ပန်းချီ နေမျိုးဆေးနှင့် တွေ့ဆုံခြင်း

ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ သုဝဏ္ဏဘူမိ (Suvannabhumi Art Gallery) ပန်းချီ ပြခန်းတွင် ဒီဇင်ဘာ ၅ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ပြသနေသော “အငြိမ့်” အမည်ရှိ ပန်းချီပြပွဲနှင့် ပတ်သက်ပြီး ပန်းချီ နေမျိုးဆေးနှင့် တွေ့ဆုံ မေးမြန်း၍ ဧရာဝတီ ပရိသတ်အတွက် ဖော်ပြလိုက်ပါသည်။

မေး။     ။ ကိုနေမျိုး ဒီ အငြိမ့်ပန်းချီပြပွဲကို ဘာကြောင့် ပြဖြစ်ရတာလဲ ဆိုတာအရင် ပြောပြပေးပါ။

ဖြေ။     ။ အဓိကကတော့ ဒီ သုဝဏ္ဏဘူမိ ပန်းချီခန်းပိုင်ရှင် မမာမာနဲ့ ဆက်စပ်မိပြီး ပြဖြစ်တာပါ၊ ကျနော့်မှာလည်း တချို့ ဆွဲပြီးသား ပန်းချီကား တွေကလည်း ရှိနေတယ်၊ နောက်ပြီး ဒီချင်းမိုင်မှာလည်း မြန်မာ အသိုင်းအ၀န်း ကလည်းရှိတော့ သူတို့ကိုလည်း ပြချင်လို့ပါ၊ နောက်လည်း ပြပွဲတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

မေး။     ။ အငြိမ့် ပန်းချီကားတွေ ဘယ်လိုရေးဖြစ်လာသလဲဆိုတာကိုလည်း ပြောပေးပါဦး။

ဖြေ။     ။ ကျနော်က Subject (အကြောင်းအရာ) တော့ မရွေးဘူး၊ တခါတလေကျ Landscape (ရှုခင်း) တွေ ဆွဲဖြစ်တယ်၊ တခါတလေ ပန်းချီ ကိုဝင်းဖေမြင့် တို့နဲ့ တွေ့တဲ့အခါကျတော့ Still Life (သက်ငြိမ်) တွေ ဆွဲဖြစ်တယ်၊ ပန်းတွေ အသီးတွေ ဆွဲဖြစ်တာပေါ့၊ ပန်းအိုးတွေ ဘာတွေဆွဲ၊ တခါတလေ အောက်ဒိုးထွက်ရင် လည်း  Landscape တွေ ဆွဲတယ်။

ဒါနဲ့ ကျနော်က စိတ်ထဲမှာ စိတ်ဝင်စားမှုဆိုတာကို ကိုယ့်ဘာကိုယ်ပြန်စဉ်းစားကြည့်တာလေ၊ ကျနော်က လူပုံတွေ ဘာတွေလည်း ဆွဲတယ်၊ အဲဒီလူပုံတွေ Figurative ပေါ့၊ ဆွဲရင် ကျနော်က ပိုသဘောကျတယ်လို့ ကိုယ့်ဟာ ကိုယ် ထင်တယ်၊ အဲဒီတော့ လူပုံတွေများများဆွဲဖြစ်တယ်၊ ဆွဲဖြစ်တဲ့ အခါကျတော့၊ ကျနော် စစခြင်း Portrait (ပုံတူ) တွေဆွဲတာကိုး၊ အဲဒီကများ လူပုံဆွဲတာကို စိတ်ဝင်စားသွားလားမသိဘူး။

အဲဒီလို လူပုံတွေဆွဲဖြစ်ရင်းကနေ ကျနော် အငြိမ့်မင်းသမီးတွေကို သွားပြီးသဘောကျတယ်၊ သူတို့မှာ လှုပ်ရှားတဲ့ ဟန်ပန်တွေလည်း ရှိတယ်၊ ပြီးတော့ ကျနော့်စိတ်ထဲမှာ သူတို့အ၀တ်အစား မင်းသမီး အ၀တ်အစားကို သဘော ကျတယ်၊ အချိတ်ထဘီလေးနဲ့ ခေါင်းမှာ ပန်းတွေ ပန်ထားတာ၊ လက်ကောက်တွေ ဆွဲကြိုးတွေ၊ နားကပ်တွေ၊ အဲဒါမျိုးတွေ ဆွဲရတာ ကျနော့် စိတ်ထဲမှာ မင်းသမီးက တကယ်ကို စိတ်ကျေနပ်စရာကောင်းတယ်၊ ဆွဲချင် စရာတွေ အများကြီး၊ ဘက်ဂရောင်း တွေလည်း ထည့်လို့ရတယ်၊ အဲဒါနဲ့ ကျနော် မင်းသမီးကို အများကြီးဆွဲဖြစ် သွားတာ၊ တောက်လျှောက် မင်းသမီးတွေကို ဆွဲဖြစ်လာတာ။

