ဥပဒေဘောင်ထဲက ရပ်ပြီး မဲမပေးရေးလှုပ်ရှားတဲ့ ဦးဝင်းတင်

{play}images/stories/uwintin.interview.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/uwintin.interview.mp3 name='အသံဖိုင်ရယူရန်'}
senior-leader-of-detained-u-win-tin
တရားမမျှတ၍ လူတိုင်းပါဝင်ခွင့် မရနိုင်သည့် ရွေးကောက်ပွဲဟု ဝေဖန်ခံနေရသော ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သပိတ်မှောက်ပွဲ၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ပြင်ဆင်နေမှုများနှင့် စပ်လျဉ်း၍ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်ကို ဧရာဝတီသတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်း ထားပါသည်။

မြန်မာ စာနယ်ဇင်းလောက၏ အထင်ကရ သတင်းစာဆရာ တဦးဖြစ်သူ ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က NLDကို စတင်တည်ထောင်သူများထဲတွင် ပါဝင်ခဲ့သူဖြစ်ကာ စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ ထိန်းသိမ်းထားခဲ့သူဖြစ်သည်။

မေး။     ။ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နဲ့ ဒုတိယအကြိမ်ပင်လုံညီလာခံ ခေါ်ယူရေးဆိုပြီးတော့ ကိစ္စရပ် နှစ်ခုကို ရှေ့ဆင့်နောက်ဆင့် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒီတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးမှာ လူထု ပူးပေါင်း ပါဝင်လာဖို့ ဘယ်လောက် အထိ ဆောင်ရွက်သွားနိုင်မလဲ သိပါရစေ။

ဖြေ။     ။ ဆောင်ရွက်နေတာပဲဗျ။ ပါလည်း ပါတယ်လို့ ကျနော်တို့က ယူဆပါတယ်။ သို့သော် ကျနော်တို့က လုံးဝဥဿုံ သပိတ် ဆိုတဲ့ စကားလုံးကို သုံးတယ်။ လုံးဝဥဿုံ သပိတ်ဆိုတာက လူထုပါဝင်ဖို့ပဲ။ အမတ် တယောက်ကို၊ ပါတီတခုကို သပိတ်မှောက်တဲ့ သဘောမဟုတ်ဘူး။ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲ တခုလုံးကို သပိတ်မှောက်တာ။ ဖြစ်နိုင် ရင်တော့ ဒီသပိတ်ကြီးက ဒီရွေးကောက်ပွဲကြီး ပျက်သွားအောင်အထိ ဖြစ်ချင်တာပေါ့ဗျာ။

သို့သော် အကယ်၍များ မဖြစ်ခဲ့ဘူး ဆိုရင်လည်း ကျနော်တို့က ဒီရွေးကောက်ပွဲအပေါ်မှာ လူထု ပါဝင် ပူးပေါင်းဆောင် ရွက်မှု မရှိဘူးဆိုတာ ပြချင်တာပဲ။ ရွေးကောက်ပွဲကို သပိတ်မမှောက်ဖို့၊ မဲမပေးဖို့ လှုပ်ရှားမှုတွေမှာ လူထု ကိုယ်တိုင်က ပါဝင်မှုရှိတယ်ဆိုတာ ပြချင်တာ။ သို့သော် ပြတဲ့ နေရာမှာလည်း လူထုက လမ်းပေါ်ထွက် ဆန္ဒပြတာတို့၊ ဘာတို့ ဖြစ်ဖို့၊ ရောက်နိုင်ဖို့ အခြေအနေမပေးဘူး ပေါ့ဗျာ။

