ပင်လုံကဲ့သို့သော ညီလာခံတခု ကျင်းပသင့်

ပြည်ပရောက် ကချင်များနှင့် ပြည်တွင်းရှိ ကချင်ခေါင်းဆောင်များ ဆွေးနွေးမှု ရလဒ်အဖြစ် ကချင်အမျိုးသား အဖွဲ့ (Kachin National Organization-KNO) သည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ပေါ်ပေါက်လာသည်။ KNO အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် အခြေစိုက်ပြီး အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ တရုတ်၊ တောင် ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများတွင်လည်း ရုံးခွဲများထားရှိကာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ တန်းတူ အခွင့်အရေး ရရှိရေး၊ ဒီမိုကရေစီရေး တို့အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Kachin-National-Organization-KNOKNO ၏ လှုပ်ရှားမှုနှင့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) တို့၏ ပူးပေါင်း ဆောင်ရွက်မှု၊ ဒုတိယ ပင်လုံညီလာခံအပေါ် သဘောနှင့် လက်ရှိ နိုင်ငံရေး အခြေအနေတို့အပေါ် အမြင်တို့ကို KNO ဥက္ကဋ္ဌ ဒူဝါ ဘွမ်ဝမ် လရော် (Du Wa Bawm Wang La Raw) နှင့်တွေ့ဆုံ၍ ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်းက မေးမြန်းထားပါသည်။

မေး ။    ။ KNO နဲ့ ကချင်လူမျိုးကို ကိုယ်စားပြုထားတဲ့ KIO တို့ရဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။    ။ ကချင်အမျိုးသား လွတ်မြောက်ရေးနဲ့ ဗမာပြည်ကြီးက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့အတွက် ကျနော်တို့ အဖွဲ့က KIO နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားဖို့ သဘောတူထားတယ်။

မေး ။    ။ KNO အဖွဲ့က ဘယ်လိုမျိုး လှုပ်ရှားနေတာလဲ။ ဘယ်လို နည်းလမ်းတွေ ချမှတ်ထားလဲ။

ဖြေ ။    ။ ကျနော်တို့အဖွဲ့က နဂိုတည်းက ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို တခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိတယ်။ ပြီးတော့ Majority ဖြစ်တဲ့ ဗမာလူမျိုးတွေ၊ ဒီမိုကရက်တစ်တွေနဲ့လည်း စုစုစည်းစည်းနဲ့ ကျနော်တို့ မြန်မာပြည်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် ပေါ်ထွန်းလာဖို့ ကျနော်တို့တွေ ကြိုးစားနေပါတယ်။

မေး ။    ။ KIO ကတော့ ဒုတိယအကြိမ် ပင်လုံညီလာခံလို ညီလာခံတခု ခေါ်ယူကျင်းပရေးကို သဘောတူထားတယ်။ KNO အနေနဲ့ကရော။

ဖြေ ။    ။ အခုလက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ နိုင်ငံက ပင်လုံစာချုပ်ကို အခြေခံပြီးမှ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒါပေမယ့် ကြာလာတဲ့အခါမှာ ဗမာနိုင်ငံရေးခေါင်းဆောင်တွေက ပင်လုံစာချုပ်ထဲမှာပါတဲ့ အချက်တွေနဲ့ ဆန့်ကျင်တာတွေကို လုပ်နေလို့ ကျနော်တို့ တိုင်းပြည်ကြီးက အားလုံးသိတဲ့ အခုလက်ရှိ အခြေအနေကို ရောက်နေရတာဖြစ်တယ်။ တယောက်နဲ့ တယောက် စိတ်ဝမ်းတွေကွဲပြီး ပြည်တွင်းစစ်တွေ ဖြစ်ရတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့ကိုတော့  ပင်လုံစိတ်ဓာတ်ရှင်သန်ရေးကို အရင်ဆုံး ပြန်သွားကြရမယ်။ ဒါပေမယ့် မူရင်း ပင်လုံစာချုပ်ထဲမှာပါတဲ့ အချက်တွေအတိုင်း ပြန်တူချင်မှတူမယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေအားလုံး စုပေါင်းပြီးမှ ကျနော်တို့နိုင်ငံအတွက် အသင့်တော်ဆုံး အစိုးရ၊ အသင့်တော်ဆုံး ဥပဒေတွေ ပေါ်ထွန်းလာဖို့ ကျနော်တို့ တိုင်းရင်းသားတွေအပါအဝင် ဗမာလူမျိုးတွေပါ ပင်လုံညီလာခံကဲ့သို့သော ညီလာခံတခု ပြန်ကျင်းပကြရမယ်။ အဲလိုလုပ်မှပဲ ကျနော်တို့ နိုင်ငံကို ပြန်ပြီး ထူထောင်နိုင်လိမ့်မယ်ဆိုတဲ့ ခံယူချက် ကျနော်တို့ဆီမှာရှိတယ်။ အဲဒါကြောင့်မို့လို့ ပင်လုံကဲ့သို့သော ညီလာခံတခုကို ခေါ်ယူကျင်းပမှသာလျှင် ကျနော်တို့တိုင်းပြည်အတွက် စစ်မှန်တဲ့ အစိုးရအသစ် ပေါ်ထွန်းလာမှာဖြစ်တယ်။