ဆွဲဖြစ်လာရင်းနဲ့ တခါတလေကျလည်း Nude painting (အ၀တ်မပါ အလှပြပုံ) တွေ ဆွဲဖြစ်တယ်၊ ကျနော် အကုန်လုံး တော့ဆွဲတယ်၊ Figurative painting ကို စိတ်ဝင်စားမှု ပိုများတယ်၊ ၂၀၀၁ လောက် က စဆွဲတာ၊ အရင် Portrait တွေဆွဲပြီးတော့ မင်းသမီး တွေ ဆွဲတာပဲ။  

ဒါပေမယ့် ခရီးထွက်ရင်တော့ ခရီးထွက်တိုင်း Landscape တွေ ဆွဲတယ်၊ Sketch (ပုံကြမ်း)ဆွဲတယ်၊ Landscape က ရန်ကုန်မှာ နေရင် တခါတလေမှ ဆွဲဖြစ်တယ်၊ ခရီးထွက်ရင်တော့ ဆွဲတယ်၊ ဒီအတိုင်းနေရင်တော့ ဆွဲခဲတယ်။

မေး။     ။ ကိုနေမျိုး အငြိမ့်ပန်းချီကားတွေကို ဆွဲတဲ့အခါမှာ ပရိသတ်ကို ဘာ အသိပေးစေချင်တာပါလဲ၊ အလှကို သိစေ ချင်တာလား၊ တွေးစေချင်တာလား၊ ဦးစားပေး အသိပေးချင်တာရှိလား။

ဖြေ။     ။ ပန်းချီမှာက Technique (နည်းပညာ) တွေ Method (နည်းလမ်း)တွေကို ဦးစားပေးလွန်းတဲ့ ပန်းချီကား တွေရှိတယ်၊ တချို့တွေကျ တော့ အဲဒါ တွေကို သိပ်ဦးစားမပေးဘဲနဲ့ တခြားအပိုင်းတွေကို ဦးစားပေးတာရှိတယ်၊ ပန်းချီ ဆရာ တယောက်မှာ အတတ်ပညာတခုကို ကျွမ်းကျင်အောင် တတ်တယ်၊ အဲဒီလို တတ်တာကို ပန်းချီကား ထဲမှာ အတတ်ပညာတွေချည်း များတဲ့ ကားတွေရှိတယ်၊ တချို့ကျတော့ အဲဒီ အတတ်ပညာရဲ့အပ ကိုယ့်ကိုယ်ထဲ မှာ ရှိတဲ့ စိတ်ကို ၊ ပြောပြရလည်းခက်တဲ့ ၊ ရှင်းပြရလည်း ခက်တဲ့ တချို့ဟာတွေ ရှိတာပေါ့၊ ကျနော် အဲဒီဘက်ကို အားလေး နည်းနည်း စိုက်ပြီးတော့ ပန်းချီကားတွေကို ဆွဲတယ်။

အားစိုက်တယ် ဆိုတာက ကျနော် စကားအဖြစ် ပြောရတာ၊ အဲဒီ Technique တွေ Method တွေကို အလေး မထား ဘဲနဲ့ စိတ်ခံစားမှုအပိုင်း၊ အဲဒီ စိတ်ခံစားမှုအပိုင်းကိုလည်း အတိအကျ ပြောလို့မရသေးဘူး၊ တခြား အပိုင်း တွေရှိသေးတယ်၊ မမြင်ရတဲ့ အပိုင်း ရှင်းပြလို့ မရတဲ့ အပိုင်းတွေလေ၊ သိစိတ်နဲ့ မသိစိတ်လိုမျိုးပေါ့။

အတတ် ပညာတွေ အကုန်လုံးက သိစိတ်နဲ့ လုပ်တာ၊ အဲ မသိစိတ်လို့ ပြောရမလား သတိမထားမိတဲ့ စိတ်လို့ ပြောရမလား၊ အဲဒါမျိုး စိတ်တွေ ရှိသေးတယ်၊ အဲဒီဘက်အပိုင်းတွေကို ပိုပြီးတော့ အတတ်ပညာဘက်ကို လျှော့ပြီး ဆွဲတာများတယ်၊ အခုနောက်ပိုင်းဆွဲတာတွေပေါ့။