အဲဒီတော့ ကျနော်တို့ ဘာနဲ့ တိုင်းတာမလဲ ဆိုရင်  ရွေးကောက်ပွဲဟာ သူတို့တွေ ဘယ်လောက်ပဲ လိမ်တာ ညာတာတွေ ရှိနေနေ ဒီနောက်ဆုံး ရလဒ်မှာ သူတို့ပြောချင်တဲ့ ၉၀ ရာခိုင်နှုန်းနဲ့ နိုင်ပါတယ်တို့၊ ဒီရွေးကောက်ပွဲကြီးမှာ မဲလာပေးမယ့် လူဦးရေဟာ ၉၀ ရာခိုင်နှုန်း ရှိပါတယ် ဆိုတာမျိုးတွေ မဖြစ်အောင်လုပ်မယ်ဗျာ။ နောက်တခုကတော့ ပါတီတိုင်း ရမယ့် မဲကလည်း ခုနကပြောသလိုပဲ ၈၀ ရာခိုင်နူန်း၊ ၉၀ ရာခိုင်နှုန်း ရတယ်ဆိုတာမျိုး မဖြစ်ဘဲနဲ့ ၁၀ ရာခိုင်နှုန်းတို့၊ ၁၅ ရာခိုင်နှုန်းတို့ ဖြစ်သွားတဲ့ အနေထားမျိုး ဖြစ်အောင် လုပ်မှာပဲ။ အဲဒါ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ။ ကမ္ဘာကို ကျနော်တို့ပြချင်တာက ရွေးကောက်ပွဲကို လူထုက လက်မခံဘူး၊ လူထုက  ဆန့်ကျင်တယ်။ လူထုက ကန့်ကွက်တယ်၊ လူထုက မဲမပေးဘူး၊ ဒါကို ကျနော်တို့က ပြချင်တာပဲ။

အဲဒီတော့ ဒီရွေးကောက်ပွဲက ဂုဏ်သိက္ခာ ဒါမှမဟုတ် တန်ရာတန်ကြေးရှိတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကို ကျနော်တို့ပြဖို့ လုပ်တာပဲ။

မေး။      ။ ဒါပေမယ့် အခုရက်ပိုင်း အတွင်းမှာပဲ အာဏာပိုင်တွေ ဘက်ကလည်း လုံခြုံရေး ထပ် တိုးမြှင့်လာတယ်။  မဲ မပေးရေး ဆောင်ရွက်နေတဲ့ NLDလူငယ်တွေကိုလည်း တားဆီးတာတွေ၊ ဖမ်းဆီးတာတွေ တွေ့ရတယ် ဆိုတော့ ဒီလှုပ်ရှားမှုက အာဏာပိုင်တွေရဲ့ ချေမှုန်းမှုအောက်မှာ တန့်သွားနိုင်မလား။

ဖြေ။     ။ သူတို့ သတင်းစာတွေမှာ စပြီးတော့ ရေးလာပြီ ပေါ့ဗျာ။ ဒီဟာမျိုးတွေက ဒီရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်ရင် ထောင်ကျနိုင်တယ် ဘာညာပေါ့ဗျာ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော့်ကို ဘီဘီစီက မေးတယ်။ ကျနော်က နံပါတ်တစ်ကတော့ လူတွေ မကြောက်ကြနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လုပ်တာဟာ တရားမဲ့ လုပ်တာမဟုတ်ဘူး။ ဆိုပါတော့ဗျာ ကျနော်က ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ ပြဋ္ဌန်းထားတဲ့အတိုင်းပဲ မဲမပေးဘဲ နေနိုင်တယ်။ နေနိုင်ခြင်း ဟာလည်း တရားဥပဒေနဲ့ အညီ ဖြစ်တယ်ဆိုတဲ့ အချက်ပါတယ်။ အဲဒီတော့ ဒီအချက်အပေါ်မှာ အခြေခံပြီး ကျနော်က လူတွေကို မဲမပေးနဲ့လို့ပြောတာ။ ခင်ဗျားတို့ရဲ့ အခွင့်အရေး၊ မဲမပေးဘဲ နေနိုင်တယ်။ ဥပမာ NLD မပါလို့ မဲ မပေးတာပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် မပါလို့ မပေးတာပဲဖြစ်ဖြစ်၊ မဲမပေးဘဲနေရင် အဲဒီလိုနေခွင့်ရှိတယ်။ အဲဒါကို ဥပဒေနဲ့အညီ ကျနော်တို့ကပြောတာ။