မေး ။    ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ အစိုးရအဖွဲ့သစ်အတွက် သမ္မတရော ဒု သမ္မတတွေကိုပါ ရွေးချယ်လိုက်တယ်။ သူတို့ ရွေးချယ်ထားတဲ့သူတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့အစိုးရလား၊ ဘယ်လိုမြင်လဲ။

ဖြေ ။    ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ ဒီအစိုးရကို ဖွဲ့စည်းခြင်း၊ သမ္မတ ရွေးချယ်ခြင်းတွေက နိုင်ငံအတွက် အဓိက မကျဘူး၊ အဓိက က သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ အခု သမ္မတတွေက စစ်ဝတ်စစ်စားလဲပြီး ပြန်ဝင်လာပေမယ့်လည်းပဲ သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ လုပ်ဆောင်ကြရမှာပဲ။ ဒီအခြေခံ ဥပဒေဆိုတာကလည်း အားလုံးသိတဲ့အတိုင်းပဲ စစ်အစိုးရရဲ့ အာဏာရှင်သက်တမ်းကို ရှည်အောင်လုပ်ပေးနေတဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူတွေပဲ သမ္မတ ဖြစ်လာဖြစ်လာ ကျနော်တို့ တိုင်းပြည်ကတော့ ဘာမှထူးခြားဦးမှာ မဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းရေးကို အစိုးရအဖွဲ့အသစ်ကလည်း ဖြေရှင်းနိုင်ဦးမှာမဟုတ်ဘူး။

ဒါပေမယ့်သူတို့ တကယ်တမ်း လုပ်ချင်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ပြန်ပြင်ရလိမ့်မယ်။ အဲဒါကို မပြင်ဆင်ခင်မှာ ကျနော်တို့ တိုင်းရင်းသားအားလုံး၊ ပြည်သူလူထုကို တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပင်လုံညီလာခံကဲ့သို့ သော ညီလာခံ နောက်တခု ခေါ်ယူကျင်းပရေးကို ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်တယ်။ အဲဒါမှပဲ ပြည်သူလူထုတွေ အမှန်တကယ် လိုအပ်နေတာတွေကို ဒီ ညီလာခံကနေတဆင့် သိရှိနိုင်မှာဖြစ်တယ်။

မေး ။    ။ ပင်လုံညီလာခံလို နောက်ထပ်ညီလာခံတခု ခေါ်ယူကျင်းပရေးဆိုတဲ့ ကိစ္စမှာ KNO အနေနဲ့ ဘာတွေ လုပ်ဆောင် နေတာရှိလဲ။

ဖြေ ။    ။ ကျနော်တို့ အဖွဲ့အစည်းက ကချင်အဖွဲ့အစည်းဆိုတော့ တခြားတိုင်းရင်းသား အဖွဲ့တွေကို ဦးဆောင်ဖို့ ကျနော်တို့အနေနဲ့ အခက်အခဲရှိတယ်။ အဲဒါကြောင့်မို့ တိုင်းရင်းသားအားလုံးကို ဦးဆောင်နိုင်တဲ့အဖွဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဦးဆောင်မယ်ဆိုရင် ကျနော်တို့က တခဲနက် ထောက်ခံတယ်။ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ လောလောဆယ် ကျနော်တို့အဖွဲ့အစည်း လုပ်ဆောင်နေတာကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ ရှိတဲ့ ကျနော်တို့ ကချင်လူထုတွေအနေနဲ့ သူတို့တွေ ရရှိရမယ့်၊ ရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို အခန်းကဏ္ဍမျိုးမှာ ရပ်တည်သင့်လဲဆိုတာကို ကျနော်တို့အဖွဲ့အစည်းက ပြည်တွင်းမှာရော ပြည်ပမှာပါ လှုပ်ရှားဆောင်ရွက် နေပါတယ်။

