တယ်။ အထက်ကို ဆိုတာက မြို့နယ်တွေ၊ ပြည်နယ်တွေကို အဆင့်ဆင့် ဒါလေးကို ဖြေရှင်းပေးဖို့ စာတင်ခဲ့တယ်။ ကျမတို့နေပြည်တော်အထိ ရောက်ခဲ့တယ်။ နောက်ဆုံး ကျမတို့ ၂၀၁၀ မတ်လက (ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်) ILO အထိလည်း တင်ခဲ့တယ်။ ဒါပေမယ့် ဖြေရှင်းပေးတာ ဘာတခုမှ မရှိခဲ့ဘူး။ အဲဒီလို ဖြေရှင်းပေးမှုမရှိတဲ့အတွက် တရားရုံးကို ရောက်တာပါ။ 

မေး။     ။ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ပြန်ရမယ်လို့ ထင်ပါသလား။

ဖြေ။     ။ ဒီလယ်ယာမြေ မရှိဘူးဆိုရင် တောင်သူတွေက ဘယ်လိုမှ အသက်ဆက် နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် နောက်ဆုံးအနေနဲ့ အစိုးရရဲ့ တရားရုံးကို တင်တာဖြစ်တယ်။ သူတို့ အနေနဲ့ တောင်သူတွေ၊ပြည်သူတွေကို တကယ် သနားညှာတာမယ်၊ အမှန်တရား အတိုင်း ဆုံးဖြတ်ပေးမယ် ဆိုရင်တော့ ကျမတို့ လယ်ယာမြေနဲ့ နစ်နာကြေးတွေကို ပြန်ရမှာပါ။

မေး။     ။ လယ်မြေတွေကို သူများ သိမ်းယူသွားတော့ ဘယ်လို ခံစားရလဲ။

ဖြေ။     ။ ကျမတို့ နစ်နာကြေးနဲ့ လယ်ယာမြေပြန်ရဖို့ တရားစွဲတာ။ တောင်သူတွေက တခြားစီးပွားရေး မလုပ်စား တတ်ဘူးလေ။ ဒီမြေကြီးပေါ်မှာပဲ စိုက်ပျိုးစားတတ်တယ် ဆိုတော့ သူတို့ အခုလို စိုက်ပျိုးစားဖို့ လယ်ယာမြေ မရှိတော့ဘူး ဆိုတော့ အင်မတန်မှ ဒုက္ခရောက်နေကြတယ်။ ၂ နှစ်၊ ၃ နှစ်ဆိုတဲ့ ကာလမှာ စားစရာကို မရှိဘဲနဲ့ တော်တော်ကို ဒုက္ခရောက်ပြီးတော့ အသက်ဘေးနဲ့တောင် ရင်ဆိုင်နေရတယ်။ သူတို့ကို အာဏာပိုင်တွေ ဘက်ကလည်း ဖြေရှင်းပေးတာ မရှိဘူး။ ဘာမှ နားမလည်ဘဲ အရမ်း ဒုက္ခရောက်တာကိုတွေ့တော့ ကျမကတော့ မခံစားနိုင်ဘူး။

သူတို့နေ့တိုင်း ငိုကြွေးနေတဲ့ အသံတွေကို ကျမ မျက်စိနဲ့ မျက်မြင်တွေ့ရတယ်။ ကျမတို့က ပါသွားတယ် ဆိုပေမယ့် တခြားလုပ်ငန်းတွေ ရှိနေတော့ နည်းနည်း ခံသာပါတယ်။ တခြားတောင်သူ အားလုံးက လယ်ယာပိုင် အကုန်ပါသွားပြီး ဘာမှ လုပ်စားစရာ မရှိတဲ့ အခါမှာ အရမ်းကို ဒုက္ခရောက်လို့ နေ့တိုင်းငိုကြွေးနေတဲ့ သူတို့ရဲ့မျက်ရည်တွေ၊ ငိုကြွေးသံတွေကို မခံစားနိုင်လို့ တရားရုံးအထိ ရောက်လာတာ။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်