ကျနော်တို့ဟာ ဥပဒေပေါ်က ရပ်ပြီးတော့ မဲမပေးတဲ့လှုပ်ရှားမှုကို လုပ်တယ်။ အဲဒါက သပိတ်ပေါ့နော်။ အဲဒီတော့ သူတို့ ဘက်က ဘာကိုင်လာလဲ ဆိုတော့  ရွေးကောက်ပွဲကို တားရင်၊ ဖျက်ဆီးရင်၊ ပိတ်ဆို့ရင် ထောင်ချနိုင်တဲ့ ဟာမျိုးနဲ့ ခြိမ်းခြောက် တယ်။ သူတို့ကလည်း ရာဇသတ်ကြီးလို သူတို့ဥပဒေပေါ်ကို သူတို့ရပ်တာပဲ။ ကျနော်တို့လည်း ရွေးကောက်ပွဲ ဥပဒေပါ ကိုယ်ပိုင်ပြဌာန်းခွင့် ဥပဒေပေါ်မှာ ရပ်တာပဲ။ ဒါကို တရားဥပဒေအရ ရင်ဆိုင်ကြရမယ် ဆိုလည်း ရင်ဆိုင်ကြမှာပဲ။

ဒီအချိန်မှာတော့ မကြောက်ကြနဲ့။ ဆက်ပြီးတော့ ကိုယ့်ရဲ့ ရွေးကောက်ပွဲသပိတ်ကြီး စည်းရုံးတဲ့ ကိစ္စလုပ်ကြလို့ ကျနော်ကတော့ပြောတယ်။ ဒီဟာလုပ်လို့ လူတယောက် ထောင်ကျကျ၊ ၁၀ ယောက်ထောင်ကျကျ၊ လူ ၁၀၀ ကျကျ၊ ၁ ထောင်ကျကျ၊ ၁ သောင်းကျကျ၊ ၁ သိန်းကျကျ၊ ၁ သန်းကျကျ ပေါ့ဗျာ ဒါလုပ်ရမှာပဲ။ ကျနော်ကတော့ အဲဒီလိုပြောတယ်။ အဲဒီတော့ ကျနော် အခု ခင်ဗျားမေးတဲ့ မေးခွန်း ဖြေချင်တာကတော့  ကျနော်တို့ကတော့ မကြောက်ဘူး၊ လုပ်မှာပဲ။ ဖမ်းမယ်ဆို ဖမ်းပါစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပေါ်မှာ ရပ်တည် ပြီးတော့ လုပ်တာလို့ ကျနော်တို့ကိုယ် ကျနော်တို့ ယုံကြည်ချက်လည်း ရှိတယ်။ အဲဒါပဲဗျ။

မေး။        ။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဇိုမီး အမျိုးသား ကွန်ဂရက်မှာ အားလုံး သဘောတူထားတဲ့ ပင်လုံညီလာခံ ခေါ်ဆိုရေး မူက ဖေဖော်ဝါရီလ လောက်မှာ ကျင်းပနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ နအဖရဲ့ ရွေးကောက်ပွဲသာ အောင်မြင်သွားမယ် ဆိုရင် ပင်လုံညီလာခံ ခေါ်ယူဖို့ အခင်းအကျင်းက တကယ် ဖြစ်ပေါ်လာနိုင်ပါ့မလား။

ဖြေ။      ။ အဲဒါတွေ အကုန်လုံးကတော့ စစ်အစိုးရ အောက်မှာ၊ စစ်ဖိနပ်အောက်မှာ နေရတယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ကတော့ ကိုယ့် အစီစဉ်နဲ့ လုပ်တာပဲ။ ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာကတော့ သူတို့ ဟန့်တားမှု အပေါ်မှာလည်း အများကြီး တည်မယ်။ လူတွေရဲ့ မကြောက်မရွံ့ ရင်ဆိုင်ခြင်း ပေါ်မှာလည်း တည်မယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာ ဘာလဲဆိုတော့ ကျနော်တို့ ဒီ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ကန့်ကွက်တယ် ဆိုတာက ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တာ မဟုတ်ဘူး။ ကျနော်တို့ဟာ ဒီ ၂၀၀၈ အခြေခံဥပဒေ ဆိုတဲ့အရာကြီးကို ကန့်ကွက်တာ။ ဒီ ၂၀၀၈ အခြေခံဥပဒေ ဆိုတာကြီးကို မွေးထုတ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ အဲဒီတော့ ကျနော်တို့ရဲ့ လုပ်ငန်းဟာမပြီးဘူး။ ဒီရွေးကောက်ပွဲပြီးသွားလည်း ကျနော်တို့က ရှေ့ဆက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ တည်မြဲနေသမျှ ကာလပတ်လုံး ရင်ဆိုင်ပြီး အခြေခံဥပဒေ ပျက်သုဉ်းသွားတဲ့အထိ သို့မဟုတ် ပြန်လည်ပြီးတော့ သုံးသပ်နိုင်တဲ့ အထိကတော့ ဆက်လုပ်သွားရမှာပဲ။ အဲဒါကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ပဲ။