မေး။     ။ အငြိမ့်(၁) ၊ အငြိမ့် (၂) နဲ့ အငြိမ့်(၅)လို့အမည်ပေးထားတဲ့ မင်းသမီး မင်းသားစုံတွဲ ပန်းချီကားတွေက ကြည့်တဲ့သူ စိတ်မှာ ပျော်ရွှင် သွက်လက်သွားသလိုပဲ၊ အဲဒီကားတွေကိုရော ဘယ်လိုဆွဲဖြစ်သွားတာလဲ။

ဖြေ။     ။ တချို့ကားတွေ ကျနော်ဆွဲတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါး ဆွဲတာရှိတယ်၊ ဘာဖြစ်ရမယ် ဘယ်လိုကောင်း ရမယ် ဆိုတာ ကျနော့်စိတ်ထဲမှာ မရှိဘူး၊ လုပ်ချင်တဲ့အလုပ်တခုကို အဲဒီအချိန်မှာ အရိုးဆုံးနဲ့အရှင်းဆုံး ကျနော် လုပ်လိုက်တာပဲ၊ အဲဒါ ငါ ရိုးရမယ်၊ ရှင်းရမယ်ဆိုတဲ့ စိတ်လည်း မရှိဘူး၊ ကျနော် ပန်းချီကားပြီးတော့မှသာ သုံးသပ် သူနဲ့တွေ့လို့ ပြောဖြစ်တာ၊ အဲဒီ အချိန်မှာ ကျနော် သုံးသပ်မှုလည်း မရှိဘူး၊ အဲဒီကားက ဘာဖြစ်ပါစေဆိုတဲ့ စိတ်လည်း မရှိဘူး၊ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လိုက်တာပဲ၊ ကားပြီးသွားတော့မှသာ ကိုယ့်ဟာကိုယ် ဒါလေးက တော့ ရှင်းလင်းတယ် ပေါ့ပါးတယ်လို့ ပြန်ပြောမိတာ။

မေး။     ။ အခု အငြိမ့်ပန်းချီပြပွဲမှာ ထူးခြားတယ်လို့ ပြောရမလား၊ နာတရိ ပူဂျာ့ (Natri Puja)လို့ အမည်ပေးထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပုံ ကြီးကြီးနဲ့ အငြိမ့်မင်းသမီး ပုံ သေးသေး တွဲဆွဲထားတဲ့ ပန်းချီကား ၂ ကား တွေ့တယ်၊ ဘယ်လို ဆွဲဖြစ်တယ်ဆိုတာကို နာမည်က အစ နည်းနည်းရှင်းပြပေးပါဦး။

ဖြေ။     ။ နာတရိ ပူဂျာ့ ဆိုတာက ဆရာပါရဂူ ပြောပြတဲ့ ပါဠိ လို ပေးထားတဲ့နာမည်ပါ၊ အဓိပ္ပာယ်ကတော့ အက အနုပညာ နဲ့ ဗုဒ္ဓဘုရားကို ပူဇော်တာလို့ အဓိပ္ပာယ်ရပါတယ်။

နာတရိ ပူဂျာ့ လို ကားမျိုးကြတော့ ပထမ ဦးဆုံး ဖွဲ့စည်းပုံအရေးကြီးပါတယ်၊ ဘုရား နဲ့ မင်းသမီးမှာ ဘုရားကို ဘယ်လောက်လောက် အကြီးကြီးထားမလဲ၊ မင်းသမီးကို ဘယ်လောက်ထားမလဲ၊ အဲဒါမျိုးတွေကို ပထမ ဦးဆုံး စပြီးစဉ်းစား ရတာပေါ့။

တချို့ ကားတွေ ကျနော် အလွတ်ဆွဲတာတွေ များတယ်၊ တခါတလေ Sketch တောင် မကောက်ဘူး တန်းပြီးဆွဲ တာ၊ ဘာမှ ရာထားတာ မရှိဘဲ တန်းဆွဲတာ၊ အဲဒီအချိန်မှာ မင်းသမီးနဲ့ မင်းသား ဘယ်လိုဆိုတာ တခါတလေကျ စဉ်းတောင် မစဉ်းစားမိဘူး၊ ဆွဲရင်းနဲ့ ဒီနားမှာ မင်းသမီး ဒီနားမှာ မင်းသား ထည့်လိုက်လုပ်ဖြစ်တာ ၊တချို့ဟာတွေ က Sketch ရှိတယ်၊ တချို့ မရှိဘူး။