မေး ။    ။ တချို့နိုင်ငံရေးလေ့လာသူတွေက အပြောင်းအလဲဆိုတာ လွှတ်တော်ထဲကပဲလာမယ်လို့ ယုံကြည်ထားတဲ့သူတွေ ရှိသလို တချို့ကလည်း လက်နက်ကိုင်တိုက်မှ ရမယ်လို့ ပြောနေကြလို့ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါကိုရော ဘယ်လိုမြင်လဲ။

ဖြေ ။    ။ အဲဒါကတော့ ဘယ်သူတွေက ဘယ်လိုပဲ ယုံကြည် ယုံကြည် ကိုယ့်ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်က အပြောင်းအလဲ လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့သူတွေ အတွက်တော့ သူတို့ ယုံကြည်တဲ့ လွှတ်တော်ထဲမှာ တကယ့်အပြောင်းအလဲကို လိုချင်တဲ့ ကိုယ်စားလှယ်တွေ ပါသလားဆိုတာ ပထမဆုံး မေးခွန်းထုတ်ရမယ့် အချက်ပဲ။ တဘက်ကလူက လက်နက်အားကိုးနဲ့ အနိုင်ထက်စီးနင်း ပြုလုပ်နေတယ်ဆိုရင်တော့ အနည်းဆုံး ကိုယ့်ဘက်ကလည်း လက်နက်တော့ ကိုင်ရမယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်၊ သေ၊ ကျေ၊ ဒဏ်ရာရတာကိုတော့ ဘယ်သူမှမလိုချင်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့အဖွဲ့အစည်းကို လာပြီးထိခိုက်နေမယ်ဆိုရင်တော့ လက်နက်နဲ့ပဲ အကာအကွယ်ပေးရမယ်။ ကျနော့်အမြင်ကတော့ စားပွဲပေါ်မှာ ဆွေးနွေးနေတာလည်း ဆွေးနွေးရမယ်၊ လူထုကလည်း လုပ်စရာရှိတာ လုပ်ရမယ်၊ လက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့ရဲ့ အလုပ်တွေကို တပြိုင်နက်တည်း လုပ်နေရမယ်။ လူတိုင်းလူတိုင်းက ကိုယ်လုပ်စရာရှိတာကို တခြားသူတွေနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှပဲ ကျနော်တို့ လိုချင်နေတဲ့ ပန်းတိုင်ကို ရရှိမှာ ဖြစ်တယ်။

မေး ။    ။ KIO ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက သောင်းကျန်းသူလို့ ပြန်လည် ခေါ်ဆိုလိုက်တယ်။ KNO နဲ့လည်း အဆက်အဆံ ရှိတယ်ဆိုတော့ KIO ကို ဘာတွေအကြံပေးချင်လည်း။ ဘယ်လိုမျိုးတွေလုပ်ပါလို့ တိုက်တွန်းချင်လဲ။

ဖြေ ။    ။ KIO ကတော့ ကချင်လူထုအတွက် အဓိကဦးဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်။ အဲလို တော်လှန်ရေး လုပ်လာတာကလည်း နှစ်ပေါင်း ၅၀ ရှိသွားပြီ။ အခုလိုမျိုး သောင်းကျန်းသူလို့ ပြန်လည် အခေါ်ခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ တွေဝေနေဖို့ မလိုဘူး။ အရင်ကတည်းက လုပ်လာသလိုမျိုး ပြည်သူအတွက်ကိုပဲ ဆက်လုပ်သွားရမယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့လည်းပဲ ၁၆ နှစ်လုံးလုံး ဆွေးနွေးခဲ့ပြီးပြီ။ ဒါပေမယ့် ဘာတခုမှ အရာမထင်လာဘူး၊ ဆိုတော့ KIO နည်းတူပဲ စစ်အစိုးရကို တော်လှန်နေတဲ့ ပြည်တွင်းက အင်အားစုတွေနဲ့ရော ပြည်ပက အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီးတော့ ဆက်လက်တိုက်ပွဲဝင်ပါလို့ပဲ ကျနော်အကြံပေးချင်ပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်