ဒုတိယ ပင်လုံညီလာခံ ဆိုတာကို ကျင်းပရေးဆိုတဲ့ လှုပ်ရှားမှုဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ကျနော်တို့ ဆက်ပြီး လုပ်သွားရမယ့် ကိစ္စပဲ။ အဲဒါကြောင့်  ဒီတိုင်းရင်းသားတွေ စုပေါင်းပြီးတော့ စဉ်းစားနေကြတဲ့ အနီးစပ်ဆုံး အနေအထား ကတော့ ဖေဖော်ဝါရီလလောက်မှာ လုပ်မယ့် ပြည်ထောင်စုနေ့ ဖြစ်တဲ့အတွက် အဲဒီကာလကို ရည်မှန်းပြီးတော့ ဦးတည် ထားကြတယ်။ သို့သော်၊ ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ဒီနှစ်မဖြစ်ရင် ရှေ့လာမယ့်နှစ်တွေမှာ ဖြစ်အောင် လုပ်သွားရမှာပဲ။

ဒုတိယ ပင်လုံညီလာခံရဲ့ အခြေခံဖြစ်တဲ့ တန်းတူညီမျှခြင်း၊ ကိုယ်တိုင်ပြဋ္ဌာန်းမှုရှိခြင်း၊ နောက်တခုက ဒီ federal အခြေခံ ပေါ့ဗျာ။ ခွဲထွက်ရေးမဟုတ်တဲ့နိုင်ငံ၊ တပြည်ထောင် စနစ်မဟုတ်တဲ့ နိုင်ငံ၊ ပြည်ထောင်စု ဆိုတာ သူတို့ရဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ လုံးဝကို ဆန့်ကျင်တာ။ ကျနော်တို့က အဲဒီ ၂၀၀၈ အခြေခံ ဥပဒေမျိုးနဲ့ လုံးဝဆန့်ကျင့်တဲ့ အခြေခံ ဥပဒေမျိုး ခေါ်ဆိုရေး အထိ၊ သို့မဟုတ်ရင်လည်း ခုနကပြောတဲ့ federal ပြည်ထောင်စု ပေါ်ထွန်းတဲ့ ကာလအထိ ကျနော်ကတော့ ဆက်ပြီးတော့ ရုန်းကန်သွားရမှာပဲ။ အဲဒီတော့ ကျနော်တို့ရဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတဲ့ဟာက ဒီရွေးကောက်ပွဲကို  တိုက်ပွဲဆင်တဲ့လုပ်ငန်း၊ သာမန်လှုပ်ရှားမှုမျိုး မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အခြေခံနဲ့ ကျနော်တို့က လှုပ်ရှားတာဖြစ်တယ်။

နောက်တခုက ဒီရွေးကောက်ပွဲ တခုတည်းအပေါ်မှာတင် ကြည့်တာမဟုတ်ဘူး။ ရွေးကောက်ပွဲအလွန်၊ ရွေးကောက်ပွဲ အလွန်ရဲ့အလွန်၊ စသည်ပေါ့ဗျ။ post-election ကာလတွေမှာ ဆက်ပြီးတော့ ရုန်းကန် လှုပ်ရှားသွားရမယ့် နိုင်ငံရေး ရည်မှန်းချက်ဖြစ်တယ်။ အဲဒါကြောင့် ဒီလုပ်ငန်းကိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့တော့ အကောင်အထည် ဖော်မှာပဲ။ ဖြစ်နိုင်မယ်လို့လဲ ကျနော်တို့ ယုံကြည်တယ်ပေါ့ဗျာ။