နာတရိ ပူဂျာ့ ကျတော့ နဂိုကတည်းက ပြင်ဆင်မှု ရှိတယ်၊ မင်းသမီးလေးကို ဘယ်လောက် ဆိုဒ်ပဲ ထားမယ်၊ ဘုရားကိုကျတော့ ဘယ်လောက်ကြီးအောင်ထားမယ် ဆိုပြီးတော့ပေါ့၊ တခြားအငြိမ့်ကားတွေထက်စာရင်တော့ ပိုပြီးလေးနက်တဲ့ သဘောပါဝင်တယ်။

ကျနော့် ပန်းချီးကားမှာ မီးနင်းဆိုတာကို ဘယ်တော့မှ မထည့်ဘူး၊ ဘာကိုဆိုလိုချင်သလဲဆိုတာ ဘယ်တော့မှ မပါ ဘူး၊ ကျနော် ဘာကိုမှ မဆိုလိုချင်ဘူး၊ အဓိကက ပန်းချီဆွဲတာပဲ၊ အဲဒီနောက်ကွယ်မှာ ဘာမှ မရှိဘူး၊ ပန်းချီကား ပြီးသွားရင်တော့ ပြန်စဉ်းစားလို့ရတယ်၊ ဆွဲတဲ့ အချိန်မှာ မီးနင်း သိပ်မရှိဘူး။

ဆိုလိုချင်တာမရှိဘူး၊ ရည်ရွယ်ချက်လေးတော့ ရှိတာပေါ့၊ ဘုရားနဲ့ မင်းသမီးနဲ့ ဆွဲမယ်၊ အဲဒီ ကားကို ဆူပွက်နေတဲ့ အရသာမျိုး ပန်းချီကားကို မပေးချင်ဘူး၊ ကားတိုင်းမှာ အခုပြောတာတွေကို ထည့်ပြီးဆွဲတာမဟုတ်ဘူး၊ နဂို ကတည်း က ရှိပြီးသား၊ ဆူပွက်နေတဲ့ အရသာမျိုးမလိုချင်ဘူး၊ ငြိမ်သက်နေတဲ့ အရသာမျိုးလိုချင်တယ်၊ ငြိမ်နေတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ရမယ်၊ ဘုရာနဲ့ မင်းသမီးကြားမှာ အေးချမ်းတဲ့ ပတ်ဝန်းကျင်လေး ဖြစ်ရမယ်၊ နောက် တခုက ဘုရားနဲ့ မင်းသမီးမှာ နည်းနည်းလေး အဆက်အသွယ်လေး တခုရှိရမယ်၊ ဘာလဲတော့ ကျနော်လည်း မသိဘူး၊ ချိတ်နေတာလေး တခုရှိရမယ်။

တခါတလေ ပုဂံဘုရားတွေထဲ ၀င်သွားတဲ့အခါ အေးသွားတဲ့ အရသာမျိုးရတယ်လေ၊ အဲဒီလို အေးချမ်းမှုလေး ရအောင်တော့ နာတရိ ပူဂျာ့ မဆွဲခင်ကတည်းက စိတ်ကူးထားတယ်၊ လုပ်တိုင်း လုပ်တိုင်းမှာ အဲဒါမျိုးလေးတော့ ပါအောင် လုပ်တယ်။

မေး။     ။ ကိုနေမျိုးကို အခု ပန်းချီပြပွဲနဲ့ တိုက်ရိုက်မဆိုင်တဲ့ မေးချင်တာရှိတယ်၊ ကိုနေမျိုးက ပန်းချီနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အတွေ့အကြုံလည်း အများကြီးရှိထားတာဆိုတော့ နိုင်ငံတကာနဲ့ မြန်မာ့ပန်းချီ လောကအပေါ် အမြင်လေး ပြောပြပါဦး။

ဖြေ။     ။ မြန်မာ ပန်းချီလက်ရာတွေက တော်တော်ကောင်းကြပါတယ်၊ နိုင်ငံတကာနဲ့ ကောင်းကောင်း ယှဉ်ပြိုင်နိုင် တယ်၊ ဒါပေမယ့် ပန်းချီ အနုပညာဆိုတာကတော့ ယှဉ်ပြိုင်စရာမဟုတ်ပါဘူး၊ မြန်မာပြည်မှာ လက်ရာကောင်းတဲ့ လူတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် နိုင်ငံတကာ ပန်းချီပြပွဲတွေရောက်ရင် တခါတည်း အံ့မခန်းကြည့်ရတယ်၊ သူတို့ရဲ့ စိတ်ကူးတွေပေါ့။