မေး။      ။ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဆိုရေးကို NLD အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တချို့ ပါဝင် လက်မှတ် ရေးထိုးထားတာရှိတယ်။ တခြားသော တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ စိတ်ပါဝင်စားမှု တုံ့ပြန်မှုတွေရော ဘယ်လိုရှိနေလဲဗျ။

ဖြေ။      ။ တော်တော်တော့ ကောင်းတယ်လို့တော့ ယူဆတာပဲဗျာ။ သို့သော် ခက်တာက ဒီခေါင်းဆောင်တွေနဲ့ ကျနော်တို့ တွေ့ဆုံနိုင်ရေးကတော့ အခုထက်ထိ အခွင့်အရေး မရသေးဘူး။ ဆိုပါတော့၊ ရန်ကုန်မှာ ရှိနေတဲ့ နိုင်ငွေသိန်းတို့ နိုင်ထွန်းသိန်းတို့ ဘာတို့နဲ့ ကျနော်တို့တွေ့တယ်။ စသည်ဖြင့်ပေါ့ဗျာ။ သို့သော်၊ ကချင်မှာ ရှိတဲ့ ဒေါက်တာတူးဂျာတို့လို ပုဂ္ဂိုလ်မျိုးတွေ၊ အလားတူပဲ ရှမ်းပြည်မှာ ရှိနေတဲ့ ရှမ်းခေါင်းဆောင်တွေ၊ တချို့ကလည်း ထောင်ထဲမှာ ဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်တာ မရှိဘူး။ သို့သော် ပေါ်ထွက်နေတဲ့ အသံတွေကတော့ အများကြီး ကောင်းတယ်လို့ ယူဆပါတယ်။

နောက်တခုက ဒီကိစ္စမှာ NLD က အကြောင်းကြောင်းကြောင့် ရှေ့ဆုံးကနေပြီးတော့ လက်မှတ် ထိုးရတယ်။ ထိုးတဲ့ အကြောင်းကလည်း၊ တိုင်းရင်းသားတွေကိုယ်တိုင်က NLD ဟာ နိုင်ငံရေးတပ်ဦးမှာ ရှိနေတဲ့ အင်အားကြီး ပါတီဖြစ် ပါတယ်၊ ဒီလို တိုင်းရင်းသား တမျိုးသားလုံးနဲ့ တရပ်လုံးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းမှာတော့ NLD က ရှေ့ကနေထိုးပါဆိုလို့၊ တိုက်တွန်းလို့သာ ကျနော်တို့က ရှေ့ကထိုးရတာ။ ကျနော်တို့ရဲ့ အယူအဆအရတော့ ဒါဟာ NLD ရဲ့သီးသန့် လုပ်ငန်း မဟုတ်ဘူး။ တိုင်းရင်းသား အားလုံးရဲ့လုပ်ငန်း၊ ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံးရဲ့ လုပ်ငန်း ဖြစ်တယ်။ အဲဒီအထဲမှာ NLD ဟာ ပါဝင်မယ့် အင်အားတခု ဖြစ်မယ်။ ကြီးမားတဲ့ တွန်းအား တခုဖြစ်ရင်လည်း ဖြစ်မယ်။ ဘယ်လိုအင်အားပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ပါနေတာပဲ။ ကျနော်တို့ဘက်က တာဝန်ကိုတော့ ကျေအောင် ဆက်လုပ် သွားမှာပဲ။

တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြောချင်တဲ့ စကားကတော့ ကျနော်တို့တွေ အကုန်လုံး ရုန်းကန်ရမယ့် ဒီတာဝန် ကြီးတော့ ကျလာပြီ။ ဒီတာဝန်ကြီးအတွက် ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ အဆင်သင့်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီသဘောထားတွေ အားလုံးက ၁၉၈၉ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ပင်လုံမှာ ဖတ်ခဲ့တဲ့ စာတမ်းက အစပြုပြီးတော့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ပဲ လက်မှတ်ထိုးခဲ့တဲ့ မဲသဝေါထ စာချုပ်တို့၊ ဒေါ်အောင်ဆန်းစုကြည် မစ္စတာ ဂမ်ဘာရီနဲ့ ကမ္ဘာကို ပို့ခဲ့တဲ့ သဘောထား စာတမ်းတို့၊ ဆိုတဲ့ဟာမျိုးတွေ မှာလည်း ဒီသဘောထား ရှိနေတဲ့အတွက် ကျနော်တို့ကတော့ ဆက်လုပ်သွားပါမယ်လို့။ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးနဲ့ တွေ့နိုင်ခြင်းတော့ မရှိဘူး။ ဒါပေမယ့် သူတို့ဆီကနေ ပြန်ကြားနေရတဲ့ အသံတွေကတော့ အားတက်ဖွယ်ကောင်းတဲ့ အသံတွေပဲလို့ ကျနော်တို့ အဲဒီလိုပဲ ယူဆပါတယ်။

မေး။      ။ ဒီနအဖ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဝေဖန်ပြောဆို နေကြတယ်၊ ပြည်တွင်း အင်အားစုတွေကလည်း ဆန့်ကျင် ကန့်ကွက်ကြတယ်။ ဒါပေမယ့် စစ်အစိုးရက ဒီရွေးကောက်ပွဲကို မရရအောင် လုပ်သွားပြီး အရပ်သားအသွင်ပြောင်း အစိုးရ တက်လာခဲ့မယ်ဆိုရင်  NLD ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိလာမယ်လို့ မှန်းဆထားပါသလဲ။

ဖြေ။      ။  သူတို့ဟာသူတို့ အသွင်ပြောင်းတယ်ပဲ ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ်၊ နံပါတ်တစ်ကတော့ အရည်အသွေးပေါ့၊ ဒါမှမဟုတ်လည်း အနှစ်သာရအရ ဒီ ၂၀၀၈ အခြေခံဥပဒေကြီးမှာ အခြေတည်ပြီးတော့ အကောင်အထည် ဖော်သွားမယ့် အစိုးရတရပ် ဖြစ်တဲ့အတွက် အရပ်သား အစိုးရရယ်လို့ ပြောနိုင်ခြင်း မရှိဘူးလို့ ယူဆရမှာပဲ။ ဘာလို့လဲဆိုတော့ ဒီ ၂၀၀၈ အခြေခံ ဥပဒေဟာ အရပ်သား အခြေခံဥပဒေ၊ အရပ်သား နိုင်ငံရေးအခြေပြုတဲ့ ဥပဒေ ဟုတ်တယ်လို့ ဘယ်လိုမှ မယူဆဘူး။ ဒီအခြေခံဥပဒေရဲ့ ပင်မ မူဝါဒမှာကိုက တပ်မတော်က ဦးဆောင်ကဏ္ဍမှာ ပါမယ်ဆိုတာကို ပြောထားပြီးသား ဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံဘူး။

နောက်တခုကလည်း ပထမတုန်းကတော့ တပ်မတော်ကနေ ၂၅ ရာခိုင်နှုန်းနဲ့ အပိုင်စီးထားတယ်။ နောက်ပိုင်းကျတော့ နိုင်ငံတော်ရဲ့ ငွေတွေ၊ ပစ္စည်းတွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) လို လူမှုရေး အဖွဲ့ကြီး တခုလုံးကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းပြီးတော့ အရပ်သားအတွက် ကျန်တဲ့ ၇၅ ရာခိုင်နှုန်း မှာလည်း စစ်တပ်ကနေ အသွင်ပြောင်း ထားတဲ့ ပါတီကပဲ ဝင်ပြီး စီးလိုက်တဲ့အခါကျတော့ ကျနော်တို့က အရပ်သား အစိုးရ တက်လာဖွယ်၊ သတ်မှတ်ဖွယ် ရှိတယ်ဆိုတဲ့ အနေအထားမျိုး မရှိတော့ဘူးလို့ ယူဆတယ်ပေါ့ဗျာ။