စိတ်ကူးတွေဟာ ကြောက်စရာကောင်းလောက်အောင် ပွင့်လင်းလွန်းအားကြီးတယ်၊ သူတို့က လုပ်ချင်ပြီဆိုတာနဲ့ ဖြစ်သွားပြီ၊ ကျနော် ဆိုရင် လုပ်ချင်တာတွေရှိတယ်၊ ကိုယ်ထဲမှာတင်ပျောက်သွားတယ်၊ စက္ကူလေး လေထဲကို လွှင့်မယ် ဆို သူတို့က လွင့်နေပြီ၊ ရေထဲ မျှောမယ်ဆို မျောနေပြီ၊ အဲဒီလိုမျိုး သူတို့က စိတ်ထဲမှာထင်တာတွေ ဖြစ် နေတယ်လို့ ခံစားရတယ်၊ သူတို့ ပြပွဲတွေကြည့်ရတာ အရမ်းကို သဘောကျပြီးကျေနပ်သွားတယ်၊ ဟာ ကောင်း လိုက်တာကွာပေါ့၊ ကျနော်တို့ ဆီမှာ အကြံအစည်ပဲ ရှိတယ်၊ ဘာမှ ဖြစ်မလာဘူး၊ ကိုယ့်ဟာကိုယ်တော့ အဲဒီလို ခံစားရတယ်။

မေး။     ။ ကိုနေမျိုးက ပန်းချီဆရာ၊ တေးရေး တေးဆို၊ အားကစား ဂျာနယ်နဲ့ မဂ္ဂဇင်းထုတ်ဝေသူ၊ ပြီးတော့ မစ္စတာ ဂစ်တာဆိုတဲ့ စားသောက်ဆိုင်လည်း လုပ်နေသူဆိုတော့ အဲဒီ အလုပ်တွေကို လုပ်တဲ့အခါမှာ စိတ်ကို ဘယ်လို ထားတယ်၊ အလုပ် ဘယ်လိုလုပ်တယ် ဆိုတာ အကျဉ်းချုပ် ပြောပြပေးပါလား။


ဖြေ။     ။ ကျနော့်ကို စိတ်အေးတယ်လို့ သူများတွေက ပြောကြတယ်၊ ဒါပေမယ့် ကျနော့်ဘာသာ ပြန်စဉ်းစားကြည့် တော့ ကျနော်က စိတ်မြန်တဲ့လူ တယောက်ပါ၊ တခုခုကို လုပ်ချင်ရင် အားစိုက် ခွန်စိုက် လုပ်တာ၊ ကျနော် ည လည်း မအိပ်ဘူး၊ ကျနော် အဲဒါကို တကူးတက ပင်ပင်ပန်းပန်းကြီး လုပ်နေတာမဟုတ်ဘူး၊ ကျနော် ဒေါသလည်း ကြီးတယ်။

အခုနောက်ပိုင်းကျတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို လေ့လာမိလာတယ်၊ အရင်တုန်း ကတော့ မိရိုးဖလာ ဗုဒ္ဓ ဘာ သာပေါ့၊ နောက်တော့ ကိုယ်တိုင်သက်ဝင်သူတယောက်ဖြစ်လာတယ်၊ အဲဒီ ဗုဒ္ဓအဆုံးအမတွေနဲ့ ကျနော် စိတ် နည်းနည်းအေးလာတယ်။

လုပ်ငန်းတွေ လုပ်တဲ့အခါမှာတော့ ကျနော်က ကံကောင်းတယ်လို့ ပြောရမယ်၊ ကျနော့်ကို လုပ်ပေးတဲ့ လူတွေရှိ တယ်၊ ကျနော့်အမေက အစပေါ့၊ အမေက အခုထိ လုပ်ပေးနေတုန်း၊ ပိုက်ဆံ ကိစ္စအတွက် ကျနော်တခါမှ ရေရေ ရာရာ မပါခဲ့ဖူးဘူး၊ ကျနော်ပါတာက အနုပညာနဲ့ ဆိုင်တဲ့ အပိုင်း တွေ၊ ဆိုင်အပြင်အဆင်တို့ ဘာတို့ပေါ့၊ ကျနော် ကိုယ်တိုင် တခါမှ ပိုက်ဆံရေမကြည့်ဖူးဘူး၊ မန်နေဂျာတို့ ဘာတို့ သူတို့တွေပဲ ပိုက်ဆံရေတာ ကိုင်တာ၊ ဘယ် လောက်ဝင်တယ်၊ ရတယ်ဆိုတာ ကျနော် အသေအချာမသိဘူး၊ လုပ်ငန်း ကတော့ အခုထိ လည်ပတ် နေပါတယ်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်