ဒီအစိုးရလက်ထက်မှာ ဘာဖြစ်မလဲ ဆိုတော့ ကျနော်တို့ကတော့ ရှင်းတယ်၊ ကျနော်တို့ အနေအထားကတော့ ဘာလုပ်မလဲဆို နိုင်ငံရေး အလုပ်ပဲဆက်လုပ်မယ်။ ကျနော်တို့က အရေးတော်ပုံထဲက ပေါက်ဖွားလာတဲ့ ပါတီဗျ။  ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး၊ အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ ရည်မှန်းချက်များနဲ့ လူထု လှုပ်ရှားမှုကနေပြီးတော့ ပေါက်ဖွားပေးလိုက်တဲ့ ပါတီဗျ။ အဲဒီလိုပါတီ ဆိုတဲ့အခါကျတော့ ကျနော်တို့မှာ ဒီတာဝန်တွေက ဒီနေ့အထိ ဆက်ရှိနေတယ်။ ကောင်းပြီ ဒီတာဝန်တွေကို လုပ်တဲ့အခါမှာ ဘယ်လိုအခြေခံနဲ့ လုပ်မလဲ ဆိုတဲ့အခါကျတော့ ကျနော်က နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးပဲ လုပ်ရမှာပဲ။ နောက်တခုက ဒီမိုကရေစီ ပါတီတခုဖြစ်တဲ့အတွက် ဒီမိုကရေစီပုံစံနဲ့ပဲ လုပ်ရမှာပဲ။

နောက်တခါ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကြေညာခဲ့တဲ့အတိုင်း အကြမ်းမဖက်တဲ့ အနုနည်းနဲ့ ဒီမိုကရေစီ တည်ဆောက်ဖို့ လုပ်မယ်ဆိုတဲ့၊ တည်ဆောက်ခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အတွက် အကြမ်းမဖက်တဲ့ နည်းတွေနဲ့ပဲ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားရမယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့မှာ ဘာအခြေခံရှိပြီးတော့ ဘယ်လိုရပ်တည်မှာလဲ။ ပါတီတရပ် ဖျက်သိမ်းထားခံရပြီ ဆိုတဲ့ ပါတီက ဘာလုပ်မလဲလို့ မေးစရာရှိတယ်ပေါ့ဗျာ။ 

ဗမာနိုင်ငံရေးမှာ ပ သုံးလုံးရှိတယ်ဗျာ။ ပါတီတရပ်ကို ဖျက်သိမ်းလိုက်မယ် ဆိုလို့ရှိရင် ပြိုတယ်ဗျာ။ ပြိုတယ်ဆိုတာက ဟိုပါတီ ဒီပါတီပြေးပြီး ဝင်ကြတယ်။ နောက်တခုက ပါတီတခု ဖျက်သိမ်းခံရပြီဆို ပျောက်ကုန်တယ်ဗျ။ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်ဗျာ။ တချို့က သတင်းစာဆရာ လုပ်တယ်။ တချို့က စာရေးဆရာလုပ်တယ်။ တချို့က ကျောင်းဆရာ လုပ်တယ်။ တချို့က လယ်သမားလုပ်တယ် ဆိုတဲ့ပုံစံနဲ့ ပါတီဝင်တွေဟာ ပျောက်ကုန်တယ်။ နောက် ပ တလုံးကတော့ ပြေးတယ်ပေါ့ဗျာ။ တောထဲဝင်ပြေးတယ်။ သို့မဟုတ်လည်း တခြားနိုင်ငံကို ထွက်ပြေးတယ်ပေါ့ဗျာ။ အဲဒီတော့ ဒီ ပသုံးလုံး အခြေအနေကို ကျနော်တို့ ရင်မဆိုင်ရဘူးလားဆိုတော့ ရင်ဆိုင်ရတယ်။ ကျနော်တို့လည်း နိုင်ငံရေးပါတီကိုး။ သို့သော် ကျနော်တို့က ဒီမိုကရေစီ ပါတီလည်းဖြစ်တယ်။ နောက်ပြီးတော့ အင်အားကြီးတဲ့ ပါတီလည်း ဖြစ်တယ်။ နောက်တချက်က ကျနော်တို့မှာ တရားဥပဒေအရ အခြေခံက ကျနော်တို့ဘက်မှာ ရှိတယ်ဗျ။

ကျနော်တို့ဟာ ၁၉၈၈ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကနေပြီးတော့ မှတ်ပုံတင်ခဲ့တဲ့ ပါတီဗျ။ နောက်မှ သူတို့ဟာသူတို့  ဥပဒေတွေထုတ်၊ လုပ်လာတဲ့ဟာမှာ ထပ်မံ မှတ်ပုံတင်ရမယ် ဆိုတဲ့ဟာက ကျနော် တို့ဟာ ထပ်မံ မှတ်ပုံတင်စရာ မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေကြောင်းအရ ကျနော်တို့မှာ မှတ်ပုံတင်ပြီးသားကိုး။

အဲဒီတော့ ကျနော်တို့ဟာ တရားဝင်ပါတီတခု အနေနဲ့ ဒီနေ့အထိ ရှိတယ်လို့ ယူဆတယ်။ တရားဝင်တယ်။ ဒါကြောင့် ဒီတရားဝင်မှုကို တရားရုံးမှာလည်း ရင်ဆိုင်ထားတယ်။ ရင်ဆိုင်မှုကိုလည်း ပထမတခါပေးပြီးပြီ။ ကျနော်တို့ ရှေ့လျှောက်ဘာလုပ်မလဲ။ အရပ်သားအမည်ခံ စစ်အစိုးရရဲ့ လက်အောက်မှာ ဘယ်လိုလုပ်မလဲ ဆိုတော့  ဒီမိုကရေစီ တာဝန် အပြည့်အဝရှိတဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့အတိုင်း နိုင်ငံရေးဆက်ပြီးတော့ လှုပ်ရှားသွားမယ်။ ဆက်ပြီးတော့ ငြိမ်းချမ်းစွာ၊ ဒီမိုကရေစီနည်းကျစွာ လှုပ်ရှားသွားမယ်။ နောက်တခုက ကျနော်တို့ဟာ ဘာပဲပြောပြော တရားဝင်ပါတီလို့ ကိုယ့်ကိုယ်ကိုယ် ယူဆတဲ့အတွက် တရားဝင် ရပ်တည်မှုကို ဖြစ်တဲ့နည်းနဲ့ ရှာမယ်။ တရားရုံးမှာ ရှာမရရင် ဘယ်လိုလုပ်မလဲလို့ မေးဦးမယ်၊ တရားရုံးမှာ ရှာမရရင်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲလိုဟာမျိုးနဲ့ တောင်းမယ်။ 

ကျနော်တို့လိုပဲ တရားဝင် ပါတီအဖြစ်ကနေ ရပ်စဲခံထားတဲ့ ရခိုင်ပါတီ၊ မွန်ပါတီ၊ ရှမ်းပါတီ ဒါတွေ အတွက်လည်း ကျနော်တို့ စုလုပ်ရမှာပဲ။ အဲဒီအခါကျတော့ ကျနော်တို့ရဲ့ တရားဝင် ရပ်တည်ဖို့က အရပ်သားအမည်ခံ စစ်အစိုးရ လက်အောက် မှာလည်း ပေါ်လာမှာပဲ။ ဒီနေ့မပေါ် မနက်ဖြန်ပေါ်၊ မနက်ဖြန်မပေါ် သဘက်ခါ ပေါ်ရမှာပဲလို့ ကျနော်တို့ယုံတယ်။ အဲဒီယုံကြည်ချက်အတိုင်းပဲ ကျနော်တို့ လှုပ်ရှားသွားမှာပဲ။ အဲဒီရည်ရွယ်ချက်အတိုင်းပဲ တနေ့သောအခါမှာ တရားဝင် ပါတီအနေနဲ့ ပြန်လည်ရပ်တည်နိုင်မယ်လို့ ယုံကြည်တယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်